ဆိုင်ဖွင့်တဲ့အခါ နာမည်ဘယ်လိုပေးရင်ကောင်းမလဲ


 ပဲခူးမြို့က ထမင်းဆိုင်လေးတခုကို တွေ့ရတော့ ဆိုင်နာမည်ပေးပုံဟာ အဆိုတော် Rဇာနည် နာမည်ကြီးလာခြင်းနဲ့များ ဆိုင်နေမလားလို့ ထင်စရာပါပဲ။  
 -
 .
. ဆိုင်နာမည်ကို Dနား လို့ ပေးထားတာပါ။

ဆိုင်မှာ ရနိုင်တဲ့ဟင်းများကတော့ ကြက်၊ ဝက်၊ အမဲသားနဲ့ အဲဒါတွေရဲ့ ကလီဇာများပါ။

 ထမင်း အဝစား ၇ဝဝ လို့ ရေးထားပါတယ်။
ထမင်းကို ထပ်ထည့်နိုင်တယ်၊ ဟင်းကတော့ ထပ်ထည့်ရင် ဈေး တမျိုး ဖြစ်ပါလိမ့်မယ်။

ပဲခူးမြို့ ရွှေမော်ဓောစေတီနားက အဲဒီဆိုင်ရဲ့ အမည်အကြောင်း ပြန်ဆက်ရရင် ... ရှိတဲ့နှစ်လုံးထဲကို အင်္ဂလိပ်လိုတလုံး၊ မြန်မာလိုတလုံး ပေးထားတာပါ။

နာမည်က ထူးခြားတဲ့အတွက် ကိုယ့်ဆိုင်ကို လူပိုသိနိုင်တဲ့အနေအထားဖြစ်ပါလိမ့်မယ်။
ဆုံဆည်းရာ၊ မိဘမေတ္တာ၊ အမေ့လက်ရာ ဆိုတဲ့ နာမည်တွေက အင်မတန် ကောင်းပေမယ့် ပိုင်းမှာတော့ Dနား ဆိုတဲ့ နာမည်ထက် ဆွဲဆောင်မှု နည်းတယ်လို့ ဆိုင်ရှင်က ထင်နေမလား။

 Rဇာနည်ကြောင့်လား၊ ဒီမိုကရေစီ ခေတ်စားလာတာကြောင့်လား။

 ဆိုင်ရှင်ကို ဆိုင်နာမည်သမိုင်းကြောင်း မမေးလိုက်မိပါဘူး။
သူတို့ လှလှပပ ပေးထားတာ ဖြစ်နိုင်သလို ဆိုင်မှာလာစားသူတယောက်ယောက်က အမှတ်တရ ပေးသွားတာလည်း ဖြစ်နိုင်ပါတယ်။

ကဲ... စာဖတ်သူတို့ ထမင်းဆိုင်ဖွင့်မယ်ဆိုရင် ဆိုင်နာမည်ကို ဘယ်လိုပေးကြမလဲ။

နာမည်ပေးဖို့ ဆိုတာ ရင်းနှီးငွေ၊ ကျွမ်းကျင်ဝန်ထမ်းရဖို့ ဆိုတာတွေလောက် အရေးမကြီးပေသော်လည်း အတော်လေး ခေါင်းကိုက်ရလောက်အောင် အရေးကြီးတဲ့အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။

ဧရာဝတီ သတင်း

မြန်မာကုန်သွယ်ရေးနဲ့ အမေရိကန် ဥပဒေအကျိုးဆောင်လုပ်ငန်း


(ဓာတ်ပုံ - http://www.hrmr.us/atty_a_lian.htm)

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် က သူ Managing Director တစ်ဦးအဖြစ် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွင့်လှစ်တည်ထောင်လိုက်တဲ့ Herzfeld Rubin Meyer & Rose အမေရိကန် ဥပဒေအကျိုးဆောင်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလန်းတွေကို ကမ္ဘာကသိအောင်နဲ့ နိုင်ငံတကာ ပို့ကုန်လုပ်ငန်းမှာ မြန်မာဘက်က ပိုပြီး အကျိုးအမြတ် များများရနိုင်စေဖို့ ဥပဒေအကြံပေးမှုတွေ လုပ်ဆောင်ပေးနေတယ်ဆိုတဲ့အကြောင်း
ပြောပြပါတယ်။ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်ကို ခေတ္တ
ပြန်လည်ရောက်ရှိနေတဲ့ ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားတာပါ။

ဒေါက်တာ အန်ဒရူး။ ။ ဒီ Herzfeld Rubin Meyer & Rose က အမေရိကန်မှာ သူတို့ရုံး နှစ်ခုရှိတယ်။ နယူးယောက်မှာရှိတယ်။ နောက်ပြီးတော့ ကယ်လီဖိုးနီးယားမှာရှိတယ်။ နောက်ပြီးတော့ အစ္စရေးလ်မှာရှိတယ်။ ရိုမေးနီးယားမှာရှိတယ်။ အခုက မြန်မာပြည်က နံပါတ် ၅ ပေါ့။ ရုံးအနေနဲ့ စပြီးတော့ ဖွင့်တာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။            ။ အဲ့ဒီ ဥပဒေအကျိုးဆောင်အဖွဲ့အနေနဲ့က ဘယ်လိုကိစ္စတွေကို အဓိကထားပြီးတော့ ဆောင်ရွက်သလဲခင်ဗျ။

ဒေါက်တာ အန်ဒရူး။ ။ ကျနော်တို့က ဒီ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ အတွင်းမှာ နိုင်ငံခြားတွေကနေ စီးပွားရေးပိတ်ဆို့မှု လုပ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကနေ နိုင်ငံခြားကို တင်ပို့မယ့်ကုန်ပစ္စည်းတွေ မတင်ပို့နိုင်တဲ့ကိစ္စကို တင်ပို့နိုင်အောင် ကျနော်က ကူညီချင်တယ်။ ဥပမာဆိုပါစို့ - ရေလုပ်ငန်းကနေ တစ်နှစ် တစ်နှစ်ကို သူတို့ နိုင်ငံခြားကို ပို့နေတဲ့ဟာက ဒေါ်လာ သန်း ၅၀၀ ကနေ သန်း ၇၀၀ လောက် ရှိပါတယ်။ သူတို့ပို့တဲ့ဟာက အိန္ဒိယနဲ့ တရုတ်ကို သူတို့ ပို့ပါတယ်။ Europe နဲ့ အမေရိကန်ကို သူတို့ ပို့လို့ မရပါဘူး။ ဒီစီးပွားရေးပိတ်ဆို့မှုကြောင့်။ အဲ့ဒါကြောင့် သူတို့ပို့လို့ရှိရင် သူတို့ရမယ့်ပိုက်ဆံထက် ပိုပြီးတော့ ရနိုင်မယ့်လမ်းကြောင်းကို ကျနော်တို့က သိပါတယ်။ အဲ့ဒီလမ်းကြောင်းထဲကို သူတို့ရောက်နိုင်အောင် သူတို့ကိုလည်း ကူညီရင်း ကျနော်တို့လည်း ကျနော်တို့တတ်တဲ့ ဒီဥပဒေပညာနဲ့ အမေရိကန်နဲ့ EU တွေကို ဘယ်လို ဘယ်လို ချဉ်းကပ်ရမယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့က လုပ်ပေးချင်ပါတယ်။ အဲ့ဒါက ရေလုပ်ငန်းနဲ့ ဟိုဟာပဲဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းလည်းရှိပါတယ်။ ဆန်လုပ်ငန်းလည်း ရှိပါတယ်။ တခြားလုပ်ငန်းရှင်တွေ အများကြီး မြန်မာပြည်မှာ ရှိပါတယ်။

ဦးသန်းလွင်ထွန်း။            ။ ဒါပေမဲ့ ဒီလို တင်ပို့ပေးနိုင်တဲ့ အခွင့်အရေးဆိုတာက အခု ဒီနှစ်ပိုင်းကာလအတွင်းမှာ မြန်မာနိုင်ငံမှာ
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ရှိနေပြီဆိုပြီးတော့ အမေရိကန်နဲ့ အနောက်ဥပရောပနိုင်ငံတွေကနေ အသိအမှတ်ပြုပြီးတော့ ပိတ်ဆို့ထားတာတွေကို ဖြေလျှော့ပေးလိုက်တဲ့ နောက်ပိုင်းမှာ ဖြစ်လာတာ မဟုတ်ဘူးလား။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ပါတယ်။ အဲ့ဒီ အမေရိကန်ကနေ ပိတ်ဆို့မှုတွေကို ဖြေလျှော့မှု မလုပ်လို့ရှိရင်လည်း ကျနော်တို့က လုပ်လို့ မရပါဘူး။ နောက်ပြီးတော့ တခုရှိတာက အခုအချိန်ထိ အမေရိကန်ရဲ့ ဒီဘဏ်လုပ်ငန်းရှင်တွေကို အမေရိကန် Bankers Association က မြန်မာပြည်ကို ပိုက်ဆံလွှဲလို့ရတယ်ဆိုတာ Treasury Department က သူတို့ပြောထားတဲ့ဟာကို အခုချိန်ထိ Bankers Association အများကြီးက မသိပါဘူး။ အဲ့ဒါမျိုးတွေကို ကျနော်တို့တွေက တခုပြီးတခု လိုက်ပြီးတော့ လုပ်ပေးနေပါတယ်။ အခုအချိန်မှာ သမ္မတ အိုဘားမားကနေ သူက ခွင့်ပြုလိုက်တဲ့အတွက် ကျနော်တို့ ပိုက်ဆံကို လွှဲလို့ရပါပြီဆိုတဲ့ဟာကို ကျနော်တို့က အဲ့ဒါမျိုးတွေကို လိုက်လုပ်ပေးနေပါတယ်။

ဦးသန်းလွင်ထွန်း။            ။ ဆိုတော့ လိုက်လုပ်ပေးနေပါတယ်ဆိုတာက သာမန်လူ အမြင်အရဆိုရင် အထူးသဖြင့်ပေါ့နော် ဒီအမေရိကန်ကနေပြီးတော့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားတာတွေ၊ ဥပမာ - ငွေရေးကြေးရေးစနစ်အရ ၀န်ဆောင်မှုလုပ်ငန်းတွေကို တားမြစ်ထားတာတွေကို ဖယ်ရှားပေးလိုက်တယ်ဆိုတဲ့ တခါတည်းနဲ့ မပြီးဘူးလား။ မပြီးဘဲနဲ့ ဒီဥပဒေကြောင်းအရ တခြား ဘာလုပ်စရာတွေ ကျန်နေသေးလို့ အခုလို ဒေါက်တာ အန်ဒရူးတို့ရဲ့ Law Firm က အကျိုးဆောင်ပေးနေတာလဲ။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ကဲ့ ကျနော်တို့ အကျိုးဆောင်ပေးတယ်ဆိုတာက နံပါတ်တစ်က ဒီအမေရိကန် Bankers Association က အစိုးရကနေ ပေါ်လစီ ချမှတ်လိုက်ပေမဲ့ အသစ်ကို လုပ်လိုက်ပေမဲ့ ဒီ Bankers Association အောက်ခြေက လူတွေက နားမလည်ပါဘူး။ မြန်မာပြည်ဆိုတာနဲ့ သူတို့က လန့်ပြီးတော့ ဒါ ပိတ်ဆို့မှုလုပ်ထားတဲ့ တိုင်းပြည်ပဲ။ စစ်အုပ်ချုပ်ရေးတိုင်းပြည်ပဲဆိုပြီးတော့ နားမလည်ဘဲနဲ့ အပေါ်က နားမလည်တဲ့ဟာကို နားလည်အောင် ရှင်းပြတယ်။ ပထမအချက်ပေါ့။
ဒုတိယအချက်က ကျနော်တို့ အစိုးရဘက်ကနေလည်းပဲ မြန်မာနိုင်ငံ အစိုးရဘက်ကနေလည်းပဲ ဒီ အမေရိကန် Bankers Association တွေ၊ နောက်ပြီး ဒီ Treasury Department တွေ၊ နောက်ပြီးတော့ တခြား သက်ဆိုင်ရာဌာနတွေကို ချဉ်းကပ်ပြီးတော့ ကျနော်တို့ ဒါတွေ ဖျက်ပြီးပါပြီဆိုတဲ့ဟာကို သူတို့နားလည်အောင် ပြောပေးဖို့၊ အဲ့တော့ ကျနော်တို့ ဒီ Law Firm ကနေ ဒါမျိုးတွေ လိုက်လုပ်ပေးနေတယ်။
တတိယအချက်က ဒီမြန်မာနိုင်ငံကနေ နိုင်ငံခြားကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို မြန်မာဆိုတဲ့ တံဆိပ်ပါတာနဲ့ ဟိုဘက်ကနေ ဒါ ပိတ်ဆို့မှုထဲမှာ ပါနေလား၊ မပါနေလား မရှင်းတဲ့လူတွေကို ရှင်းအောင်လို့ ကျနော်တို့က ကြားကနေ အကျိုးဆောင်လုပ်ငန်းတွေ လုပ်ပေးပါတယ်။
နံပါတ်လေးက ကျနော်တို့ Law Firm မှာ အဓိကအရေးကြီးတာ မြန်မာပြည်မှာ အစဉ်အလာ ပျောက်သွားတဲ့ ဒီအလကားအမှုလိုက်ပေးတဲ့စနစ်ပေါ့။ Pro Bono စနစ်ကို ပြန်ပြီးတော့ မ တည်နိုင်အောင်လို့ ကျနော်တို့က လုပ်ပေးပါတယ်။ အခု ကျနော် မလာခင်မှာလည်းပဲ ကျနော်တို့ Law Firm ကနေ ဒီပိုက်ဆံမရှိတဲ့သူတွေကို ရှေ့နေမငှားနိုင်တဲ့သူတွေပေါ့နော် အဲ့ဒီလို ရှေ့နေမငှားနိုင်တဲ့သူတွေကို အလကား ရှေ့နေလိုက်ပေးဖို့အတွက် အမှုတွေကို တန်းစီပြီးတော့ ချပေးထားပါတယ်။ ဒါမျိုးစနစ်တွေကို အမေရိကန် Bar Association ရဲ့စနစ်အဆင့်လောက်ကိုရှိအောင် ကျနော်တို့ မြန်မာပြည်မှာ လုပ်နေပါတယ်။

