ရန်ကုန် - မန္တလေး အမြန်လမ်းပေါ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်၍ (၇)ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 12/08/2013 12:41:00 PM


နေပြည်တော် ဒီဇင်ဘာ ၆

၎-၁၂-၂၀၁၃ ရက်နေ့ ၀၄ ၅၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၅/ ၅-၆)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ (၇)ရပ်ကွက်နေ အောင်ငွေ(၃၁)နှစ် မောင်းနှင်လာသော ၈စ/×××××× တောင်းအေ့(စ်) အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လယ်ယာဘက် မြေသားပေါ်သို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်ပေါ်ပါ (၁၂)ဦးအနက် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အလိုတော်ပြည့် ကျောင်းတိုက်နေ ဦးဝဏ္ဏိသာရ(၂၁)နှစ်၊ ဝါတော်(၁)ဝါတွင် ဝဲဘက် လက်ညိုး၊ လက်ခလယ် ပွန်းပဲ့ဒဏ်ရာ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နေသူများ ဖြစ်သည့် ဦးတိက္ခဉာဏ (၄၈)နှစ်၊ ဝါတော်(၁၇)ဝါတွင် ယာဘက်လက်ညိုး၊ လက်ခလယ်၊ လက်သူကြွယ် ပွန်းပဲ့ဒဏ်ရာနှင့် ဦးဝရသာမိ(၃၇)နှစ်၊ ဝါတော်(၁၇)ဝါတွင် နဖူး၊ ဝဲလက်ဖဝါး ပေါက်ပြဲဒဏ်ရာ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ အောင်မေတ္တာ ကျောင်းတိုက်နေ ဦးပညာဝံသ(၃၃)နှစ်၊ ဝါတော်(၁၃)ဝါတွင် ယာဘက် ပခုံး၊ ယာလက်ခုံ ပွန်းပဲ့ဒဏ်ရာ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရေးကောင်းရှိန် ရွာနေသူများ ဖြစ်ကြသည့် မဌေးဌေးနိုင်(၂၆)နှစ်တွင် မျက်နှာယာ ဘက်ဖူးရောင်၊ ယာလက်ဖဝါး ပွန်းပဲ့၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ မခင်စောနွယ်(၃၃)နှစ်တွင် ယာဘက်လက်ဖျံ ပွန်းပဲ့ဒဏ်ရာနှင့် မစံယိုင်နု (၃၇)နှစ်တွင် နဖူးယာဘက် ဖူးရောင်၊ ယာလက်သူကြွယ်၊ လက်သန်း ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့လေကာ မှန်ကွဲ၊ အမိုးကိုင်း ပိန်ချိုင့်၍ တန်ဘိုးငွေကျပ် (၃)သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်ငွေအား ပန်းတင်အမြန်လမ်း ရဲစခန်း ယာဉ်(ပ)၃၃/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည်