ရှားပါး သစ် ၁၇ တန် ထီးချိုင့်မှာ ဖမ်းမိ

ပို့စ်တင်ချိန် - 3/03/2014 06:03:00 PM



စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့တွင်း မောင်းနှင်လာသည့် ကား နှစ်စီးထံမှ ရှားပါးသစ်မျိုးဝင် တမလန် သစ် ၁၇ တန် ဖမ်းဆီးခဲ့ပြီး သစ်ကားမောင်းနှင်သူကို တရားစွဲဆို အရေးယူ မည်ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် သစ်တောဦးစီးဌာန မှ သိရသည်။

ဓာတ်ပုံ-ဧရာဝတီ


 ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထီးချိုင့်မြို့တွင်းလမ်းမ ပေါ်တွင် မောင်းနှင်လာသည့် ကား နှစ်စီးပေါ်၌ ရှားပါး သစ်မျိုးဖြစ်ပြီး အစိုးရ က ခုတ်ယူခွင့်ပိတ်ထားသည့် တမလန်သစ်အမျိုးအစား ၁၇ တန် ကို ဖမ်းဆီးရမိ ခဲ့သည်။

“ယာဉ်မောင်းရယ်၊ သူနဲ့အတူပါလာတဲ့သူကို ဖမ်းထားတယ်၊ စစ်နေတယ်၊ သူတို့ကို တရားစွဲပြီးအရေး ယူမှာပါ” ဟု ထီးချိုင့်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ဧရာဝတီသို့ပြောသည်။

သူက“ပုဂ္ဂလိကပိုင် သစ်တွေပေါ့၊ ဒါပေမဲ့ ကုမ္ပဏီက ပိုင်တဲ့သစ်တွေတော့ မဟုတ်ပါဘူး၊ ကြုံတဲ့နေရမှာ ကြုံသလို ဝယ်လာတဲ့သစ်တွေပေါ့”ဟု ဆိုသည်။ သို့ရာတွင် ထီးချိုင့်မြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း တချို့၏ အဆိုအရယင်းသစ်များသည် ဌာနဆိုင်ရာ အရာရှိတဦးမှ ပိုင်ဆိုင်သည့် သစ်များဖြစ်နေသည်   ဟု ပြောနေကြသည်။

 ဒေသတွင်း သစ်တောများ အလျင်အမြန် ပြုန်းတီးလာခြင်း၊ တရားမဝင် သစ်ထုတ်လုပ်မှုများ၊ တဖက်နိုင်ငံ များသို့ သစ် တင်ပို့မှုများ ရှိနေသော်လည်း သစ်ခိုးထုတ်မှုဖြစ်ပွားနေသည့် ဒေသများသို့ သွားရောက်ကာ ဖမ်းဆီးခြင်းမရှိဘဲ ဒေသဆိုင်ရာ အာဏာပိုင်များက လျစ်လျှုရှုထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

 “သူတို့တွေက သယ်ချင်တဲ့နေရာက သယ်လာပြီး ယူသွားချင်တဲ့နေရာကိုယူသွားမှာပေါ့၊ ဒါကိုတော့ ကျနော်တို့ စစ်ဆေး မနေတော့ဘူးလေ”ဟု သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ရှင်းပြသည်။ ထီးချိုင့်၊ ဝန်းသို၊ ကောလင်း၊ ကသာ၊ မဘိမ်းနှင့်သပိတ်ကျင်းမြို့နယ်များတွင် တရုတ်ကုမ္ပဏီများနှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီအချို့က သစ်တောများအတွင်းတွင် သစ်ခိုးခုတ်ယူမှုများပြုလုပ်နေကြသည်ဟု ထီးချိုင့်မြို့ဒေသခံ အချို့က ပြောသည်။


 “မိတဲ့သစ်ကားတိုင်း ပိုင်ရှင်မဲ့လုပ်ပစ်ကြတာများတယ်၊ နာမည်ဖျောက်ပစ်လိုက်ကြတယ်၊ သစ်က စဝယ်ပြီ ဆိုကတည်းက ငွေထုတ်ပေးတဲ့သူရှိလို့လုပ်တာလေ၊ ကားမောင်းတဲ့သူက အဓိကမှ မဟုတ်တာဘဲ”ဟု ထီးချိုင့်ဒေသခံ တဦးက ဧရာဝတီသို့ပြောသည်။

 ထီးချိုင့်မြို့နယ်ရှိ ဒေသခံအချို့သည် လွှစက်နှင့် အခြားလိုအပ်သည့်ပစ္စည်းများယူဆောင်ကာ မဘိမ်းမြို့နယ်ဘက်ရှိ သစ်တောများတွင်ရှိသည့်တရုတ်ကုမ္ပဏီများ၏ သစ်တောလုပ်ကွက် များတွင်  
နေ့စားသစ်ခုတ်သူ များ အဖြစ်လုပ်ကိုင်နေကြသည် ဟုလည်း သိရသည်။

တမလန်သစ်မျိုး အပါအဝင် ကျွန်း၊ သင်းဝံနှင့် ပိတောက်သစ်အမျိုးအစားများကို မြန်မာနိုင်ငံအလယ် ပိုင်း
ဒေသများတွင် ရှားပါးသစ် မျိုးများ အဖြစ်သတ်မှတ်ထားပြီး ခုတ်ယူခွင့် ပိတ်ထားသည်။ သို့သော် ကုမ္ပဏီ များမှ တိတ်တဆိတ် ခုတ်ယူကြပြီး တရုတ်နိုင်ငံဘက်သို့ တင်ပို့ကြသည်ဟု သိရသည်။

 “သတင်းရရင် ရသလို ဖမ်းတယ်၊ သစ်တောဥပဒေနဲ့အရေးယူတယ်၊ တောထဲထိ သွားပြီးဖမ်းဆီးဖို့ ကြတော့လည်း လူစုလူဝေးရှိမှ အဆင်ပြေမှာပေါ့ ”ဟု ထီးချိုင့်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ဆိုသည်။

 “ဂရိတ်ဝေါကုမ္ပဏီက ပိုင်တဲ့သစ်တွေဖမ်းမိထားတာ အများကြီးဘဲ၊ဘောအရေးယူမှုမှလည်းမရှိဘူး၊ ဒေသခံ   တွေတိုင်လည်း တိုင်တာပဲရှိတယ်”ဟု မောင်းကုန်းကျေးရွာဒေသခံ ဦးမြင့်အောင်က ပြောပြသည်။

မေစစ်ပိုင် ~
The Irrawaddy