မိကျောင်းကန် သပိတ်စခန်းအနီး အငြင်းပွားမြေနေရာရှိ စေတီဝင်းအား လုပ်သားအင်အား ၄၀၀ ခန့်ဖြင့် ခြံစည်းရိုး လာရောက်ကာရံခဲ့ပြီး ဆန္ဒပြသူများနှင့် အလုပ်သမားများကြား အချင်းများမှု ဖြစ်ပွား

ပို့စ်တင်ချိန် - 12/08/2013 11:15:00 PM


ထိခိုက်ဒဏ်ရာရသူတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ရန် လူနာတင်ကားပေါ်သို့ တင်နေစဉ်

မိကျောင်းကန် သပိတ်စခန်း ၁၂ ရက်မြောက်နေ့ ဒီဇင်ဘာ ၇ ရက်တွင် တပ်မတော်မှ အငြင်းပွား မြေနေရာပေါ်ရှိ မြစာရံအေးစေတီဝင်းအား တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ အလုပ်သမားအင်အား ၄၀၀ ခန့်ဖြင့် ၀င်ရောက်ကာ ခြံစည်းရိုးကာရံခြင်း၊ စေတီ၏ ၀င်ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများနှင့် အလုပ်သမားများကြား အချင်းများမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အချင်းများ ဖြစ်ပွားမှုကြောင့် ဆန္ဒပြသူ အမျိုးသမီးငါးဦးခန့်၏ လက်၊ ခြေတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဒီဇင်ဘာ ၇ ရက်၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်က မိကျောင်းကန် သပိတ်စခန်း၏ အနောက်ဘက်ရှိ အငြင်းပွား မြေနေရာများအတွင်း တပ်မတော်မှ လုပ်သားအင်အား ၄၀၀ ခန့်ဖြင့် စေတီဝင်ပေါက်များကို ပိတ်ဆို့ခြင်း၊ အငြင်းပွား မြေနေရာအတွင်း ဆန္ဒပြသူများ အသုံးပြုနေသော ရေအိမ်များကို ဖျက်ဆီးပစ်ခြင်းတို့ ပြုလုပ်ခဲ့ရာမှ ယင်းနေရာ အနီးတစ်ဝိုက်တွင် စေတီဝင်းအား ခြံမခတ်ရန် စောင့်ဆိုင်းနေသော ဆန္ဒပြသူများနှင့် အချင်းများမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ကျွန်မတို့ထိုင်နေတုန်းကို အဲဒီအဖွဲ့၊ အလုပ်သမားတွေက တွန်းလိုက်တယ်။ သူတို့က သွပ်ပြားချပ်တွေ သယ်နေတာ။ ကျွန်မက လဲကျသွားတော့ မသယ်နဲ့ဦးလို့ ပြောပေမဲ့ သူတို့က အတင်းသယ်တော့ ခြေထောက်ကို သွပ်ပြားရှသွားတာပါ။ ကျန်တဲ့လူတွေလည်း သူတို့တွန်းထိုးလို့ ဒဏ်ရာရကြပါတယ်။ ကျွန်မတို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြမှာမို့လို့ ဘာမှပြန်မလုပ်ပါဘူး"ဟု ဒဏ်ရာရရှိသွားသည့် အမျိုးသမီးတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

"လွှတ်တော်ဥပဒေတွေမှာတော့ ဒီလိုအငြင်းပွားဆဲ မြေနေရာပေါ်မှာ အဆောက်အဦး ဆက်လက်ဆောက်လုပ်ခွင့်ပြုတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ နောက်ပြီးတော့ ဆီးဂိမ်းစ်ပြိုင်ပွဲကို အကြောင်းပြတယ် ဆိုပေမယ့်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲကလည်း နိုင်ငံတကာပြိုင်ပွဲမို့လို့ အရေးကြီးသလို ပြည်သူတစ်ဦးချင်းစီရဲ့ ဘ၀ကလည်း အရေးကြီးပါတယ်" ဟု သပိတ်စခန်းသို့ လာရောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်က ယင်းသပိတ်စခန်းသို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့ လာရောက်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရ၊ လွှတ်တော်နှင့် ဆန္ဒပြသူများ သုံးပွင့်ဆိုင်ဆွေးနွေးရန် ကြိုးပမ်းမည်ဟု ပြောကြားခဲ့သည်။

"ဒီနေ့သွားပြောတဲ့အခါကျတော့ ၀န်ကြီးချုပ်က ဆီးဂိမ်းစ်ကာလ ဖြစ်တာရယ်၊ ကျန်တဲ့ အလုပ်ကလေးတွေ ရှိသေးတာရယ်ကြောင့် မလာနိုင်သေးဘူး။ ဒါပေမဲ့ နောက်နှစ်ရက်၊ သုံးရက်လောက်နေရင်တော့ လာမယ်လို့ပြောတယ်။
အဲဒီကျရင် သူဘာပြောမလဲ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ လာမည့်လွှတ်တော်မှာလည်း ဒီကိစ္စကို ဆက်လက်တင်ပြမှာပါ"ဟု ဦးအောင်သိန်းလင်းက ပြောကြားခဲ့သည်။

မိကျောင်းကန်ဆန္ဒပြသူများသည် အချက်ခုနစ်ချက်ကို တောင်းဆိုခဲ့ပြီး ယင်းခုနှစ်ချက်တွင် မြစာရံအေးစေတီအား ဖူးမြော်နိုင်ရေးလည်း ပါဝင်ပြီး ယင်းအချက်ကိုလည်း ရန်ကုန်တိုင်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဒီဇင်ဘာ ၂ ရက်က ဆန္ဒပြသူများနှင့် တွေ့ဆုံပွဲတွင် သဘောတူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စေတီဝင်းအား ခြံစည်းရိုးခတ်ခြင်း၊ ၀င်းတံခါးပိတ်ခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ သပိတ်စခန်းဖွင့် ဆန္ဒပြသည့် ဖြစ်စဉ်အပေါ် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက တရားလိုပြုလုပ်ကာ သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်းလည်း သိရသည်။

Eleven Media Group