လေးလအတွင်းမှာ ၄၅ပေါင်ကျခဲ့တဲ့ အမျိုးသား တစ်ဦးဟာ သူ့ရဲ့ ပြောင်းလဲမှုက သူ့ကလေးတွေနဲ့ သူ့ကို ပိုပြီးနီးကပ် စေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပို့စ်တင်ချိန် - 5/14/2014 12:39:00 PM



အိုဟိုင်းအိုးပြည်နယ်၊ ရှီနီယားမှာ နေထိုင်သူ အသက် ၄၅နှစ်ရှိ Matt Manning ဆိုသူ အမျိုးသားဟာ နှလုံးနာကျင်ကိုက်ခဲမှုနဲ့ သတိလစ်မေ့မျောမှုများ ခံစားလာရတဲ့အတွက် ကျန်းမာပြီး ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာရှိမှသာ သူ့ ကလေးတွေနဲ့ ပျော်ပျော်ရွင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်မယ်ဆိုတာ သိခဲ့ပြီး အချိန်မီ ပြင်ဆင်ခွင့် ရခဲ့ကာ ကျန်းမာကြံ့ခိုင်အောင် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Bodybuilding.com က ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အီးမေးလ်ကလည်း သူ့ကို ပြောင်းလဲစေဖို့ နှိုးဆော်လိုက်သလိုပါပဲ။

ဒါ့ကြောင့် Bodybuilding.com ပြိုင်ပွဲဝင်ခဲ့ပြီး နေ့တိုင်း လေ့ကျင့်ခန်းစလုပ်ကာ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာတွေပဲ စားကာ သူ့ရဲ့ တိုးတက်မှုနှုန်းကို နေ့တိုင်း စောင့်ကြည့်အကဲခတ်ပါတယ်။ လေးလ ကြာပြီးတဲ့နောက်မှာတော့ သူဟာ ၄၅ပေါင် ကျသွားပြီး အလွန့်ကို ပျော်ရွှင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကနေ ပထမဆု အနေနဲ့ ဒေါ်လာ ၅သောင်း ဆုရခဲ့ပါသေးတယ်။

ကျွန်တော့်ကလေးတွေက ကျွန်တော့်ကို superhero နဲ့ တူတယ်လို့ ပြောကြတယ်ဗျ။ ကျွန်တော့်သမီးကဆိုရင် အရင်က ဓါတ်ပုံနဲ့ ယှဉ်ကြည့်ပြီး မထင်မှတ်လောက်အောင် ပြောင်းလဲသွားတယ်။ သူမလည်း အဖေ့ကို လိုက်လုပ်ရင် အဲလိုပဲပြောင်းလဲ သွားမှာပဲလို့တောင် ပြောပါတယ်။

Mr Manning က သူ့ရဲ့ ဖခင်ဟာလည်း ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီး အဖေ့လိုဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။ ကျွန်တော် အရင်အတိုင်းသာ ဆက်နေသွားမယ်ဆိုရင် နှလုံးအဆို့ရှင် လဲရဖို့က အတော့်ကို သေချာနေတယ်ဗျ။ နောက်ပြီး ကျွန်တော် အရင်ကတည်းက ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်ခဲ့တယ်ဗျာ။ တကယ်ဆိုရင် ဟိုးအရင်ကတည်းက အဖေ့လို ကျန်းမာ ကြံ့ခိုင်အောင် နေခဲ့သင့်တယ်လို့ ပြောပါတယ်။

အရပ် ငါးပေ ၉လက်မ ရှိတဲ့ Mr Manning ဟာ အရင်က ၂၁၃ပေါင် ရှိခဲ့ပြီး လေးလအတွင်း အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ် သင့်တော်တာတွေပဲ ပြင်ဆင်စားသောက်ခဲ့ပြီး လေ့ကျင့်ခန်းလဲ နေ့စဉ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ မနက် ၈နာရီကနေ ညနေ ၄နာရီအတွင်းသာ စားသောက်ပြီး  စားလိုက်တဲ့ ကယ်လိုရီတွေကို  မြန်မြန်  လောင်ကျွမ်းစေဖို့ လေ့ကျင့်ခဲ့ပါတယ်။ တစ်နေ့တာရဲ့ ကျန် ၁၆နာရီလုံး အစာမစားဘူးလို့ သိရပါတယ်။

သူ့ရဲ့ ဇနီး Candice ကိုလည်း သူ့ရဲ့ လေးလတာ ကာလအတွင်း အကောင်းဆုံး ကူညီပေးခဲ့သူ အဖြစ် ချီးမွမ်းပြောဆိုထားပါတယ်။ World-Myanmar ပရိသတ်တွေရော အားကျနေပြီလား။ အားကျနေရင်တော့ အမြန်ဆုံး သူ့လို ပြင်ဆင်လိုက်ရင် ကာလတိုအတွင်း ကျန်းမာ ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာ အမိုက်စား ရလာမယ်လို့ ယုံကြည်ထားလိုက်ပါ။

World-Myanmar News
ref: dailymail.co.uk