ဦးသန်းလွင်ထွန်း။            ။ အမှုကို အလကားလိုက်ပေးတယ်ဆိုတာထက် အမှုနိုင်မှ ပိုက်ဆံပေးရမယ်ဆိုတဲ့ စနစ်မျိုးကို ပြောချင်တာမဟုတ်လား။

ဒေါက်တာ အန်ဒရူး။ ။ အာ မဟုတ်ပါဘူး။ ကျနော်တို့ အဲ့ဒီအမှုကို အဲ့လိုမျိုး Pro Bono လုပ်ပေးတယ်ဆိုတာက ပိုက်ဆံတပြားမှ မယူပါဘူး။ နိုင်ရင်လည်း မယူဘူး။ ရှုံးရင်လည်း မယူဘူး။ ဒါပေမဲ့ ကျနော်တို့က ရှေ့နေမငှားနိုင်တဲ့ အမှုသည်တွေအတွက် ကျနော်တို့ဆီမှာ လုပ်နေတဲ့ ဒီ ရှေ့နေ ၆ ယောက်ကနေ အလကားလုပ်ပေးပါတယ်။

ဦးသန်းလွင်ထွန်း။            ။ အဲ့ဒါက ဘယ်လို အမှုမျိုးတွေကို ပြောချင်တာလဲ။ စီးပွားရေးဆိုင်ရာ အမှုတွေကို ပြောတာလား။ ရာဇ၀တ်ဆိုင်ရာ အမှုတွေကို ပြောတာလား။

ဒေါက်တာ အန်ဒရူး။ ။ အဓိကကတော့ဆရာ ကျနော်တို့ ဟို နံပါတ်တစ် ဦးစားပေးတာက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေပဲ နံပါတ်တစ် ဦးစားပေးပါတယ်။ ဒုတိယက ပုဂ္ဂလိကနဲ့ဆိုင်တဲ့ တရားမမှု ကိစ္စတွေကိုလည်း ကျနော်တို့ ဆက်လုပ်ပေးပါတယ်။
တတိယက အခုနလို စီးပွားရေးနဲ့ပတ်သက်ပေမဲ့ အဲ့ဒီစီးပွားရေးက နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်ဆိုရင် ကျနော်တို့ အစည်းအဝေး ထိုင်ပါတယ်။ ရှေ့နေတွေ အကုန်လုံးနဲ့ အစည်းအဝေးထိုင်ပြီးတော့ ဒီအမှုက စီးပွားရေးနဲ့ ပတ်သက်သလား၊ နိုင်ငံရေးနဲ့ ပတ်သက်သလား၊ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်သလား။ ကျနော်တို့ ဒီဟာကို အလကား ပိုက်ဆံမယူဘဲနဲ့ အမှုလိုက်ပေးသင့်သလား ဆိုပြီးတော့ ဆုံးဖြတ်ပါတယ်။ အဲ့ဒီမှာ အများက သဘောတူတယ်ဆိုရင် ရှေ့နေတယောက်ကို ခင်ဗျား ဒီအမှုကို ယူမလား။ ဘယ်သူ ဒီအမှုကို ယူမလဲဆိုပြီးတော့ လုပ်ပေးပါတယ်။ ဒီစနစ်လေးကို မြန်မာပြည်မှာ ပြန်ပြီးတော့ ရှင်သန်လာအောင် ကျနော်တို့က စပြီးတော့ လုပ်ပေးပါတယ်။

ဦးသန်းလွင်ထွန်း။            ။ အဲတော့ ဒီ HRMR ဥပဒေအကျိုးဆောင်အဖွဲ့အနေနဲ့ အခုဆိုရင် ဖွဲ့စည်းပုံအင်အား ဘယ်လောက်ရှိနေပြီလဲ အခု။ အထူးသဖြင့် နိုင်ငံခြားသားရှေ့နေ၊ ပြည်တွင်းက ဥပဒေအကျိုးဆောင်တွေ ဘယ်လောက်လောက်များ ရှိနေပါပြီလဲ။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ကဲ့။ ပြည်တွင်းက ရှေ့နေက ၄ ယောက်ရှိပါတယ်။ နောက်ပြီးတော့ နိုင်ငံခြားရှေ့နေက ၁၀ ယောက်လောက်ရှိပါတယ်။

ဦးသန်းလွင်ထွန်း။            ။ စောစောတုန်းက ကျနော်တို့ပြောခဲ့တဲ့ စီးပွားရေး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေမှာ အကူအညီပေးတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ပေါ့နော် အဲ့ဒီမှာ အခု လောလောဆယ် ဥပဒေအကျိုးဆောင်အဖွဲ့အနေနဲ့ ရရှိထားတဲ့ Client တွေပေါ့နော် ရရှိထားတဲ့ ဖောက်သည်တွေက ဘယ်လိုနိုင်ငံမျိုးတွေ၊ ဘယ်လိုလုပ်ငန်းတွေမျိုးမှာ ရှိနေပြီလဲ။

ဒေါက်တာ အန်ဒရူး။ ။ အခုလောလောဆယ်မှာ ကျနော်တို့က လုပ်ငန်းစတင်တာ သိပ်မကြာသေးဘူး။ မကြာသေးတော့ ကျနော်တို့က ငါးလုပ်ငန်းနဲ့တွေ့တယ်။ နောက်ပြီးတော့ အထည်ချုပ်လုပ်ငန်းနဲ့တွေ့တယ်။ နောက်ပြီးတော့ ဒီ ဆန်စပါးလုပ်ငန်းနဲ့တွေ့တယ်။ နောက်ပြီးတော့ ဒီ UMFCCI လို့ခေါ်တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းက လူကြီးတွေနဲ့ ကျနော်တို့က အဆက်အသွယ်ရှိပါတယ်။ သူတို့နဲ့တွေ့ပြီးတော့ သူတို့ ဒါလုပ်လို့ရှိရင် ဒါဖြစ်နိုင်တယ်။ ဒီလိုလုပ်လို့ရှိရင် ကျနော်တို့က ဒီဘက်ကနေ ကူညီနိုင်တယ်ဆိုတဲ့ အဆင့်ကိုပဲ ကျနော်တို့ လုပ်ထားပါတယ်။ အခုအချိန်ထိ သူတို့ဆီကနေ အမှုသည်တစ်ယောက်အနေနဲ့ ကျနော်တို့ ယူထားတဲ့ဟာ နည်းနည်းပဲရှိသေးတယ်။ ကျနော်တို့က အခုက ရှင်းပြတဲ့အဆင့်ပဲရှိသေးတယ်။ သူတို့ဘက်ကလည်း ဘယ်လိုပို့ရမလဲ။ အရင်တုန်းက နိုင်ငံခြားကို အထည်ပို့ချင်တယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကနေ GSP အမှတ်သားတွေယူပြီးတော့ ပို့တဲ့ဟာမျိုး၊ ယိုးဒယားကနေ ပို့တဲ့ဟာမျိုး၊ ဒီအဆင့်ကို အခုအချိန်မှာ မရှိတော့ဘူး။ အဲတော့ ကျနော်တို့ ဒီလို ဒီလို လုပ်လို့ရတယ်ဆိုပြီးတော့ ရှင်းပြနိုင်တဲ့အဆင့်ပဲ ကျနော်တို့က အခု လောလောဆယ်မှာ လုပ်နေပါတယ်။ တချိန်တည်းမှာ ကျနော်တို့ အခုလုပ်နေတဲ့ဟာက ဥပမာဆိုပါစို့ GE တို့ ဘာတို့ အကြီးစား ကုမ္ပဏီတွေဝင်လာတယ်။ ၀င်လာတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ Foreign Direct Investment Law နဲ့ သူတို့က ဘယ်နည်းနဲ့ ဟိုဟာပေါ့ ပုံမှန် သူတို့လုပ်နိုင်မယ်ဆိုတဲ့ကိစ္စတွေကို ကျနော်တို့ကို လာပြီးတော့ ငှားပါတယ်။ အဲ့ဒါမျိုးတွေလည်း ကျနော်တို့ အကြံပေးထားတာရှိပါတယ်။ ဥပမာဆိုကြပါစို့ - လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဆိုတဲ့ဟာမျိုး၊ နောက်ပြီးတော့ ဒီ အကြီးစားတည်ဆောက်ရေးလုပ်ငန်း ဟိုဟာပေါ့ Construction နဲ့ပတ်သက်တဲ့ကိစ္စမျိုး၊ ဒါမျိုးတွေမှာ ကျနော်တို့ကို အကြံလာတောင်းတာတွေ ရှိပါတယ်။ အဲ့ဒါမျိုးအမှုတွေ ယူထားတာရှိပါတယ်။

ဦးသန်းလွင်ထွန်း။            ။ အဲတော့ နှစ်ဘက်ရှင်းပြရတာပေါ့။ ပြည်တွင်းက လုပ်ငန်းရှင်တွေကိုကျတော့ ပြည်ပပို့ကုန်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ တဘက်မှာရှိနေတဲ့ ပိတ်ဆို့မှုတွေ၊ တဘက်မှာရှိနေတဲ့ အခြေအနေတွေဟာ ဘယ်လို လွန်မြောက်နိုင်မလဲဆိုတာ ပြောရသလို၊ ပြင်ပကလာမယ့် အဖွဲ့အစည်းတွေအတွက် မြန်မာနိုင်ငံမှာရှိနေတဲ့ FDI လို့ခေါ်တဲ့ နိုင်ငံရပ်ခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြရတာပေါ့။

ဒေါက်တာ အန်ဒရူး။ ။ ဟုတ်ကဲ့။

ဦးသန်းလွင်ထွန်း။            ။ အဲတော့ အဲ့ဒီနေရာမှာ FDI နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအနေအထားကရော ဘယ်လိုရှိသလဲခင်ဗျ။ နိုင်ငံရပ်ခြား ဒီ ရင်းနှီးမြှုပ်နှံသူတွေ သဘောကျလောက်နိုင်တဲ့ အနေအထားရှိပြီလား။

ဒေါက်တာ အန်ဒရူး။ ။ ဘယ်လိုပြောရမလဲဆိုရင် ၁၀၀ မှာ ၁၀၀ တော့ သဘောကျနိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။ FDI တုန်းကလည်း ကျနော်ကိုယ်တိုင်လည်း အဲ့ဒီတုန်းက CSP မှာ ၀င်ပါနေတယ်ဆိုတော့ ကျနော်လည်း အဲ့ဒီ FDI နဲ့ပတ်သက်ပြီးတော့ အကြံပေးတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အကြံပေးသလောက်လည်း မရခဲ့သလို၊ ကျနော်တို့ မရသင့်ဘူးလို့ ထင်တဲ့ဟာတွေလည်း ရပါတယ်။ ဥပမာ - ဒီ New York Convention 1959 ပေါ့ Arbitration  ကိစ္စကို ကျနော်တို့က FDI ပြီးတာနဲ့ ကျနော်တို့ Law Firm ကနေ အစိုးရကို တင်ပြပါတယ်။ ဒီဟာကို လက်မခံလို့ရှိရင် ဒီဟာကို လက်မှတ်မထိုးလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပြဿနာဖြစ်တာနဲ့ မြန်မာနိုင်ငံရဲ့ တရားရုံး တရားစီရင်ရေးစနစ်ကို နိုင်ငံခြားကုမ္ပဏီကို လက်မခံတဲ့အတွက် ဒါကို လက်ခံပေးဖို့ ကျနော်တို့ အစိုးရကို ကျနော်တို့ ပြောပေးပါတယ်။ အဲ့ဒါ ကျနော်တို့ ပြောသလိုပဲဖြစ်ဖြစ်၊ အစိုးရဘက်က နားလည်လို့ပဲဖြစ်ဖြစ် ဒီ New York Convention 1959 Arbitration ကို သူတို့က လက်ခံလိုက်တဲ့အခါကျတော့ အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက စိတ်လက်ချမ်းသာစွာနဲ့ လာပြီးတော့ လုပ်ပါတယ်။

