နိုင်ငံရေး၊ နိုင်ငံ့အရေး

ပို့စ်တင်ချိန် - 6/22/2014 08:48:00 PM


လက်ရှိ မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနှင့် ပတ်သက်၍ ပြင်ပပပညာရှင်၊ လူပုဂ္ဂိုလ်၊ နိုင်ငံရေးခေါင်းဆောင်၊ ဥပဒေပညာရှင် အစရှိသူတို့က The Voice အယ်ဒီတာအဖွဲ့ထံသို့ ပေးပို့လာသော သုံးသပ်ချက်မြင်ကွင်းများကို ဤကဏ္ဍတွင် ဖော်ပြပေးခြင်း ဖြစ်ပါသည်။
အယ်ဒီတာ

နိုင်ငံရေးလုပ်တာ အများအတွက်၊ တိုင်းပြည်အတွက် ဖြစ်တယ်။ ဒီလို ခံယူလုပ်ဆောင်ပြီး နိုင်ငံရေးလုပ်တာ ကောင်းတယ်။ နိုင်ငံသားတိုင်း အများအတွက်၊ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်ခွင့် ရှိနေရမယ်။ ဒီလိုဆိုရင် နိုင်ငံသား တစ်ယောက်ယောက်ကို ဒါမှမဟုတ် လူတချို့ကို၊ နိုင်ငံသားအများစုကို နိုင်ငံရေးမလုပ်ရ၊ လုပ်ခွင့် မပြုဘူးဆိုရင် မတရားဘူး၊ မမျှတဘူး။ သူတို့လည်း ပါဝင်ခွင့် မရဘူးဆိုရင် ကျေနပ်မှာ မဟုတ်ဘူး။ ကန့်သတ်ပိတ်ပင် တားဆီးနေရင် ခံမှာ မဟုတ်ဘူး။ အာဏာနဲ့ တားဆီး လုပ်ဆောင်ထားရင်လည်း ဆန့်ကျင်နေမှာပဲ။ ဥပဒေနဲ့ ပိတ်ပင်ထားလည်း လွတ်မြောက်အောင် ရုန်းထွက်မှာပဲ။ နိုင်ငံသားလေ။

နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို ပေးရမယ်။ လေးစားရမယ်။ သူ့မှာလည်း နိုင်ငံတော်ကို ကာကွယ်ဖို့၊ ချစ်မြတ်နိုးဖို့၊ အကျိုးပြုဖို့ တာဝန်တွေ ရှိတာပဲ။ ကိုယ်ပဲ ချစ်မယ်၊ ကိုယ်ပဲ ချစ်တယ်၊ ကိုယ်ပဲ ကာကွယ်ခွင့် ရှိတယ်လို့ ပြောဖို့ လုပ်ဆောင်နေရင် တရားမျှတမှု မရှိဘူး၊ မမှန်ကန်ဘူး။ တရားမျှတမှု မရှိတဲ့ တွေးခေါ်ဆောင်ရွက်မှုတွေဟာ လူ့အဖွဲ့အစည်းကို ဒုက္ခဖြစ်စေတယ်။ လွန်စွာမှ အကျည်းတန် အရုပ်ဆိုးတယ်။ တကယ်တော့ ဒါတွေ သင်ခန်းစာတွေ ရှိပြီး ဖြစ်တယ်။ မှားတဲ့ လွဲတဲ့ လမ်းကြောင်းကို မလိုက်မိဖို့ လိုတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရတယ်။ ၁၉၆၂ ခုနှစ်အထိ ပါလီမန် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၀/ ၂၀၁၁ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု (အမိန့်ပေး အမိန့်ခံ အုပ်ချုပ်မှု) တွေ ရှိခဲ့တယ်လို့ ကမ္ဘာက ဆိုခဲ့ကြတယ်။ မြန်မာပြည်သူ တချို့လည်း အဲဒီအထဲမှာ ပါကြတယ်။

အမိန့်ပေးနိုင်ခဲ့တဲ့ အကြီးအကဲဟောင်း တချို့ဟာ နိုင်ငံကိုချစ်တာ အမှန်၊ နိုင်ငံကို ကောင်းစားစေလိုတာ အမှန်။ အရည်အချင်းလည်း ရှိကြတယ်၊ အတွေ့အကြုံလည်းကြွယ်ဝတယ်။ အင်အားလည်း တောင့်တင်းတယ်။ အုပ်စုလည်း ကောင်းကောင်းရှိတယ်။ စေတနာကောင်း၊ ရည်ရွယ်ချက်ကောင်း၊ အရည်အချင်းကောင်းတွေ ရှိပေမယ့် ပြည်သူက ရွေးကောက်ထားသော အစိုးရ မဟုတ်၍ ပြည်သူအများစုက လက်မခံ၊ ကမ္ဘာက မကြိုက်တော့ စေတနာနှင့် ရည်ရွယ် မျှော်မှန်းချက်အတိုင်း ဖြစ်မလာဘဲ ဆင်းရဲတဲ့နိုင်ငံ၊ ဒုက္ခပင်လယ်ဝေတဲ့ နိုင်ငံ ဖြစ်လာတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားညီညွတ်ရေးများ ဆုံးရှုံးခဲ့ရတယ်။ နစ်နာတော့ တိုင်းရင်းသား ပြည်သူများ၊ မိမိနိုင်ငံသားများ။ ဒါကြောင့် ကမ္ဘာမပြောနဲ့ အာရှ-အရှေ့တောင်အာရှမှာတောင် သူများနှင့် တန်းတူရှိဖို့ ကြိုးစားရဦးမယ်။

တို့မြန်မာတွေကတော့ အမြဲတမ်း မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ နိုင်ငံ့ဂုဏ်အတွက် ပြောကြ၊ လုပ်ကြ၊ ကြိုးစားကြတယ်။ မရောင်ရာ ဆီလူး၊ အနာနှင့် ဆေးတည့်အောင် မပေးနိုင်၊ မအပ်စပ်တာတွေ ရှိနေပေမယ့် အာဏာရှိသူနှင့် အခွင့်အရေး ပေးနိုင်သူများနောက် ပါနေပြီး တိုင်းပြည်တိုးတက်ရေး လမ်းကြောင်းကို ပိတ်ဆို့စေသလို မှုန်ဝါးဝါးလည်း ဖြစ်စေတယ်။

ဒီကိစ္စတွေ ပြင်ဆင်ဖို့၊ ပြုပြင်ပြောင်းလဲဖို့ အကောင်းဆုံးအချိန်ဟာ ဒီအချိန်ပဲ။ ဒီအချိန်မှာ နိုင်ငံ့ခေါင်းဆောင်ပိုင်းက အတိတ်သင်ခန်းစာတွေကို ရယူပြီး လက်ငင်း အခြေအနေအရ နိုင်ငံကောင်းဖို့၊ ပြည်သူအများ အကျိုးရှိဖို့အတွက် အမှန်အတိုင်း ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး ရဲရဲလုပ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ်နဲ့ ကိုယ့်အဖွဲ့ထဲက ယုံကြည်ရသူ တစ်ယောက်စ နှစ်ယောက်စရဲ့ အကြံအစည်လေးနဲ့ လုပ်နေတာထက် ကိုယ်နဲ့ သဘောထား တူတူ၊ မတူတူ အမှန်ကို ပြောဝံ့သူ၊ ပါတီတူ၊ ပါတီကွဲထဲက အဓိကကျသူတွေနဲ့ ညှိနှိုင်းအဖြေရှာရင် မြန်မာတို့ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် လှပစေမှာ ဖြစ်ပါတယ်။

တစ်နေရာမှာ အစိုးရ အကြီးအကဲတစ်ဦးက ပြောခဲ့ဖူးတယ်။ အသိခေါက်ခက် အဝင်မနက်ကြဖို့၊ စကားကို စကားအဖြစ် မထားဘဲ အလုပ်နဲ့ လက်တွေ့နယ်ပယ်မှာ လုပ်ကြဖို့ ဆိုတဲ့ စကားပါ။ ဒီစကားအတိုင်း ပြည်သူတွေအတွက် လက်တွေ့ အလုပ်လုပ်ကြဖို့ လိုပါတယ်။ အလွန်ချစ်စရာကောင်းတဲ့ ယနေ့ပြည်သူတွေဟာ အလွန်တရာ သနားစရာ ကောင်းလှပါတယ်။ ကိုယ်အာဏာရဖို့အတွက် ပြည်သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ အသုံးခံခဲ့ရရှာတယ်။ ကိုယ်သြဇာသက်ရောက်ဖို့ အဖွဲ့အစည်းတွေကို အမည်ခံပြီး သုံးခဲ့ကြတယ်။ နောင်မှာ ဒီလို အသုံးချတာမျိုးတွေ နည်းသွားအောင်၊ ပပျောက်သွားအောင် ကြိုးစားကြရမယ်။

ကျွန်တော်တို့ ညီညွတ်ရင် ညီညွတ်သလောက် ပြည်သူတွေ အကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ အလွန်မှန်တဲ့ စကားဖြစ်လို့ စကားနောက် တရားပါဖို့ဆိုရင် ဆွေးနွေးကြရမယ်၊ တိုင်ပင်ကြရမယ်၊ ညှိနှိုင်းကြရမယ်။ တကယ့်အချိန်ကောင်းပါ။ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ် ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ။ စေတနာမှန်တဲ့ ပုဂ္ဂိုလ်များရဲ့ စေတနာမှန်သော စကားနဲ့ လုပ်ရပ်တွေ အလိုအပ်ဆုံး အချိန်ပါ။ ဒီအလုပ်တွေကို တခြားဘယ်သူကမှ လာလုပ်လို့၊ ဝင်လုပ်လို့မှ မရပါဘူး။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ ဝင်လုပ်လို့ မရပါဘူး။ တကယ့်သတ္တိရှိရမယ့် အချိန်။ အဲဒီလိုသာ ဆောင်ရွက်မယ် ဆိုရင် အလိုချင်ဆုံးသော အရာ၊ အလိုချင်ဆုံးသော ဆုများ ရရှိမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ရေပန်းစားခဲ့တဲ့ စကားလေးတစ်ခု ရှိတယ်။ “ညှိတတ်ရင် ပြေလည်ပါတယ်တဲ့” ဒီနေ့ ဒီအချိန်မှာလည်း ဒီအတိုင်းပါပဲ။ သေးသေး၊ ကြီးကြီး၊ ငယ်ငယ် ညှိတတ်ရင် ပြေလည်ပါတယ်။ မိမိနိုင်ငံ တစ်နိုင်ငံသာမက ကမ္ဘာတင်မယ့် ကိစ္စပါ။

ဒီမိုကရေစီကျင့်စဉ် ရင့်သန်ဖို့ အချိန်တစ်ခု လိုတာ မှန်တယ်။ လိုအပ်ချက်ကို အချိန်နှင့်ပဲ တိုင်းတာရမယ်။ အလုပ်တစ်ခုကို လုပ်သင့်တာ မလုပ်မိရင်လည်း မှားတာပဲ။ လုပ်သင့်တာတွေ ရှိနေပြီ၊ သိနေပြီ၊ လုပ်ကြဖို့ လိုတယ်။

ဒီမိုကရေစီ မရင့်သန်ရင် ရင့်သန်အောင် လုပ်ရမယ်။ ဒီမိုကရေစီက ကျင့်စဉ်မို့လို့ ကျင့်စဉ်အတွက် လေ့ကျင့်ပေးရမယ်၊ လေ့ကျင့်ရဲရမယ်၊ တာဝန်ယူရဲရမယ်။ လမ်းကြောင်းက သွေဖည်မယ် ဆိုရင်လည်း သွေဖည်သူကို စနစ်ကပဲဖြစ်ဖြစ် ပြည်သူကပဲဖြစ်ဖြစ် ဒဏ်ခတ်ပါလိမ့်မယ်။

ဒီမိုကရေစီ လူ့ဘောင်ကို သွားဖို့ဆိုရင် အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ဖို့လည်း လိုတယ်။ Practice make perfect လို့လည်း မှတ်သားဖူးပါတယ်။ Practice became behavior, Behavior became character အကျင့်က အပြုအမူ ဖြစ်လာတယ်။ အပြုအမူက အကျင့်စရိုက် ဖြစ်လာတယ်။ အကျင့်စရိုက်က ယဉ်ကျေးမှု ဖြစ်လာတယ်။ ဒါကြောင့် အကျင့်ကောင်းတွေ အစပြုပေးဖို့ လိုတယ်။ ကောင်းတဲ့ လုပ်ငန်းအတွက် အစပြုတာဟာ နောက်ကျတယ်လို့လည်း ပြောလို့ မရသလို စောလွန်းတယ်လို့လည်း မဆိုနိုင်ဘူး။ ဒါကြောင့် လုပ်သင့်တာ လုပ်ကြရလိမ့်မယ်။ လုပ်သင့်တာကို လုပ်ရမယ့်အချိန်မှာ မလုပ်မိလို့ မှားခဲ့ရင် တိုင်းပြည်နစ်နာဆုံးရှုံးမယ်။ ပြည်သူတွေရဲ့ဘဝ၊ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးမယ် ဆိုရင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရမယ်။

