အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်းလိုက်ပြီ

ပို့စ်တင်ချိန် - 3/03/2014 06:03:00 PM


အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား စတင်ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 အဆိုပါ ပြဋ္ဌာန်းချက်တွင် ပြစ်မှုပြစ်ဒဏ်များကို လျှော့ပေါ့ထားခြင်းဖြစ်ပြီး ယင်းကိုကြိုဆိုကြောင်း၊ သို့သော်လည်း ပြည်စုံလုံလောက်မှုရှိပြီဟု မဆိုနိုင်ကြောင်း MIDO (Myanmar ICT For Development Organization) ၏ Executive Director ဦးနေဘုန်းလတ်က သုံးသပ်ပြောကြားသည်။ “ပြစ်မှုပြစ်ဒဏ်တွေ လျှော့ပေါ့လိုက်တာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒါလေးကွက်ပြင်ရုံနဲ့တော့ မပြည့်စုံ မလုံလောက်သေးပါဘူး” ဟု ပြောကြားသည်။ အဆိုပါ ဥပဒေကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ ပြဋ္ဌာန်းချက်အရ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ တွင် ပါရှိသော အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိဆိုသည့် စကားရပ်အစား အနည်းဆုံးငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ဖော်ပြထားသည်။


ပုဒ်မ ၃၄ တွင်ပါရှိသော ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်သိန်းငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည် ဟုလည်းကောင်း၊ ပုဒ်မ ၃၅ တွင်ပါရှိသော ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်တစ်ဆယ်သိန်းမှ ကျပ်သိန်းငါးဆယ်အထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်အထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟုလည်းကောင်း ဖော်ပြထားသည်။


ပုဒ်မ ၃၆ တွင်ပါရှိသော ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၇ တွင်ပါရှိသော ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟုလည်းကောင်း ဖော်ပြပါရှိသည်။



“နည်းပညာရှင်တွေရဲ့ အကြံဥာဏ်တွေယူပြီး Law တစ်ခုလုံးကို အသေအချာ ပြန်လည်ရေးဆွဲသင့်ပါတယ်။ ပြီးတဲ့အခါ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုကိစ္စတွေမှာ ဥပဒေနဲ့အညီဖြစ်နိုင်ဖို့ ဥပဒေအပြင်၊ ဥပဒေကို အောင်မြင်အောင် ဆောင်ရွက်ပေးမယ့် ရဲတပ်ဖွဲ့နဲ့ တရားရေးဌာနကိုလည်း နည်းပညာ ကျွမ်းကျင်အဆင့်ဖြစ်အောင် ပျိုးထောင်ပေးသင့်ပါတယ်။ နည်းပညာအကြောင်း နားမလည်တဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေက နည်းပညာနဲ့ပတ်သက်တဲ့ အမှုအခင်းတွေကို တရားမျှတမှုရှိအောင် ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ဦးနေဘုန်းလတ်က ဆက်လက်၍ သုံးသပ်ပြောကြားသည်။ အဆိုပါ ဥပဒေကို မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားချက်အရ သိရသည်။ သမ္မတရုံးအနေဖြင့် အိုင်တီဆိုင်ရာဥပဒေ၊ အိုင်တီနှင့် ဆက်စပ်သော ဥပဒေများကို အာရုံစိုက်လာခြင်းမှာ ကောင်းမွန်သောတိုးတက်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးအောင်အောင်က သုံးသပ်ပြောကြားသည်။



“တိုင်းပြည်မှာ လိုအပ်တဲ့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ Citizen ID Management, Taxation နဲ့ ပညာရေးတို့တွေကို အုပ်ချုပ်ရေးပိုင်းတွေမှာ အသုံးချနိုင်ဖို့ ပိုပြီးအလေးထား အားပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒါတွေ မပါဘဲ ဒီလိုပုံမှန်သမားရိုးကျပုံစံအတိုင်း လူတွေရဲ့ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက်သွားမယ်ဆိုရင် အားလုံး ကမောက်ကမဖြစ်ကုန်မှာပါ” ဟု ဦးအောင်အောင်က ဆက်လက်ပြောကြားသည်။



ထွန်းထွန်း
Internet Journal