ဦးသန်းလွင်ထွန်း။            ။ သဘောက ပြဿနာဖြစ်လို့ရှိရင် မြန်မာနိုင်ငံက တရားရုံးတွေရဲ့ စီရင်ချက်တွေကို မယူဘဲနဲ့ New York Arbitration နယူးယောက်ခုံရုံးကနေ ဆုံးဖြတ်ပေးတာကို လိုက်နာရမယ်ဆိုတဲ့

ဒေါက်တာ အန်ဒရူး။ ။ နယူးယောက်ခုံရုံးမဟုတ်ပါဘူး။ နယူးယောက်ရဲ့ Convention 1959 အရ တခြားနိုင်ငံတခုခုကနေ ဆုံးဖြတ်ချက်ကို ယူပေးရပါတယ်။ အဲ့ဒါကြောင့်လည်း Coca-Cola တို့ဝင်လာတယ်။ အဲ့ဒါကြောင့်လည်း Ford ကလည်း ၀င်လာတယ်။ Chevrolet ကလည်း ၀င်လာတယ်။ Toyota ကလည်း ၀င်လာတယ်။ အခြား ကုမ္ပဏီအကြီးကြီးတွေ ၀င်လာတယ်ဆိုတဲ့ကိစ္စက အဲ့ဒီဟာမျိုး အစိုးရဘက်ကနေ သူတို့ လိုက်လျောပေးတဲ့အတွက် သူတို့မှာ လုံခြုံမှု ရှိတယ်ဆိုပြီးတော့ ၀င်လာတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။            ။ ဒါပေမဲ့လည်း နှိုင်းယှဉ်လိုက်လို့ရှိရင်တော့ ပြီးခဲ့တဲ့ စစ်အစိုးရကာလတလျှောက်လုံး အခုအချိန်ထိ အမေရိကန်ဘက်ကဆိုရင် အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာမှ သန်းပေါင်း ၂၅၀ လောက်ပဲရှိသေးတယ်။ အဓိကက အာရှဘက်က ဥပမာ - တရုတ်ဘက်ကနဲ့ ယှဉ်လိုက်လို့ရှိရင် ဟိုဘက်က ၁၄ ဘီလီယံခွဲလောက် ရှိနေတဲ့အနေအထားမျိုးနဲ့ နှိုင်းယှဉ်လိုက်ရင် အပုံကြီး ကွာနေသေးတယ်လေ။ အဲတော့ အထူးသဖြင့် အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေက ဗမာပြည်ကိစ္စနဲ့ပတ်သက်ပြီးတော့ သွားသာကြည့်နေကြတယ်။ လက်ရှိ မ၀င်နိုင်သေးတဲ့ အတားအဆီးက ဘာကြောင့်လဲခင်ဗျ။

ဒေါက်တာ အန်ဒရူး။ ။ ကျနော့်အမြင်မှာတော့ အချက် ၂ ချက်ရှိပါတယ်ဆရာ။ နံပါတ်တစ်အချက်က ဒီအရှေ့နိုင်ငံက လူတွေပေါ့နော် ဒီတရုတ်တို့ ကျနော်တို့ အိမ်နီးချင်းတိုင်းပြည်တွေက ဒါမျိုး လုပ်ရဲတယ်ဆိုတာ သူတို့က သတ္တိရှိလို့ပါ။ ရှုံးရင်လည်း ရှုံး၊ နိုင်ရင်လည်း နိုင်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက ကုမ္ပဏီတခုရဲ့ Share Holder တွေရဲ့ ဆုံးဖြတ်ချက်က တော်တော် အရေးကြီးတဲ့အတွက် အဲ့ဒီကုမ္ပဏီတခုမှာ ရှယ်ယာကို ယူထားတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တဖြေးဖြေးနဲ့ သွားရတဲ့အတွက် အခုအချိန်ထိ နည်းနည်း ဒီ EU နဲ့ US တို့က တခြားတိုင်းပြည်တွေထက် နည်းနည်း နှေးကွေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရှယ်ယာပိုင်ရှင်တွေရဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို နားလည်လာနိုင်အောင် ပြောနိုင်တဲ့သူ ရှိလာတဲ့အခါကျလို့ရှိရင် ကျနော်တို့ ဒီရင်းနှီးမြှုပ်နှံမှုတွေက အများကြီး ၀င်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။            ။ အဲ့ဒီတော့ လောလောဆယ် နှစ်အပိုင်းအခြား ဘယ်လောက်အတွင်းမှာ ဒီလို ယုံကြည်မှု တိုးပွားလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ခိုင်ခိုင်မာမာ ၀င်လာလိမ့်မယ်လို့ မျှော်လင့်ပါသလဲ။

ဒေါက်တာ အန်ဒရူး။ ။ ဆရာ အဲ့ဒါကတော့ ဒါမျိုးတွေ ဒီလိုဖြစ်ပါတယ်ဆိုပြီးတော့ ကျနော်တို့တိုင်းပြည် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေကို ဖွင့်ပြောနိုင်တဲ့သူတွေ များများရှိလေလေ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးတော့ များများဝင်လာနိုင်လေ ဖြစ်ပါမယ်။ အဲတော့ ကျနော်တို့အခု HRMR Law Firm လိုဟာမျိုး မြန်မာနိုင်ငံမှာ Law Firm ၁၀ ခု၊ အခု ၂၀၊ ၅၀၊ ၁၀၀ လောက် ဖြစ်လာတဲ့အခါကျရင် သူတို့က ပြောမယ်။ ဒါဖြစ်တယ်၊ ဟိုဟာဖြစ်တယ်၊ FDI က ဒါဖြစ်တယ်။ New York Convention ကို သူတို့က လက်မှတ်ထိုးထားတယ်။ အရင်တုန်းက ပြဿနာဖြစ်တဲ့ကိစ္စ ဒါကြောင့်ဖြစ်တယ်ဆိုပြီးတော့ ပြောပေးနိုင်တဲ့ ကြားလူက လိုနေပါတယ်။

ဦးသန်းလွင်ထွန်း။            ။ ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

VOA Burmese News

အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ကွာရှင်းပြတ်စဲပြီးကြောင်း ကြော်ငြာ

(ရွှေရည်သိန်းတန်ရဲ့ စီးရီးကာဗာတခု)

အဆိုတော် ရွှေရည်သိန်းတန်နဲ့ သူ့ရဲ့ ခင်ပွန်းသည် ကွာရှင်းပြတ်စဲထားကြောင်း သတင်းစာ  ကြော်ငြာတခုမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းစာတစောင်မှာ ဖော်ပြထားတဲ့ အဲဒီကြော်ငြာမှာ ... ခင်ပွန်းသည် ဦးသျှန်ထွဏ်းနဲ့ ကွာရှင်းမှုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ဖြစ်တယ်လို့  ရေးထားပါတယ်။

ဘာကြောင့် ကွာရှင်းတယ် ဆိုတာကို ကြော်ငြာမှာ ရေးမထားပါဘူး။

ဒီကြော်ငြာကို အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ညွှန်ကြားချက်အရ သူ့ရှေ့နေက သတင်းစာမှာ ထည့်သွင်းတာလို့ သိရပါတယ်။

လေ့လာလိုသူများအတွက် ကြော်ငြာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ရွှေရည်သိန်းတန်က ကွယ်လွန်သူ အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့သမီး ဖြစ်ပါတယ်။



ဦးလှမောင်ရွှေ ပြောတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ခရီး

 MPC က ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဓာတ်ပုံ- ဦးလှမောင်ရွှေ ဖေ့စ်ဘုတ်

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေပြောတဲ့ လေးဝါး ၊ ဖားအံမှ သည် နိုင်ငံရေးဆွေးနွေးပွဲ ဆီသို့ ဆိုတဲ့ ဆောင်းပါးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မိနစ်ပိုင်းက ပဲ ဖော်ပြ လာ ပါတယ်။

" လေးဝါး ၊ ဖားအံ မှသည် နိုင်ငံရေး ဆွေးနွေးပွဲကြီးဆီသို့" ဆိုတဲ့ ဦးလှမောင်ရွှေရဲ့ ရေးသားချက် ကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

.............၂၀၁၄၊ ဇန်န၀ါရီ ၁၂ နေ့မှာ KNU နဲ့အစိုးရအပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးတာ (၂) နှစ်ပြည့်ပါပြီ။ (၂) နှစ်အတွင်း ပစ်ခတ်မှု မရှိသလောက်ဖြစ်ခဲ့တာ ချီးကျူးအံ့သြဖို့ကောင်းပါတယ်။

ကရင်တော်လှန်ရေး ၆၂ နှစ်ပြည့်တဲ့ ၂၀၁၂ အထိ တောက်လျှောက်တိုက်လာခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း (ပြည်နယ် ၂ ခု၊ တိုင်းဒေသကြီး ၂ ခု) မှာ တပ်မတော်နဲ့ တပ်ချင်း ထိစပ်တဲ့ နေရာအများကြီးမှာ ပဋိပက္ခ မဖြစ်ခဲ့တဲ့အတွက် နှစ်ဖက် နိုင်ငံရေးခေါင်းဆောင်တွေ၊ တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်တွေကို နိုင်ငံသား တစ်ဦးအနေနဲ့ ကျွန်တော် ကျေးဇူးတင်ကြောင်း ဒီနေရာကနေ
ပြော ချင်ပါတယ်။

 နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ၊ အမြင်မတူညီမှုကို အချိန်အနည်းငယ်အတွင်း ပြီးအောင် ရှင်းဖို့ဆိုတာ သိပ်ခက်ပါလိမ့်မယ်။

ကျိုက်ထိုမှာ တပ်မ (၄၄) နဲ့ KNU တပ်မဟာ (၁)ကတစ်ဖက်၊ ရုပ်ရှင် အဖွဲ့တွေက တစ်ဖက် ချစ်ကြည်ရေး အနေနဲ့ ဘောလုံးပွဲ ကျင်းပတုန်းကလည်း ကြားရတာနဲ့ကို ၀မ်းသာအားရ ဖြစ်မိပါတယ်။

KNU ဥက္ကဋ္ဌ ဖထီး မူတူးစေးဖော ပြည်တွင်းကို တစ်ခေါက်လာတိုင်း တွေ့ရတိုင်း ၀မ်းသာရပါတယ်။ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေထဲမှာ KNU ခေါင်းဆောင်နဲ့သမ္မတ (၄) ကြိမ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ (၄ ) ကြိမ် တွေ့ခဲ့တဲ့ ခေါင်းဆောင် အဖြစ် မှတ်တမ်းတင် ထားနိုင်ခဲ့ပါပြီ။

အခြား တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့လည်း တဖြည်းဖြည်းယုံကြည်မှုပိုရှိလာပြီး KNU ခေါင်း
ဆောင်တွေ လို တွေ့လာနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

မကြာမီ ဒီ ဇန်န၀ါရီ ၂၀ မှာပဲ KNU စခန်းတစ်ခုဖြစ်တဲ့ လေးဝါး စခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement) ကို လက်မှတ်ရေးထိုးဖို့ ညှိနှိုင်း ကြပါလိမ့်မယ်။

ပြီးရင် ဇန်န၀ါရီလ မှာ ဒါမှမဟုတ် နှစ်ဖက် ညှိနှိုင်းနိုင်မယ့် လာမဲ့လမှာ ဖားအံကိုလာကြပြီး ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ဆက်လက်ညှိနှိုင်းကြပါ မယ်။

သမိုင်းဝင်မဲ့ ဒီဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးဖို့ အချက်အလက်အားလုံး ဒါမှမဟုတ် အားလုံးနီးပါးကို သဘောတူညီ နိုင်မယ်လို့ မျှော်လင့်ပြင်ဆင်နေကြပါတယ်။

တကယ်လို့ ညှိနှိုင်းစရာတွေ အားလုံးပြီး ရင်တော့ ၂၀၁၄ မတ်လထဲ ဒါမှမဟုတ် အားလုံး ညှိနှိုင်းလို့ ရမယ့်အချိန်မှာ နေပြည်တော်မှာ လက်မှတ်ရေးထိုး ပွဲကြီး ကျင်းပနိုင်ပါလိမ့်မယ်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ အားလုံးတက်ရောက်မယ်၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ ဧည့်သည်တွေလည်း တက်ရောက်ကြမယ် လို့ မျှော်လင့်ပါတယ်။

အခြား အခက်အခဲတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် မြန်မာ့ သမိုင်းမှာ၊ လွတ်လပ်ရေးရပြီးတဲ့ သမိုင်းမှာ ပထမဆုံး ကျင်းပနိုင်မယ့် ဒီလက်မှတ်ရေးထိုးပွဲကြီးကို ကျွန်တော့် အနေနဲ့တော့၊ နိုင်ငံသား တစ်ဦးအနေနဲ့ မြန်မြန် ရောက်လာစေချင်ပါပြီ။ မိတ်ဆွေတွေလည်း အတူတူ ဖြစ်ကြမှာပါ။

