သပိတ်ကျင်း ရွှေကုမ္ပဏီများကို ဒေသခံများ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 12/08/2013 12:41:00 PM


မန္တလေး၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုန်းဇုန်းကျေးရွာအုပ်စု ဝက်သေကျေးရွာမှ ဒေသခံ ၁၀၀ ကျော်ခန့်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကို ပိုင်ဆိုင်သော မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီ လေးခုကို ကျေးရွာပိုင်မြေ ပြန်လည် ရရှိရေးအတွက် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ ထိုင်သပိတ်စခန်း ဖွင့်လှစ်ပြီး ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

“ကျွန်တော်တို့ ဖြစ်ချင်တာက သက်တမ်း ကုန်ဆုံးနေပြီဖြစ်တဲ့ လုပ်ကွက်တွေကို လွှတ်တော် အမတ်ဆိုတဲ့ ပါဝါသုံးပြီး မြို့နယ် အာဏာပိုင်တွေက တားထားပါလျက် ပြောင်ပြောင်တင်းတင်း မထီမဲ့မြင် လုပ်ပြီး ဆက်လက် လုပ်ကိုင်နေပါတယ်။ ရွာပိုင်မြေ ၁၅၅ ဒသမ ၃၆၃ ဧကကိုလည်း မပြောင်းချင်ပါဘူး” ဟု ဝက်သေရွာ သပိတ်စခန်း ဦးဆောင်နေသူ ဦးမောင်ကြီးက ဆိုသည်။

အဆိုပါ ဝက်သေကျေးရွာကို ၂၀၁၁ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင် ကျေးရွာမြေအဖြစ် ၁၅၅ ဒသမ ၃၆၃ ဧကအဖြစ် သတ်မှတ်ပေးခဲ့ပြီး အဆိုပါ သတ်မှတ်ပေးထားသော မြေဧရိယာ အတွင်းမှ ဧက ၄၀ ကျော်ကို မြန်မာ ဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီ၊ ဒို့ညီနောင်ဖွား (ခေါ်) ဖြိုးအောင် သီရိကျော်၊ ဖော်လက်နှင့် ရွှေပြည်သာ ကုမ္ပဏီတို့က ၂၀၀၆ ခုနှစ်မှ စတင်ပြီး ရွှေတူးဖော်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်လာခဲ့ရာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် လုပ်ကိုင်ခွင့် သက်တမ်း ခုနစ်နှစ်ပြည့်ပြီ ဖြစ်သော်လည်း ဆက်လက်တူးဖော် လုပ်ကိုင် ဆောင်ရွက် နေကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ ကျေးရွာပိုင်မြေတွင် ရွှေတူးဖော်ရေး လုပ်ငန်း အဓိက လုပ်ကိုင်နေသည့် မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီ လက်ထောက်မန်နေဂျာ ဦးစောချစ်ညွန့်ကို မေးမြန်းရာ “ကျွန်တော့်အနေနဲ့ ဘာမှပြောလို့ မရပါဘူး။ ကျွန်တော့် အထက်မှာ GM နဲ့ MD တို့ ရှိပါသေးတယ်” ဟုသာ ပြန်လည် ဖြေကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အဆိုပါ မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီ မန်နေဂျာ ဦးဝင်းကျော်နိုင်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပထမတစ်ကြိမ်တွင် ဖုန်းကိုင်သဖြင့် မီဒီယာကပါဟု မိတ်ဆက်စဉ် ဖုန်းလိုင်းကျသွားခဲ့ပြီး ထပ်မံခေါ်ဆိုသော်လည်း စက်ပိတ်ထားသဖြင့် ခေါ်ဆို၍ မရပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ဝက်သေကျေးရွာ ဒေသခံများက ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ကျေးရွာ ဘောလုံးကွင်းအတွင်း မြို့နယ် ရဲတပ်ဖွဲ့မှူး၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္ပဏီများဘက်မှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ပြီး မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီရှေ့ ဘုရားစောင်းတန်းတွင် သပိတ်စခန်း ဖွင့်လှစ်ပြီး ကျေးရွာလူထု ကျေနပ်သည့်အထိ တစ်စုံတစ်ရာ အဖြေမရမချင်း နေ့စဉ် ၂၄ နာရီပြည့် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly