စွန့်စွန့်စားစား လက်ထပ်ပွဲများ

ပို့စ်တင်ချိန် - 4/25/2014 09:12:00 AM


တရုတ်နိုင်ငံအတွင်း မိဘများသည် မိမိတို့ သားသမီးများကို အသက် ၂၀ မကျော်မီ လက်ထပ်စေချင်ကြသည်။ သို့သော် အချို့ကလည်း စောစောလက်ထပ်လျှင် စောစော
စိတ်ဆင်းရဲရတတ်သည်ဟု သွန်သင်ဆုံးမကြပြန်သည်။ မည်သို့ဆိုစေ တရုတ်နိုင်ငံတွင် မိဘအများစုကမူ မိမိတို့ သားသမီးများကို စောစီးစွာ လက်ထပ်စေရန် တွန်းအားများ ပေးနေကြသည်သာ ဖြစ်သည်။

“လက်မထပ်ဘဲ ရည်းစားထားတာ လူရမ်းကားတွေရဲ့ အလုပ်လို့ ဥက္ကဋ္ဌကြီးမော်က တစ်ချိန်က ပြောဖူးတယ်။ ဒါကြောင့် ကျွန်မက ကျွန်မကောင်လေးကို နင် လူရမ်းကားလေး အဖြစ်ခံမလားလို့ မေးလိုက်တယ်။ သူကလည်း အဖြစ်မခံနိုင်ပါဘူးတဲ့။ ဒါနဲ့ ကျွန်မတို့ လက်ထပ်လိုက်ကြတယ်” ဟု ပြောသူမှာ အသက် ၂၂ နှစ်အရွယ်ရှိ ကူရီဖြစ်ပြီး သူမသည် ဂွမ်ဒေါင်းနယ် ဘဏ်တစ်ခုတွင် အလုပ်သင်အဖြစ် လုပ်နေသူ ဖြစ်သည်။



တရုတ်တွင် အလုပ်မရမချင်း ရည်းစားအဖြစ် နေသူတွေလည်း အမြောက်အမြား ရှိသည်။ အချို့ကလည်း ရည်းစားမထားဘဲ လုပ်ငန်းခွင်ရောက်မှ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ရည်းစားထားပြီး မိန်းကလေးက အသက် ၂၀၊ ယောက်ျားလေးက ၂၂ လောက်ရောက်မှ အိမ်ထောင်ပြုကြသည်လည်း ရှိသည်။ အနည်းဆုံး ရည်းစားဖြစ်ပြီး တစ်နှစ်လောက် နေမှသာ အိမ်ထောင်ပြုကြသည်က များသည်။ သူတို့ လက်ထပ်လျှင်လည်း စေ့စပ်လက်စွပ် မလို၊ ပန်းမလို၊ ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းစရာမလို၊ ဘာမှမလို။ အထက်တွင် ဖော်ပြခဲ့သည့် ကူရီတို့ စုံတွဲဆိုလျှင် ၇ နှစ်လောက် ရည်းစားဖြစ်ခဲ့ကြပြီး ၂၂ နှစ်မြောက်မွေးနေ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် လက်ထပ်လိုက်ကြခြင်း ဖြစ်သည်။

“ကျွန်မတို့အတွက် အသစ်အဆန်း ဖြစ်မိတာက လက်ထပ်လက်မှတ် ရတဲ့နေ့ပဲ။ အဲဒီနေ့ရောက်ဖို့ ကျွန်မတို့ အသည်းအသန် ကြိုးစားခဲ့ရတယ်။ ခုတော့ လက်ထပ်ဖြစ်သွားပြီ ဖြစ်လို့ အရမ်းပျော်တယ်” ဟု ကူရီကဆိုသည်။

တရုတ်တွင် ပညာတွေသင်ရင်းက အရွယ်တော် တစ်ဆိတ်ဟိုင်းသွားသူတွေလည်း ရှိသည်။ သူတို့က ၃၀ လောက် ဖြစ်လာလျှင် “ကျန်ရစ်” ဆိုသည့် ဘွဲ့တွေကို ပေးချင်လာကြသည်။ ကျန်ရစ်တွေ ဖြစ်လာလျှင် ဈေးက ကျလာသည်။ သို့ဖြစ်ရာ အမျိုးသမီးတိုင်း ၂၀ အရွယ်လောက်တွင် အစွံထုတ်နိုင်ရန် ကြိုးစားလေ့ ရှိကြသည်။
မိဘတွေလည်းလို