ကျွန်တော်တစ်ဦးတည်း ဆန္ဒဆိုရင်တော့ ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်
ရေး ထိုး၊ မတ်လမှာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲတဲ့ အစည်းအဝေး (Framework Meeting) လုပ်၊ မေလမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ ဆုံ ဆွေးနွေး ပွဲကြီး (Political Dialogue) ကို စစေချင်ပါတယ်။ Political Dialogue ကို မြန်မြန် ရောက်စေချင်ပါတယ်။

အများစု ဆန္ဒနဲ့ သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဆိုရင် အားလုံး လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆက်သွားနိုင်ပါလိမ့်မယ်။

ဒါတွေဟာ အခုဆိုရင် ဖြစ်လာနိုင်စရာရှိပါပြီ။ ၂၀၁၃ စက်တင်ဘာလ မြစ်ကြီးနား KIO - အစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ၂၀၁၃ အောက်တိုဘာ ၂၇-၂၈ ၊ လိုင်ဇာစခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ပထမဆုံးအကြိမ် ကွန်ဖရင့်ကို လုပ်နိုင်ခဲ့ပါတယ်။

 နိုင်ငံတော် သမ္မတ ကလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ လိုင်ဇာပွဲအပြီး နိုဝင်ဘာလဆန်းမှာ အစိုးရနဲ့ တိုင်းရင်းသားများရဲ့အလုပ်အဖွဲ့NCCTတို့ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ အပြီးမှာ PNLO က ဦးခွန်ဥက္ကာက "အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ နှစ်ဖက်တင်သွင်းတဲ့ Proposal တွေက ၂၀% ပဲ တူညီတယ်" လို့ မီဒီယာများကို ပြောခဲ့ပါတယ်။

၂၀၁၃ ဒီဇင်ဘာ ၁၆ ရန်ကုန် MPC မှာ NCCT က ဖဒိုကွယ်ထူးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ဝန်ကြီး ဦးအောင်မင်း အဖွဲ့တို့ပြန်လည်ညှိနှိုင်းဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ဖဒိုကွယ်ထူးဝင်းက "အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးဖို့ အခြေခံအချက်တွေ ၅၀% တူလာပါပြီ" လို့ မီဒီယာတွေကို ပြောပါတယ်။

နောက်တစ်ကြိမ် ၂၀၁၃ ဒီဇင်ဘာ ၂၉ ချင်းမိုင် မှာ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့ NCCT နဲ့ ၀န်ကြီးဦးအောင်မင်းတို့ ထပ်မံတွေ့ဆုံ ညှိနှိုင်းကြပါတယ်။ ဦးအောင်မင်းနဲ့အတူတူ ဦးခင်ရီ၊ ဗိုလ်ချုပ်
မောင်မောင်အုန်း၊ ဦးထွန်းထွန်းဦးတို့ တက်ရောက်ကြပြီး NCCT ဖက်က ၁၀ ဦးကျော် တက်ရောက်ကြပါ တယ်။

ဆွေးနွေးပွဲ အပြီး မီဒီယာများကို ဖြေကြားရာမှာ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်း တို့က ၈၀% တူပါတယ် လို့ပြောကြားပြီး ဦးခွန်ဥက္ကာကတော့ ၇၀% ကျော် တူလာပါပြီလို့ ပြောတာ တွေ့ရပါ တယ်။

 ပြောချင်တာက အကြိမ်ကြိမ်ဆွေးနွေးလေ နီးစပ်မှုပိုရှိလာလေလေ၊ သံသယနဲ့ အတားအဆီးတွေ
လျော့လာလေလေ ဆိုတာပါ။

အခုလဲ MPC က ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ ချင်းမိုင် ကိုသွားပြီး လေးဝါးပွဲ မတိုင်ခင် အချက် အလက်တွေအတွက် ပြင်ဆင်နေကြပါတယ်။ ၀န်ကြီး ဦးအောင်မင်းလဲ တစ်ကြိမ်သွားနိုင်ဖို့ စီစဉ်နေပါ တယ်။ (တစ်ခါတွေ့လို့ ၂၀%၊ ၃၀% တိုးတက်မှုရှိလာရင် ၁၀ ခါလောက် တွေ့ရမှာ)

အခက်အခဲတစ်ခုကျန်တာက အစိုးရဖက်က Nationwide Ceasefire အရင်ထိုးပြီးမှ Framework ကိုသွား တဲ့ မူကိုပိုအားသန်ပါတယ်။ Framework Meeting က နေပြည်တော်မှာ လုပ်နိုင်ဖို့ရှိပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ မျိုးထဲမဟုတ်ဘဲ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေပါဝင်ကြပြီး မူချတာက ပိုသဘာဝကျမှာပါ။

ဥပမာအားဖြင့် ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းအိုက်ပေါင်း၊ Dr. အေးမောင်၊ ဦးအေးသာအောင်၊ Dr. တူးဂျာ၊ ဦးစောထွန်းအောင်မြင့်၊ ချင်းက ဦးနိုထန်ခပ်၊ ဦးဇိုဇမ် ကဲ့သို့သော ပုဂ္ဂိုလ်များအပြင် အခြား ပါသင့်တဲ့သူများကိုလည်း ပါစေချင်ပါတယ်။

Framework Meeting မှာ Political Dialogue ရောက်ရင် ဆွေးနွေးကြမယ့် ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ် ငယ်တွေ၊ ဘယ်လိုကော်မတီတွေ ဖွဲ့ကြမလဲ၊ သဘောတူညီချက်ကို ဘယ်လိုပုံစံနဲ့ သတ်မှတ်မလဲ၊ ဘယ်သူတွေ ဘယ်လောက်အချိုးနဲ့ တက်ရောက်ကြမလဲ၊ Time line ကကော ဘယ်လိုလဲ အပါအ၀င် လိုအပ်တာတွေ ဆွေးနွေးနိုင်ကြဖို့ပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အစိုးရအဖွဲ့သစ် တာဝန်စပြီး ထမ်းဆောင်တဲ့ အချိန် ၂၀၁၁ မတ်လကုန်ကစပြီး ပြန်ကောက်ပါရစေ။ ၂၀၁၁ ဇွန်လထဲမှာ ကချင်ပြည်နယ်မှာ KIO နဲ့ တိုက်ပွဲတွေ ဖြစ် ပါတယ်။

အရင်အစိုးရ လက်ထက်မှာ အဖွဲ့ပေါင်း ၄၀ ကျော်နဲ့ အပစ်အခတ်ရပ်ခဲ့တယ်။ အဲ့ဒီထဲက ၇ ဖွဲ့ပဲ တောထဲ
ပြန် ၀င်ခဲ့တယ်လို့ တပ်မတော်အရာရှိကြီးတစ်ဦး ပြောတာကို မှတ်သားဖူး ပါတယ်။

