သမ္မတ အိုဘားမားမှ အငြင်းပွားကျွန်းစုများသည် အမေရိကန်-ဂျပန် လုံခြုံရေး သဘောတူညီမှု စာချုပ်တွင် ပါဝင်ကြောင်း ပြောဆိုခဲ့

ပို့စ်တင်ချိန် - 4/24/2014 07:59:00 AM


ဧပြီ ၂၃။

အမေရိကန်-ဂျပန် နှစ်ဖက်သဘောတူ ချုပ်ဆိုထားသော လုံခြုံရေး စာချုပ်အရ အရှေ့တရုတ်ပင်လယ်ရှိ တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုများနှင့် ပတ်သတ်လာလျှင် အမေရိကန်အနေဖြင့် ဂျပန်၏ ကာကွယ်မှုအတွက် တာဝန်ယူပေးမည် ဖြစ်ကြောင်း သမ္မတ အိုဘားမားမှ ပြောဆိုခဲ့သည်။

တင်းမာနေသော တရုတ်၊ မြောက်ကိုရီးယားအရေးနှင့် ပတ်သက်ပြီး အမေရိကန်-ဂျပန် ဆက်ဆံရေးကို ခိုင်မာစွာ ပြန်လည်တိုးမြှင့်ရန် လာရောက်မည့် ခရီးစဉ် မတိုင်မီတွင် ယခုကဲ့သို့ အိုဘားမား၏ အာမခံ ပြောကြားသော မှတ်ချက်စကားကို ဂျပန်နိုင်ငံ ယိုမီယူရီ သတင်းစာမှ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ အမေရိကန်ရဲ့ မူဝါဒကတော့ ရှင်းလင်းပါတယ်။ ဒီစန်ကာကူကျွန်းတွေဟာ ဂျပန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့အတွက်ကြောင့် အမေရိကန်-ဂျပန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေး စာချုပ်ထဲမှာ အကျုံးဝင်ပါတယ်” ဟု စန်ကာကူဟု ဂျပန်မှ ခေါ်ဆိုပြီး ဒိုင်အိုယုဟု တရုတ်မှ ခေါ်ဝေါ်သည့် အငြင်းပွားကျွန်းစုနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။

“ ဒီကျွန်းစုတွေအပေါ် ဂျပန်ရဲ့ အုပ်ချုပ်မှုကို ငြင်းဆန်တဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို ကျွန်တော်တို့ ဆန့်ကျင်ပါတယ် ” ဟုလည်း ပြောကြားခဲ့သည်။

အိုဘားမား၏ ဂျပန်ခရီးစဉ်သည် အာရှလေးနိုင်ငံ ခရီးစဉ်၏ ပထမဆုံး ခြေလှမ်းဖြစ်သည်။ အဓိကကျသော မဟာမိတ်များဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့အား ၎င်းတို့၏ မဟာမိတ်ဖွဲ့စည်းမှုသည် ခိုင်မာလျှက်ရှိကြောင်း ပြသရမည် ဖြစ်ပြီး အင်အားကြီးမားလာသည့် တရုတ်ကိုလည်း မထိခိုက်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။

ယိုမီယူရီမှ မေးမြန်းခဲ့သော မေးခွန်းများကို စာရေးသားပြန်ကြားမှုတွင် အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် နိုင်ငံအားလုံးမှ စိတ်ပါဝင်စားကြကြောင်း အိုဘားမားမှ တရုတ်သမ္မတ ဇီကျင်းပင်အား ပြောကြားခဲ့သည်ဟု ပါဝင်ခဲ့သည်။

ပုဂ္ဂလိကပိုင် ၎င်းနယ်မြေအား ၂၀၁၂ ခုနှစ်တွင် ဂျပန်အစိုးရမှ ဝယ်ယူခဲ့ပြီးနောက်တွင် ဂျပန်နှင့် တရုတ်တို့၏ ရေတပ်သင်္ဘောများ၊ ကမ်းရိုးတန်းစောင့် သင်္ဘောများသည် မကြာခဏ ထိပ်တိုက်ရင်ဆိုင်မှုများကို ကြုံတွေ့နေကြရသည်။

ဝါရှင်တန် အစိုးရအနေဖြင့် ရှုပ်ထွေးလှသည့် အခြေအနေများကို အာရှတွင် ကြုံတွေ့နေစဉ်တွင် အမေရိကန်နှင့် တရုတ်တို့သည် ခိုင်မာသည့် ကမ္ဘာ့စီးပွားရေး၊ မြောက်ကိုရီးယား၏ နျူကလီးယား ဖယ်ရှားရေးစသည့် နှစ်ဖက် စိတ်ပါဝင်စားမည့် ကိစ္စများတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ယုံကြည်ကြောင်း အိုဘားမားမှ ပြောဆိုခဲ့သည်။

“ တိုးတက်လာနေပြီး တည်ငြိမ်တဲ့၊ ကြွယ်ဝတဲ့၊ ငြိမ်းချမ်းပြီး ကမ္ဘာ့ရေးရာတွေမှာ အရေးပါတဲ့နေရာကနေ ပါဝင်လာတဲ့ တရုတ်ကို ကြိုဆိုပါတယ် ” ဟုလည်း ပြောကြားခဲ့သည်။

Ref – Reuter
The Myanma Age