တရုတ်လူနေမှုစနစ်တွင် မိဘများသည် သူတို့သားသမီးများ အရွယ်ရောက်သည်အထိ တာဝန်ယူမှုကို အလေးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း တွေ့ရသည်။ သူတို့က သားသမီးများအပေါ် စိုးမိုးထားလွန်းသဖြင့် အတင်းအကျပ် လက်ထပ်ပေးမှုများ ရှိကြောင်းလည်း တွေ့ရသည်။ ထို့သို့ သားသမီးများ၏ ဆန္ဒကိုမကြည့်ဘဲ အတင်းစီမံမှုများကြောင့် လူငယ်တွေက မိဘတွေထံမှ စွန့်ခွာ ထွက်သွားကြသူတွေလည်း ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တရုတ်ဘာသာထုတ် သတင်းစာတစ်စောင်တွင် မျက်နှာပြည့်နီးပါး ကြော်ငြာကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုကြော်ငြာမှာ သားဖြစ်သူကို အမြန်ပြန်လာပါ ဆိုသည့် ကြော်ငြာဖြစ်သည်။ “သားကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ပြန်လည်ဆက်သွယ်ခြင်း မရှိသဖြင့် ယခုကဲ့သို့ ကြော်ငြာရခြင်း ဖြစ်သည်။ အဖေနှင့် အမေ မင်းကို ထပ်ပြီး အတင်းအကျပ် လက်ထပ်ပေးမည် မဟုတ်တော့ပါ။ ကျေးဇူးပြုပြီး တရုတ်နှစ်ကူးအမီ ပြန်လာပါ” ဆိုသည့် ကြော်ငြာကို ဖတ်လိုက်ရခြင်း ဖြစ်သည်။

၃၀ ကျော်လျှင် အရွယ်တော် တစ်ဆိတ်ဟိုင်းပြီ ဖြစ်သဖြင့် သူတို့တွင် ရွေးချယ်စရာ၊ ချေးများနေစရာ အကြောင်းသိပ်မရှိတော့။ ကိုယ်တိုင် မရှာနိုင်လျှင်တော့ အဖေတို့ အမေတို့ သဘောတူသူနှင့်သာ ယူပါတော့မည်ဟု ဖြစ်လာကြသည်။ တရုတ်မိဘတွေကလည်း ထုံးစံအတိုင်း သတို့သားဘက်က ချမ်းသာလျှင် ပြီးရောဆိုပြီး ပေးစားတတ်သဖြင့် ကိုယ့်ထက် အသက်ကြီးသူတွေနှင့်လည်း ညားလျှင် ညားသွားတတ်ကြသည်။

ကျန်ရစ်စာရင်း ဝင်သွားသည့် အပျိုကြီးတစ်ယောက်က “ကျွန်မ အသက် ၂၀ လောက်အထိ အလုပ်တွေ ကြိုးစားလုပ်ကိုင်ခဲ့ရတယ်။ အလုပ်က ပထမ၊ လက်ထပ်တာက ဒုတိယအဆင့်မှာပဲ ထားခဲ့တယ်” ဟု ဇောင်ဆိုသူ မိန်းကလေးက ပြောခဲ့သည်။ သူမက ဆက်ပြီး အသက် ၃၀ ခန့်ရောက် အိမ်ထောင်ပြုခြင်းသည် ပြဿနာမဟုတ်ဟု သူကတော့ မြင်သည်။ သူတို့က ပိုပြီးစဉ်းစားတတ်သည့် အရွယ်ဖြစ်လာသည်။ လက်ထပ်တော့မည် ဆိုလျှင် အိမ်ရှိသလား၊ ကားရှိသလား၊ လစာကောင်းရဲ့လား အမျိုးမျိုး တွက်ဆတတ်သည်။ ၁၉၈၀ ပြည့်လွန်တွင် မွေးဖွားလာသူတွေက စဉ်းစားပြီးမှ အိမ်ထောင်ပြုကြတော့သည်။ သူတို့က လပ်ထပ်ခြင်းသည် ပျော်ရွှင်ရန် အတွက်သာ ဖြစ်ပြီး စိတ်ဆင်းရဲခြင်းကို မလိုလားသူများ ဖြစ်ကြသည်။ စဉ်းစားချင့်ချိန်နိုင်သူတွေက လိုအပ်ချက်တွေ ပြည့်စုံမှုမရှိဘဲ လက်ထပ်ခြင်းကို “ဝတ်လစ်စားလစ် လက်ထပ်ထိမ်းမြားခြင်း” ဟု သတ်မှတ်ကြသည်။

