ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့တွင် ကမ်းပြိုမှုများ ဖြစ်ပေါ်နေ

ပို့စ်တင်ချိန် - 12/08/2013 07:41:00 PM

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုဖြစ်ပွားနေသည်ကိုတွေ့ရစဉ်


ပခုက္ကူမြို့နယ်တွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကြက်တန်းကုန်း၊ ကျွန်းဦးနှင့် ကျွန်းညိုကြီးကျေးရွာများတွင် မြစ်ရေကျဆင်းချိန် မြစ်ရေစီးကြောင်းမှာ ကျေးရွာဆီသို့ ဦးတည်စီးဆင်းနေသည့်အတွက် ကမ်းပြိုမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

မြစ်ရေစီးကြောင်း ပြောင်းလဲစီးဆင်းနေသည့်အတွက် ကမ်းပြိုမှုနှင့်ကြုံတွေ့နေရသည့် ကြက်တန်းကုန်းကျေးရွာမှာ မြစ်ရေတက်ချိန်တွင်လည်း ကမ်းပြိုသည့်ဒဏ်ကို ခံစားခဲ့ရပြီး ယခုအခါ မြစ်ကမ်းပါးနှင့် ကျေးရွာမှာနီးကပ်နေခြင်းကြောင့် ကမ်းပြိုမှုဆက်လက်ဖြစ်ပေါ်ပါကေ ရွှ့ပြောင်းရမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။

" ရေတက်တုန်းကလည်း ကမ်းပြိုတယ်။ အခုရေကျတော့လည်း ရေကြောင်းက ရွာကိုဦးတည်စီးတယ်။ မြစ်လယ်မှာ သောင်တွေတအားများနေပြီး ရွာဘေးမှာ ရေကြောင်း လာပေါက်နေတယ်။ မော်တော်တွေကလည်း ရွာနားကပ်မောင်းရတော့ လှိုင်းဒဏ်ကြောင့်ကမ်းပြိုနေတယ်။ ရွာနဲ့ကမ်းကလည်း တအားကပ်နေတော့ ဆက်ပြိုနေမယ်ဆိုရင် ရွာရွှေ့ရနိင်တယ် " ဟု ကြက်တန်းကုန်းရွာသား ကိုကျော်မင်းက ဆိုသည်။

မြစ်ရေတက်ချိန် ကမ်းပြိုမှုနှင့် ကြုံတွေ့ခဲ့ရသည့် ကျေးရွာအချို့တွင်မူ မြစ်ရေကျဆင်းပြီးနောက် ရေစီးကြောင်း ပြောင်းလဲသွားသည့်အတွက် ကမ်းပြိုမှုရပ်တန့်သွားကြောင်း သိရသည်။ ပခုက္ကူမြို့နယ်တွင်းရှိ သိမ်ကုန်း၊ မရိုးကုန်းနှင့် မြင်းကျွန်းကျေးရွာ များမှာ ယခုနှစ် ဧရာဝတီမြစ်ရေတက်ချိန်တွင် ကမ်းပြိုမှုများကြောင့် ရွှေ့ပြောင်းခဲ့ရပြီး ရေစကြိုမြို့နယ်မှ ရှစ်အိမ်တန်း၊ ငမြာကြီး၊ ဆင်တဲနှင့် ငါးလံကျေးရွာများတွင်လည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရကြောင်းသိရသည်။

Eleven Media Group