NLD ပညာရေးကွန်ရက် နမ့်စန်တွင် မူလတန်းကျောင်းဖွင့်

ပို့စ်တင်ချိန် - 12/04/2013 04:03:00 PM


ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ယင်းနက် တိုင်းရင်းသားကျေးရွာ ၂၀ ရွာမှ လူငယ်များ ပညာသင်ကြားနိုင်ရန် နမ့်စန်မြို့နယ်ရှိ ကုန်းလမ်းကျေးရွာ၌ ခွပ်ဒေါင်းအားမာန်အမည်ဖြင့် မူလတန်းကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်က ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ပေးလိုက်သည်။

ယင်းနက် တိုင်းရင်းသားကျေးရွာမှ ကျောင်းသားလူငယ်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မူလတန်းကျောင်းမရှိခြင်း၊ စာသင်ကျောင်းရှိရာနှင့် နေထိုင်ရာဝေးလွန်းခြင်းတို့ကြောင့် ပညာရေးတွင် နှောင့်နှေးနေမှုများရှိနေသည်ဟု NLD ပညာရေးကွန်ရက် နမ့်စန်တာဝန်ခံ ဒေါ်ဝင်းမြင့်မြတ်က မဇ္ဈိမကို ပြောသည်။

“စာသင်ဖို့ထက် အလုပ်လုပ်ဖို့ပဲ စိတ်ဝင်စားနေကြတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေကလည်း ခက်ခဲ တော့ ဒေသက ဘာမှ မဖွံ့ဖြိုးဘူး။ စားဝတ်နေရေး အတွက်ပဲ မိသားစုလိုက် ရုန်းကန်နေကြရတယ်။ စာသင်ဖို့ဆိုတာ သူတို့နဲ့ မဆိုင်သလို ဖြစ်နေတယ်။ အစိုးရမူလတန်း ကျောင်းမရှိတာလဲ ပါတာပေါ့” ဟု ပြောကြားသည်။

ခွပ်ဒေါင်းအားမာန် မူလတန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသူ ကျောင်းသူကျောင်းသား ၈၀ ဦးအား စတင်ပညာသင်ပေးလျက်ရှိပြီး ၅ နှစ်မှ ၁၅နှစ် အရွယ်များဖြစ်သည်။ လက်ရှိတွင် သူငယ်တန်း တစ်တန်းသာ သင်ကြားနိုင်သေးပြီး ၂၀၁၄ -၂၀၁၅ ပညာသင်နှစ် တွင် ပထမတန်းအား ဆက်လက်ဖွင့်နိုင် ရန် ဆောင်ရွက်သွားမည်ဟုလည်း ဒေါ်ဝင်းမြင့်မြတ်က ဆိုသည်။

ထိုကျောင်းတွင် ဆရာမနှစ်ဦးဖြင့်သာ သင်ကြားပေးနိုင်သေးပြီး ဒီဇင်ဘာ လကုန်တွင် NLD ပညာရေးကွန် ရက် နမ့်စန်မှ အလှည့်ကျစနစ်ဖြင့် လုပ်အား ပေးသင်ကြားရန် ဆရာမနှစ်ဦး ထပ်မံပို့ ဆောင်ပေးသွားမည်ဟု သိရသည်။ လက်ရှိ ခွပ်ဒေါင်းအားမာန် မူလတန်းကျောင်း တွင် တာဝန်ထမ်းဆောင်နေသော ဆရာမ နှစ်ဦးကို ရွာမှစုပေါင်း၍ လစာငွေပေးသွားမည် ဖြစ်သည်။

လက်ရှိတွင် ရွာဦးဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် စတင်သင်ကြားပေးနေပြီး စာသင်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် NLD ပညာရေးကွန်ရက်မှ စီစဉ်နေaကြာင်းသိရသည်။ ကျေးလက်ဆေးပေးခန်း တည်ဆောက်သွားရန် အများသုံး သောက်သုံးရေကန်များလည်း တူးဖော် ပေးသွားရန် ကျေးရွာအကျိုး ပြုအဖွဲ့က လုပ်ဆောင်လျက် ရှိသည်။

Written by  အောင်ကိုဦး
Mizzima Burmese