ယမန်နှစ်က စတင်ပြီး ဝတ်လစ်စားလစ် လက်ထပ်မှုများကို Touchmedia အဖွဲ့က လေ့လာဆန်းစစ် သုတေသန ပြုကြည့်ကြသည်။ လူငယ်တွေက အိမ်ထောင်ပြုရန် မည်သည့် အခြေအနေမျှ ပြည့်စုံခြင်းမရှိဘဲ ဝတ်လစ်စားလစ် လက်ထပ်မှုများကို ပိုပြီး လုပ်ဆောင်လာကြကြောင်း တွေ့ရသည်။ တရုတ်တွင် လက်ထပ်လိုက်သည့် လူငယ် ၄၅ ရာခိုင်နှုန်း (၁ ဒသမ ၅၉ သန်းခန့်) သည် အိမ်နှင့် ကား စသည့် အခြေခံ လိုအပ်ချက်တွေ မရှိဘဲ လက်ထပ်လိုက်သူတွေ ဖြစ်နေကြသည်။ လူငယ်တွေကို လိုက်ပြီး မေးကြည့်ရာ ၃၀ ရာခိုင်နှုန်းခန့်ကလည်း ဝတ်လစ်စားလစ် လက်ထပ်ခြင်းကို သဘောကျနေကြကြောင်း တွေ့ရသည်။

သူတို့အားလုံး မျက်စိကျလျှင် ချစ်လိုက်ကြသည်။ သူတို့အဆိုအရ အသက်အရွယ်က ပြဿနာမဟုတ်။ ရူးပေါပေါ မဟုတ်လျှင် တော်ပြီဟု ဆိုသူတွေလည်း ရှိသည်။ သို့ဖြစ်ရာ ကူရီကိုယ်တိုင်က “၇ နှစ်တောင် တွဲလာတာဆိုတော့ တော်လောက်ပြီလေ။ ဒါကြောင့် နောက်တစ်ဆင့်တက်ဖို့ ဆုံးဖြတ်လိုက်ကြတာ” ဟု ဆိုသည်။

Sina.com.cn တွင် ၂၀၁၁ ခုနှစ်က လူငယ် ၂၀၀၀ ကို သုတေသန လုပ်ကြည့်ရာ အသက် ၂၀ အရွယ် လူငယ် ၄၈ ရာခိုင်နှုန်းခန့်က သူတို့ကိုယ်တိုင် မည်သို့သော အိမ်ထောင်ဘက်ကို ရွေးချယ်ရမည်ကို မသိကြောင်း၊ နှလုံးသား အလိုကိုသာ လိုက်မိသည်က များကြောင်း ဖွင့်ဟ ထုတ်ဖော်ခဲ့ကြသည်။ ၃၀ ရာခိုင်နှုန်းခန့်ကမူ သူတို့သည် လက်ထပ်မှုကို ယုံကြည်သော်လည်း ကွာရှင်းပြတ်စဲမှုကိုမူ မလိုလားကြောင်း ပြောကြသည်။ အခြား ၅၂ ရာခိုင်နှုန်းကမူ ကလေးလိုချင်သောကြောင့်ဟု ဆိုကြသည်။

