အူရီးဒူး အော်ပရေတာက မြန်မာဝန်ထမ်း ၅၀၀ ကျော်ခန့်ထားပြီးဖြစ်

ပို့စ်တင်ချိန် - 4/24/2014 06:36:00 PM


စ ချိုကို

ရန်ကုန်၊ မဇ္ဈိမ။ ။ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသော မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးက မြန်မာဝန်ထမ်းဦးရေ ၅၀၀ ကျော် ခန့်အပ်ထားပြီးဖြစ်သည်ဟု ကုမ္ပဏီက ဧပြီ ၂၃ ရက်တွင် သတင်း ထုတ်ပြန် လိုက်သည်။

အူရီးဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က “ ကျွန်တော်တို့ ခန့်အပ်ပြီးသွားတဲ့ မြန်မာဝန်ထမ်း ဦးရေက အခုဆို ၅၀၀ ကျော်သွားပါပြီ၊ ကုမ္ပဏီ အောင်မြင်စွာ ဖြစ်ထွန်းရေးအတွက် အလုပ်ကြိုးစားနေကြပါတယ်” ဟု ပြောသည်။

အူရီးဒူးက မိုဘိုင်းအော်ပရေတာ လုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၁၄ ဖေဖော်ဝါရီ ၅ ရက်က ရရှိခဲ့ပြီး ဇူလိုင်လအတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသွားမည်ဟု ဆိုသည်။ ထို့ပြင် လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်း ၅၀၀၀ ခန့်အပ်သွားရန် ပြင်ဆင်နေပြီး ၀န်ထမ်း၏ ၉၉ ရာ ခိုင်နှုန်းအထိ မြန်မာဝန်ထမ်းထားရှိသွားမည်ဟုလည်း အူရီးဒူးက ပြောကြားထားပြီးဖြစ်သည်။

မိုဘိုင်းဖုန်းများ အသုံးပြုရာတွင်လည်း Frequency 900 MHz နှင့် 1200 MHz ဆက်သွယ်ရေး လိုင်းများဖြင့် 3G ကွန်ယက်ကို စတင် ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

တယ်လီနော၊ အူရီဒူး နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က ဆက်သွယ်ရေးလိုင်စင်များ ရရှိထားပြီး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။ ရတနာပုံတယ်လီပို့အများပိုင် ကုမ္ပဏီကလည်း မကြာမီတွင် လုပ်ငန်းလိုင်စင် လုပ်ကိုင်ရဖွယ်ရှိနေသည်။

ပြည်ပအော်ပရေတာနှစ်ခုက အလုပ်အကိုင်များခန့်အပ်ရာတွင် မြန်မာလုပ်သား တစ်ထောင်ခန့်အထိ ခန့်အားထားနိုင်ခဲ့ပြီး လာမည့် ငါးနှစ်အတွင်း ကုမ္ပဏီ တည်မြဲဝန်ထမ်း ၈၀၀၀ ကျော်နှင့် ဆက်စပ်လုပ် ငန်းများမှ အလုပ်အကိုင် သောင်းနှင့်ချီ၍ ခန့်အပ်သွားနိုင်မည်ဖြစ်သည်။

Mizzima Burmese