ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း တစ်နိုင်ငံလုံးအား ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးပေးမည်

ပို့စ်တင်ချိန် - 11/22/2013 11:02:00 AM

စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ မီးပျက်နေမှုမြင်ကွင်း (ဓာတ်ပုံ-ဝေလင်းအောင်)

မြန်မာနိုင်ငံမှ ဒီဇင်ဘာလအတွင်း လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း တစ်နိုင်ငံလုံးအား ၂၄ နာရီ လျှပ်စစ်မီး အပြည့်အ၀ ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် လက်ခံကျင်းပမည့် နေရာများမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

''ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး တစ်ခုလုံးကိုလည်း ၂၄ နာရီ မီးဖြန့်ဝေ ပေးသွားလို့ရတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့်လည်း ၂၄ နာရီ ပေးသွားလို့ရတယ်။ လိုအပ်တဲ့ အပိုင်းတွေလည်း အပြည့်အ၀ ရှိပါတယ်။ ပြိုင်ပွဲကာလမှာ ၂၄ နာရီ လျှပ်စစ်မီးပေးဖို့ စီစဉ်နေပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောကြားသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှ လက်ထောက် အင်ဂျင်နီယာချုပ် ဦးရဲမြင့်ဌေးက ''၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ၂၄ နာရီ မီးပေးသွားဖို့အတွက် လိုအပ်တဲ့ အပိုင်းတွေကို စီစဉ်ဆောင်ရွက်နေပါတယ်'' ဟု နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

မြန်မာနိုင်ငံက လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများနှင့် အားကစားသမားပေါင်း ၉၀၀၀ ကျော် ပါဝင်ဆင်နွှဲသွားမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်မီတာ ကောက်ခံမှုနှုန်းထား နှစ်ဆခန့် တိုးမြှင့်မည်ဟု ထုတ်ပြန်ပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်းမှု ပြုလုပ်ခဲ့သော်လည်း တိုးမြှင့်ထားသော လျှပ်စစ်မီတာခ နှုန်းထားများကို လျှော့ချပေးမည် မဟုတ်ဘဲ လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ကောက်ခံသွားမည်ဟု ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတက နိုဝင်ဘာ ၁၄ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

Eleven Media Group