ဤသို့ဆိုကြလျှင် ငွေရေးကြေးရေး အကြောင်း မေးစရာဖြစ်လာသည်။ အသက် ၂၀ မတိုင်မီ အိမ်ထောင်ပြုသူ အများစုတွင် ငွေရေးကြေးရေး လွတ်လပ်စွာ ရှာနိုင် သုံးနိုင်သော အဆင့်တွင် မရှိကြပေ။ သူတို့က မိဘလုပ်စာထိုင်စား၊ မိဘကို မှီခိုနေသူများ ဖြစ်ရုံမက လက်ထပ်လျှင်ပင် အိမ်ကခေါ်ထား၊ မိဘကကျွေး၊ မွေးလာသည့် ကလေးတွေကို စောင့်ရှောက်ထားရမည့် အနေအထားတွင် ဖြစ်နေသည်။

မကြာသေးမီကမှ ပူပူနွေးနွေး ဘွဲ့ရထားသည့် အသက် ၂၃ နှစ်အရွယ် ဂေါင်ယွီဆိုလျှင် သူမရည်းစားနှင့် ယခုနှစ်အတွင်း လက်ထပ်ရန် ပြင်ဆင်နေပြီ။ ကောင်လေးက ကော်ဖီဆိုင်တစ်ဆိုင် ပိုင်သည်။ သူတို့ မိဘတွေကလည်း အိမ်ထောင်ပြုပြီးလျှင် သူတို့ဘဝ ရှေ့ရေးကို ပူပန်နေမိကြောင်း ပြောကြသည်။

“ကျွန်မတို့မှာ စုဆောင်းထားတာလည်း များများစားစား မရှိဘူး။ အဲဒါကိုလည်း စိတ်ထဲမှာ သောကဖြစ်မနေပါဘူး။ လူနှစ်ယောက်ဘဝကို တစ်ခုတည်းသော ဘဝဖြစ်အောင် ထူထောင်ကြရမှာ ဆိုတော့ စောစောယူ၊ စောစောကလေးမွေးတော့ စောစောအနားရတာပေါ့။ ကျွန်မတို့ မွေးလာတဲ့ ကလေးတွေက ကျွန်မတို့ကို ပြန်လုပ်ကျွေးမှာပေါ့” ဟု ဂေါင်ယွီက ဆိုသည်။
ခေတ်သစ်လက်ထပ်ပွဲ


မိဘများသဘောကျ လက်ထပ်ခြင်းကို သူတို့က မျက်မမြင်လက်ထပ်ပွဲဟု သူတို့က ခေါ်ကြသည်။ ရှေးဟောင်းဓလေ့အတိုင်း မိဘများ ချုပ်ကိုင်မှုအောက်တွင် မိဘများ သဘောကျပေးစား၍ ယူကြရခြင်း ဖြစ်သည်။ သတို့သားနှင့် သတို့သမီးတို့သည် လက်ထပ်သည့်နေ့ မတိုင်မီအထိ တစ်ဦးကိုတစ်ဦး မြင်ဖူးကြခြင်း မရှိပေ။ ထို့ကြောင့် မျက်မမြင်လက်ထပ်ပွဲဟု ဆိုကြခြင်းဖြစ်သည်။ ထိုလက်ထပ်ခြင်းမျိုးက မိဘများ စိတ်တိုင်းကျ စီစဉ်ပေးခြင်း ဖြစ်သဖြင့် ဘာမျှ စိုးရိမ်ပူပန်စရာ အကြောင်းမရှိ။ သူတို့ စီစဉ်သည့်အတိုင်း နောက်က လိုက်သွားရုံသာ ဖြစ်သောကြောင့် အဆင်ပြေသည့် လက်ထပ်ခြင်းဟု ဆိုရမည် ဖြစ်သည်။

“အသက် ၂၀ ပိုင်းတွေအထိ တရုတ်မှာက မိဘအပေါ် မှီခိုနေသူတွေ ရှိသေးတယ်။ သူတို့က ကိုယ်စွမ်းကိုယ်စ မရှိတော့ မိဘတွေ စီမံရာကိုပဲ နာခံလိုက်ကြတယ်။ ဒါကြောင့် သူတို့ကြိုက်တာကို သူတို့ရွေးတာ မဟုတ်ဘဲ မိဘတွေ အရင်ကြိုက်ပြီးမှ သူတို့ကိုတစ်ဆင့် ပြန်လွှဲပေးတာကို လက်ခံကြရတယ်” ဟု စိတ်ပညာရှင် ဝေယင်ဒီ ဆိုသူကပြောကြားသည်။

