သမိုင်းဝင် ဦးရာဇ်တောင် စေတီ တည်ရှိရာ ပုဏ္ဍားကျွန်းမြို့ သန့်ရှင်းမူမဲ့၍ မြို့အဂါင်္နှင့် မညီ ဖြစ်နေ

ပို့စ်တင်ချိန် - 11/22/2013 03:31:00 PM


ရခိုင်ပြည်နယ်မှ အထင်ကရ သမိုင်းဝင် ဦးရာဇ်တောင် စေတီတော် တည်ရှိရာ ပုဏ္ဍားကျွန်းမြို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြို့သန့်ရှင်းရေးကို စနစ် တကျ ဆောင်ရွက်ခြင်း မရှိသဖြင့် မြို့အင်္ဂါရပ်နှင့် မညီဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

ပုဏ္ဍားကျွန်းမြို့ရှိ ဦးရာဇ်တောင် စေတီသည် ရခိုင်ပြည်နယ်ထဲမှ သမိုင်းဝင် ဥာဏ်တော် အမြင့်ဆုံး စေတီတော် တစ်ဆူ ဖြစ်ပြီး ကုလားတန် မြစ်ကမ်းဘေးရှိ တောင်ပေါ်တွင် တည်ရှိသဖြင့် ဖူးမျှော်ဖွယ်ရာ အလွန်သာယာ လှပသော နေရာ ဖြစ်ရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များသည် ရေလမ်းကြောင်း တဆင့် သင်္ဘော၊ မော်တော်ဘုတ်၊ စက်လှေများဖြင့်၎င်း၊ ကုန်လမ်းမှ တဆင့် ကားကြီးကားငယ် အသွယ်သွယ်ဖြင့်၎င်း၊ နေ့စဉ် ၀င်ရောက်လာနေကြသည်ဟု သိရသည်။

သို့သော်လည်း ယခုအချိန်ထိ ပြည်သူများ အသုံးများသော ပုဏ္ဍားကျွန်းမြို့ သင်္ဘောဆိပ်ခံ ဖေါင်တော်အား တည်ဆောက်ခြင်း မရှိသေးသလို သင်္ဘောဆိပ် အနီးတ၀ိုက်တွင်လည်း အမိုက်များကို စည်းကမ်းမဲ့ ပစ်ချင်သလို စုပုံ ပစ်ထားသဖြင့် အနံ့အသက်များ ဆိုးရွားကာ မြင်မကောင်းအောင် ဖြစ်နေသည်ဟု အမည် မဖေါ်လိုသူ ပုဏ္ဍားကျွန်း ဒေသခံ တစ်ဦးက ပြောသည်။

“ လူသွား လူလာများတဲ့ သင်္ဘောဆိပ်မှာ အမိုက်တွေကို ပစ်ချထားတာကြောင့် အနံ့အသက်တွေ ဆိုးရွားပြီး  မြင်မကောင်းအောင် ဖြစ်နေပါတယ်။ ပီးရင် ဘုရားကို မျက်နာမူနေတဲ့ ချောင်းကမ်း တလျှောက်မှာလည်း ဆိုင်တန်းတွေကို စီတန်း ဆောက်ထားပြီး အိမ်သာတွေကို ဘုရားကို မျက်နာမူ ဆောက်ထားတဲ့ အတွက် ဘာသာရေး အမြင်အရလည်း မသင့်လျော်ဘဲ ဖြစ်နေပါတယ်” ဟု ယင်းက ပြောသည်။

ထိုကဲ့သို့ မြို့အင်္ဂါရပ်နှင့် မညီဘဲ ဖြစ်သည်ကို သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူများနှင့် စည်ပင်သို့ အကြောင်းကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ကျွန်တော်တို့ မြို့မှာ ဖွဲ့စည်းထားတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး  အဖွဲ့က စည်ပင်က လူကြီးတွေကို စာနဲ့တင်ပြထားတာတွေ ရှိပါတယ်။ ဒါပေမယ့် ဘာမှ အရေးယူဆောင်ရွက်တာ မရှိဘဲ ဖြစ်နေပါတယ်” ဟု ပြောသည်။

ဒေသခံ တစ်ဦး အပြောအရ ဦးရာဇ်တောင် စေတီအား မျက်နာမူရာ မြို့ ချောင်းကမ်းဘေး တလျှောက်တွင် ဆိုင်ခန်းများကို ကျော့ခိုင်း ဆောက်လုပ်ခွင့်ပြုထားသဖြင့်  အဆိုပါ ဆိုင်ခန်းများမှ စွန့်ပစ် ပစ္စည်းများကြောင့် ချောင်းကြောင်း တလျှောက်တွင် ညစ်ညမ်းမူများ ဖြစ်ပေါ်နေပြီး ခရီးသွားပြည်သူများကို အထူး ထိခိုက်နေသည်ဟု ဆိုသည်။

Ponna Kyunt 2

သက်ဆိုင်ရာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ် တာဝန်ရှိသူ တစ်ဦးအား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သင်္ဘောဆိပ်နှင့် ချောင်းကမ်း တစ်လျှောက်တွင် အမိုက်များ ပြန့်ကြဲနေသည်သာမက မြို့ထဲတွင်လည်း အမိုက်များကို စည်ပင်က စနစ်တကျ သိမ်းဆည်းမူ မရှိသဖြင့် မြို့မှာ ညစ်ပတ်နေကြောင်း ပြောဆိုသည်။

ပုဏ္ဍားကျွန်းမြို့နယ် စည်ပင်သို့ ဆက်သွယ်ရာ ၎င်းးကိစ္စနှင့် ပတ်သကက်ပြီး တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခြင်းမရှိပါ။

ရခိုင်ပြည်နယ် အစိုးရသည်  ၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း ပုဏ္ဍားကျွန်းမြို့  အပါအ၀င် ပေါက်တော၊ ရမ်းဗြဲနှင့် မာန်အောင်မြို့တို့တွင် သင်္ဘော ဆိပ်ခံ တံတား တစ်ခုစီကို ကျပ်သန်းပေါင်း (၂၇၀) စီ အကုန်အကျခံ တည်ဆောက် သွားမည်ဟု တရားဝင် ကျေညာထားသော်လည်း ယခုတိုင် တည်ဆောက်ခြင်း  မရှိသေးကြောင်း သိရသည်။
(နိရဉ္စရာ- ၂၂ နိုဝင်္ဘာလ ၂၀၁၃)