ယူကရိန်းမြေပေါ်က ရုရှားတပ်များ ပြန်ရုပ်သိမ်းရန် သတိပေး

ပို့စ်တင်ချိန် - 3/03/2014 04:44:00 PM


စစ်ဖြစ်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်ပေါက်နေတဲ့ ယူကရိန်းမြေပေါ်က ရုရှားတပ်တွေကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်နဲ့ မဟာမိတ် နေတိုးအဖွဲ့က တောင်းဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ရုရှားကို သတိပေးလိုက်ပါတယ်။

ရုရှားရေတပ် အခြေစိုက်စခန်း တည်ရှိတဲ့ ပင်လယ်နက်ကျွန်းဆွယ်ဒေသထဲက ယူကရိန်းပိုင် ကရိုင်းမီယားဒေသထဲက ရုရှားတပ်တွေ ပြန်ရုပ်ဖို့ တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒီလို စစ်ရေးကျူးကျော်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက  ပြစ်တင် ရှုံ့ချလိုက်ပြီး နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားကို သတိပေးလိုက်ပါတယ်။

စစ်ဖြစ်လာနိုင်တဲ့အခြေအနေမှာ ယူကရိန်းအစိုးရသစ်က တပ်ဖွဲ့တွေကိုလည်း အဆင့်မြင့်ဆုံး တပ်လှန့်ထားပါတယ်။ ယူကရိန်းအစိုးရသစ်က မဟာမိတ်ဖြစ်တဲ့ နေတိုးအဖွဲ့ကို အကူအညီ တောင်းထားပါတယ်။

ဥရောပအလယ်က ယူကရိန်းနယ်မြေကို ရုရှားရဲ့ သိမ်းပိုက်မှုဟာ ဥရောပရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တာလို့လည်း နေတိုးအဖွဲ့က ရုရှားကို သတိပေးထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံအမတ်ကြီးများ အရေးပေါ်အစည်းအဝေးအပြီး နေတိုးအတွင်းရေးမှူးချုပ်က ရုရှားရဲ့ စစ်ရေးစွက်ဖက်မှုဟာ နိုင်ငံတကာဥပဒေကို ဆန့်ကျင်တယ်လို့ သတိပေးလိုက်ပါတယ်။

russia army2ဒါ့အပြင် ယူကရိန်းနိုင်ငံရေးမပြေလည်မှုအတွင်း ရုရှားရဲ့ ၀င်ရောက်စွက်ဖက်မှုကို ရုပ်သိမ်းပြီး စစ်တပ်ကို အခြေစိုက်စခန်းဆီ ပြန်ဆင့်ခေါ်ဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ကတော့ မတ် ၂ ရက်နေ့ညက ယူကရိန်းမြို့တော် ကိယက်မြို့ကို ရောက်သွားပြီး အကျပ်အတည်း ပြေလည်နိုင်ရေးအတွက် အဖြေရှာ ဆွေးနွေးနေပါတယ်။

လေယာဉ်ပေါ်မတက်မီ ဗြိတိန်ဝန်ကြီးက တင်းမာမှုတွေ ဖြေလျော့နိုင်မယ့် နည်းလမ်းနဲ့ ပဋိပက္ခတွေကို ရှောင်နိုင်မယ့်နည်းတွေကို သေချာအောင် ရှာဖွေဖို့ နှစ်ဖက်လုံးကို ဆော်သြခဲ့ပါတယ်။

အစောပိုင်းကတော့ ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ဆိုင်ရာ ဂုဏ်သိက္ခာကို ချိုးဖောက်မှုအဖြစ် အပြစ်တင်ခဲ့ပါတယ်။

ဒီဗွီဘီ