“မိဘတွေကို အလွန်အမင်း အားကိုးသူတွေကတော့ မိဘတွေ စီမံတာမှန်သမျှ ကောင်းတယ်လို့ ယူဆပြီး လက်ခံလိုက်ကြတာ များတယ်” ဟု သူမက ဆိုသည်။ ခေတ်သစ်မိဘတွေ စီမံသည့်အတိုင်း နာခံလိုက်သည့် သူများကို လိုက်လံ မေးမြန်းကြည့်သည့်အခါ သူတို့က “တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့တာတွေ၊ ရည်းစားထားတာတွေက အချိန်လည်းကုန်တယ်။ ငွေလည်းကုန်တယ်။ မိဘတွေ စီစဉ်တာကို ခေါင်းညိတ်လိုက်တော့ ငွေရေးကြေးရေး ဘာမှ ပူစရာမလိုတော့ဘူး” ဟု ဆိုကြသည်။
စောစောယူ၊ စောစောကွဲ


စောစော အိမ်ထောင်ကျတော့လည်း စောစောကွဲစရာ အကြောင်းဖန်လာသည်များ ရှိလာသည်။ လူငယ်အများစုသည် မိဘအထောက်အပံ့ အကူအညီ ရကြသူများ မဟုတ်ကြပေ။ သို့ဖြစ်ရာ အိမ်ထောင်ပြုပြီး ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန်ကြရရင်းက နောက်ဆုံးတွင် အားမတန်သောကြောင့် မာန်လျှော့ပြီး ခွဲခွာလိုက်ရခြင်းများလည်း ရှိနေသည်။

“ကျွန်မတို့ကတော့ ရန်တွေဖြစ်၊ ရိုက်နှက်ကြပြီးတော့ ကိုယ့်မိဘအိမ် ကိုယ်ပြန်လိုက်ကြတယ်” ဟု အသက် ၂၅ နှစ်အရွယ် လီဆိုသူက ပြောသည်။ သူတို့ လက်ထပ်ထားသည်က ၂ နှစ်သာ ရှိသေးသည်။ သူမက လက်ရှိ အနေအထားတွင် ကိုယ့်မိဘအိမ် ကိုယ်ပြန်နေလိုက်ခြင်းက မိမိတို့ ရင်ဆိုင်နေရသည့် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားသည်ဟု ဆိုသည်။

တစ်ခါတစ်ရံတွင် စီးပွားရေး ပြဿနာထက် အခြားမဟုတ်မဟတ် ပြဿနာများကြောင့် အိမ်ထောင် ကွဲကြရခြင်းများလည်း ရှိကြောင်း ဟီနန်နယ် လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ရုံးမှ တီယန်ဒင်းဒင်း ဆိုသူက ပြောကြားသည်။ အသက် ၂၀ အရွယ် အိမ်ထောင်ရှင်လေးများသည် တစ်ခါတစ်ရံ ခွေးကိစ္စ၊ သကြားလုံး လုသည့်ကိစ္စ၊ ကွန်ဒုံးသုံးသည့် ကိစ္စများနှင့် စကားများပြီး လာရောက်ကွာရှင်းကြကြောင်း သူမက ဆိုသည်။

ဂါမ်ဒေါင်းနယ်မှ အသက် ၂၄ နှစ်အရွယ် လီအန်းကတော့ ယောက္ခမနှင့် ပြဿနာဖြစ်ပြီး ကွာရှင်းခဲ့ရသည်။ ယောက္ခမက သူတို့အိမ်ကို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်လုပ်သည်။ ပြောတော့လည်း သူ့သားအိမ် သူလာတာ ဘာဖြစ်သလဲဟု ပြန်ပြောသည်။ သို့ဖြစ်ရာ လင်မယားချင်းပါ စကားတွေများပြီး သည်းမခံနိုင်သည့်အဆုံး ကွာရှင်းလိုက်ကြသည်ဟု ဆိုသည်။

The Voice Weekly