မြန်မာအလုပ်သမားများပါသည့် ကားမှောက်၊ ၁ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/24/2014 04:11:00 PM


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတွေ စီးနင်း လိုက်ပါလာတဲ့ ဘတ်စ်ကား ၁ စီး တိမ်းမှောက်ပြီး ၁ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

မဲဆောက်မြို့နယ် မဲ့ထော့ရဲစခန်းက ဒုရဲမှူး ဘန်းလုမ်းရုံးကစ်ရဲ့ ပြောကြား ချက်အရ  အဲဒီ ကားဟာ  ဧပြီလ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်က မဲဆောက်မြို့မှာအထွက် မဲ့ထော့ရွာအနီး ဒွိုင်လုတ်တောင်ကုန်းနားမှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးချက်အရ အဲဒီကားဟာ မြန်မာအလုပ်သမား ၅၀ ကျော်ကို တင်ဆောင်ပြီး ဧပြီ ၂၃ ရက်နေ့ညက ထွက်ခွာလာခဲ့ကြောင်း၊ အခင်းဖြစ်ပွားတဲ့နေရာအရောက် အရှေ့က အရှိန်နဲ့ မောင်းလာတဲ့ ကားတစီးကို တိမ်းရှောင်ရင်း ဘရိတ်ပေါက်ကာ သစ်ပင်နဲ့ ၀င်ဆောင့်ပြီး တိမ်းမှောက်ခဲ့တာလို့ ဒုရဲမှူးက ပြောပါတယ်။

ဒီမတော်တဆမှုမှာ ယာဉ်မောင်းဖြစ်သူ အသက် ၅၇ နှစ်ရှိ ထိုင်းအမျိုးသား ပွဲချင်းပြီး သေဆုံးကာ ထိုင်းလူမျိုး ၂ ဦး နဲ့ မြန်မာအလုပ်သမား ၁၅ ဦး၊ စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရကာ တက်ဆင်မဟာရတ်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့  ဒုရဲမှူးက ဆက်ပြောပါတယ်။

ကားပေါ် ပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်မှာ အလုပ်လုပ်နေတာ ဖြစ်ပြီး သင်္ကြန်ပိတ်ရက် အိမ်ပြန်ပြီးတဲ့နောက် အလုပ်ဆင်းဖို့ ပြန်လာတာ ဖြစ်ကြောင်း၊ အားလုံးဘဲ ယာယီနိုင်ငံကူးလက်မှတ် အထောက်အထားတွေ ရှိကြောင်း  ဒုရဲမှူး အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

DVB Burmese