ဒီမိုကရေစီဆိုတာ Latin ဘာသာအရ ဒီမို +ကရာတီးယား Demo- ပြည်သူ့ Cratia-ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ပြည်သူများ ပါဝင်ဖို့ ပြည်သူအားလုံး ပါဝင်ဖို့ လိုတယ်ဆိုတဲ့ သဘောရတယ်။ ပြည်သူအားလုံး၏ ဆန္ဒ တညီတညွတ်တည်း ဖြစ်ဖို့ ခက်ခဲတယ်။ ကွဲပြားခြားနားတဲ့ အယူအဆ၊ ဆန္ဒတွေကို ညှိနှိုင်းဆွေးနွေးကြပြီး အများစု လိုလားလက်ခံတဲ့ အယူအဆနဲ့ ဆန္ဒကို လိုက်ပါ ဆောင်ရွက်ရတယ်။ အနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထား လက်ခံပြီး ဆွေးနွေးမှု၊ အချေအတင် ပြောဆိုမှု၊ ပြောဆို ထိန်းကျောင်းမှုတွေနဲ့ ပြည်သူ့အရေး၊ နိုင်ငံ့အရေးအတွက် ဆောင်ရွက်သွားကြရမယ်။ ဒါကြောင့် ဒီမိုကရေစီစနစ် ဆိုတာ အားလုံး ပါဝင်ကြရမယ်။ အနိုင်ရ အဖွဲ့အစည်း၊ အနိုင်ရပါတီ၊ အနိုင်မရတဲ့ အဖွဲ့အစည်း၊ အနိုင်မရတဲ့ ပါတီနဲ့ ပြည်သူများ ပါဝင်ရမယ်။ နိုင်ငံ့အရေးကို နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ခြင်းကို နိုင်ငံရေးလို့ ခေါ်ပြီး နိုင်ငံ့အရေးကို နိုင်ငံသားများနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများက ဦးဆောင် လုပ်ဆောင်ကြရတယ်။ အနိုင်ရ ပါတီများသာ နိုင်ငံ့အရေးကို ပိုမိုဆောင်ရွက်ခွင့် ရှိမှာ ဖြစ်ပါတယ်။ အနိုင်မရတဲ့ ပါတီတွေကလည်း အနိုင်ရပါတီရဲ့ နိုင်ငံ့အရေး ဆောင်ရွက်မှုတွေအပေါ် အပြုသဘော ဝေဖန်မှု၊ ယှဉ်ပြိုင်မှု၊ ဆွေးနွေးမှုတွေနဲ့ ပြန်လည် ထိန်းကျောင်းနေတာက ကောင်းမွန်တဲ့ နိုင်ငံရေး လုပ်ဆောင်ချက်နဲ့ ဖြစ်စဉ်တွေကို အကောင်အထည် ဖော်နေတာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးကို နိုင်ငံသားတိုင်း စိတ်ဝင်စားကြရမယ်။ နိုင်ငံရေးပါတီတိုင်းသည် အမျိုးသားနိုင်ငံရေးကိုပါ ထည့်သွင်း ဆောင်ရွက်ကြရမယ်။ အာဏာရှင်နိုင်ငံလို့ ခေါ်ဆို သမုတ်ကြတဲ့ နိုင်ငံတွေမှာတောင် နိုင်ငံရေးပါတီတွေက ဦးဆောင်နေကြတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်မှာ နိုင်ငံရေးပါတီများကသာ ဦးဆောင်ကြရမှာ ဖြစ်တယ်။

သင်ဟာ နိုင်ငံသား ဖြစ်နေရင် နိုင်ငံ့အရေးကိုလည်း စိတ်ဝင်စားပါ။ နိုင်ငံရေးကို စိတ်မဝင်စားဘူး၊ စားဝတ်နေရေး၊ လူမှုရေးကိုပဲ စိတ်ဝင်စားတယ်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပဲ လိုချင်တယ် ဆိုကြသူတွေဟာလည်း တကယ်တမ်း ပြောရရင် အဲဒီလို လိုချင်တဲ့ အကြောင်းအရာ ကိစ္စတွေ ကိုယ်တိုင်က နိုင်ငံ့အရေး၊ နိုင်ငံရေးပဲ ဖြစ်ပါတယ်။

နိုင်ငံ့အရေး (ဒါမှမဟုတ်) အမျိုးသားအရေးဟာ အရေးကြီးတယ်လို့ ဆိုရင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြရမယ်။ နိုင်ငံရေးကို စိတ်ဝင်စားကြဖို့ လိုတယ်။ နိုင်ငံ့အရေး၊ နိုင်ငံသားအားလုံးရဲ့ စားဝတ်နေရေး၊ လူမှုရေးကို ကောင်းကောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

သူရဦးရွှေမန်း
The Voice