ဗိုလ်လုပွဲ တက်ရန် ချယ်လ်ဆီးက ပိုမို အလားအလာ ကောင်းသွားပြီဟု အက်သလက်တီကို နည်းပြ ဝန်ခံ

ပို့စ်တင်ချိန် - 4/24/2014 08:29:00 AM


လက်ရှိ အနေအထား အရ ချယ်လ်ဆီးက ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ရန် ပိုမို၍ အလားအလာ ကောင်းမွန် နေပြီဟု အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်းက ဝန်ခံပြောကြား လိုက်သည်။

ဟိုဆေးမော်ရင်ဟို၏ တပ်ဖွဲ့သည် ပထမ အကျော့ အကြို ဗိုလ်လုပွဲကို အက်သလက်တီကို၏ အိမ်ကွင်း ဗင်းဆင့်ကယ်လ်ဒါရွန်၌ ခံစစ် အထိုင် ကစားပြီး ဂိုးမရှိ သရေရလဒ်ကို အရ ယူနိုင်ခဲ့သည်။ ထို့ကြောင့် ဒုတိယအကျော့ စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ကစားချိန်၌ ချယ်လ်ဆီး အတွက် အတန်ငယ် အသာစီး အနေအထားကို ပိုင်ဆိုင် သွားပြီ ဖြစ်သည်။ သို့သော်လည်း ခံစစ်ပိုင်းနှင့် ကွင်းလယ် ခံစစ်တို့တွင် ချယ်လ်ဆီး ကစားသမားကောင်းများ ပွဲပယ်၊ ဒဏ်ရာရ အခြေအနေများနှင့် ကြုံနေရခြင်းကမူ အင်္ဂလန် ကလပ်အတွက် အခက်အခဲ တစ်ရပ် ဖြစ်လာနိုင်သည်။


အာဂျင်တီးနားသား ဆီမြွန်းက “ခုပွဲစဉ်ဟာ တကယ့်ကို ခက်ခဲခဲ့ပါတယ်။ ဘယ်သူကမှ အသာစီးမယူနိုင်ခဲ့ဘူးလေ။ ကျွန်တော်တို့ ဖိကစားပေမယ့် ဂိုးပေါက်ရှာမတွေ့ခဲ့ဘူး။ ပြောရမယ်ဆိုရင် ဒီပွဲကို ကျွန်တော်တို့ နိုင်ထားခဲ့သင့်တာပါ။ ပွဲရဲ့ အရှိန်အဟုန်က ပြင်းထန်ပြီး နှစ်သင်းလုံး ဗိုလ်လုပွဲရောက်ဖို့ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ကွင်းမှာ သရေကျသွားလို့ ချယ်လ်ဆီးဘက်က နည်းနည်းတော့ အသာရနေတာပေါ့။ ဘာပဲဖြစ်ဖြစ် အဝေးကွင်းမှာ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ပြောကြားသွားသည်။

၎င်းက အာဒါတူရန်အစား ဘရာဇီးလ် ကွင်းလယ်ဖန်တီးရှင် ဒီယေဂိုကို ပွဲထုတ်ခင်းကျင်းခဲ့သည့် စိတ်ကူးစိတ်သန်းကိုလည်း ရှင်းပြခဲ့သည်။ “တိုက်စစ်က ဒီယေဂို ကော်စတာကို ပံ့ပိုးဖို့ ကွင်းလယ်ပိုင်းမှာ လူများများ ရှိစေချင်ပါတယ်။ အပြောင်းအလဲ တစ်ခုကို ကျွန်တော်တို့ ဖန်တီးခဲ့တယ် ဆိုပါတော့။ ဘာပဲဖြစ်ဖြစ် ခုပွဲဟာ ကွင်းထဲကလူတိုင်း အပြင်းအထန် အားထုတ်ရင်း ပွဲကောင်းတစ်ပွဲတော့ ဖြစ်ခဲ့ပါတယ်”ဟု ဆီမြွန်းက မှတ်ချက်ပြုသွားသည်။
Ref:skysports
Soccer Myanmar