၇ ဖွဲ့ က ၂၀၀၈ အခြေခံ ဥပဒေကြောင့်နဲ့ အခြားအကြောင်းများကြောင့်လို့ တိုင်းရင်းသားများဖက် ကပြောပါတယ်။ ကျန်တဲ့ တချို့အဖွဲ့တွေကိုတော့ အရင်အစိုးရ လက်ထက်ကတည်းက ဆွေးနွေးခဲ့ခြင်း မရှိခဲ့တာလဲ ပါပါတယ်။

အစိုးရအဖွဲ့သစ်အနေနဲ့KIOကိစ္စကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ
ဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ကို တာဝန်ပေးခဲ့တာ တွေ့ရပါတယ်။

၂၀၁၁ သြဂုတ်လမှာ သမ္မတက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ ပါတယ်။

၂၀၁၁ စက်တင်ဘာလမှာ သမ္မတ ကတာဝန်ပေး စေလွှတ်လိုက်လို့ ၀န်ကြီးဦးအောင်မင်း အနေနဲ့ KNU ဗဟိုကိုတွေ့ဖို့ မဲဆောက်ကို ခရီးစတင်ရင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုအသက်ဝင်လာပါတယ်။ အဲ့ဒီအချိန်က Thai မှာ ရေကြီးနေလို့ ၅ နာရီခွဲလောက် ကားနဲ့ မောင်းရတဲ့ ဘန်ကောက် - မဲဆောက်ကို အသွား ၁၃ နာရီ၊ အပြန် ၁၄ နာရီ နီးပါးလောက် အချိန်ယူ ကြိုးစားသွားခဲ့ပါတယ်။

KNU အထွေထွေအတွင်းရေးမှူး ဆရာမ နော်စီဖိုးရာ ဦးဆောင်တဲ့ အဖွဲ့နဲ့ မဲဆောက်မှာ ဆွေးနွေးဖြစ်ခဲ့ ပါတယ်။

ကျွန်တော်တို့လည်း ဒီခရီးစဉ်ကစပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ ၂၀၁၁ နိုဝင်ဘာလ ၂၀ လောက်မှာ ဦးဟန်ရောင်ဝေ ဦးဆောင်ပြီး တိုင်းရင်းသား ခေါင်းဆောင် တချို့ စီစဉ်ပေးလို့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်ရိုင်းမြို့မှာ ၀န်ကြီးဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့တို့ သီးခြားစီတွေ့ကြပါတယ်။

RCSS/SSA, KNU, KNPP, CNF နဲ့ KIO တို့ပါ။ ကျွန်တော် မှတ်မိသလောက် ပထမဆုံး အနေနဲ့ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ခေါင်းဆောင်တဲ့ (၉) ဦးလောက် ပါတဲ့ RCSS/SSA အဖွဲ့နဲ့တွေကပါတယ်။

သူတို့ပြီးတော့ KNU ကကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော် လေးစားချစ်ခင် အားကျခဲ့တဲ့ ဖဒိုဒေးဗစ်ထော ဦးဆောင်ပြီး KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖော၊ CEC ဖဒိုအားတိုး တို့ (၃) ဦး ပါတဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့တွေပါတယ်။

ငြိမ်းချမ်းရေးအတွက် နှစ်ဖက် ပြောဆိုရမယ့် အချက်ကို စပြီး ဆွေးနွေး နိုင်ခဲ့ပါပြီ။ သူတို့ပြီးတော့ CNF ၊ ပြီးတော့ KNPP ၊ နောက်ဆုံးမှာ အတွင်းရေးမှူး ဒေါက်တာ လဂျာ ဦးဆောင် တဲ့အဖွဲ့ဝင် (၆) ဦးပါဝင်တဲ့ KIO အဖွဲ့နဲ့ တွေ့ပါတယ်။

ယခု KIO Technical Team ကိုခေါင်းဆောင် တာဝန်ယူထားတဲ့ Col လအောင် လည်း အဲ့ဒီတုန်းက အဖွဲ့ဝင် အဖြစ် ပါခဲ့ပါတယ်။ နောက်တစ်ရက် ဆက်ဆွေးနွေးဖို့ KIO နဲ့ KNU အဖွဲ့ ၂ ဖွဲ့ကို သီးခြား ဖိတ်ကြားခဲ့ပေမယ့် KIO အဖွဲ့ လာရောက်နိုင်ခြင်း မရှိဘဲ KNU အဖွဲ့က အချိန် ၂ ဆတိုးဆွေးနွေးသွားပြီး ယုံကြည်မှုတွေ ပိုမိုရှိလာပုံ ရပါတယ်။

၂၀၁၁ နိုဝင်ဘာ ၂၄ ရက်လောက်မှာ နိုင်ငံတော် သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ၂ ဖွဲ့ကို သီးခြားစီ ဖွဲ့ပေးခဲ့ပါတယ်။

ဥက္ကဋ္ဌ ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကို တာဝန်ယူကြပြီး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို တာဝန်ယူကြဖို့ပါ။ ကျွန်တော်တို့ ငြိမ်းချမ်းရေး အကျိုးဆောင်များလည်း ၀န်ကြီး ဦးအောင်မင်းနဲ့အတူ ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်၊ စံခလပူရီ၊ ဘန်ကောက် ကို အကြိမ်ကြိမ် သွားခဲ့ ကြပါတယ်။

တချို့အချိန်များမှာတော့ ၀န်ကြီးမပါပဲ ကိုယ့်ဘာသာကိုယ် ကြိုးစားသွားကြပါတယ်။ ချင်းမိုင်မှာ ရှိတဲ့ ဦးညိုအုန်းမြင့်လည်း ၂၀၁၁ နိုဝင်ဘာလကစပြီး ပါဝင်လာပါပြီ။

ဦးဘိုဘိုကျော်ငြိမ်း၊ ဦးအောင်နိုင်ဦး တို့လည်း တချို့နေရာတွေမှာ ၀ိုင်းကူကြပါတယ်။ KNU နဲ့ ပက်သက် ရင် ဦးငွေစိုး၊ ဦးချစ်သန်း၊ ကိုကိုမောင် နဲ့ မစု တို့က အဓိကပါဝင် ကူညီဆောင်ရွက်ကြပြီး ကယားအတွက် ဦးကြည်စိန်၊ မွန်အတွက် ဦးမောင်မောင်၊ ရှမ်းအတွက် ဦးဟန်ရောင်ဝေ တို့က သက်ဆိုင်တဲ့ အမျိုးသားတွေ
ဖြစ်လို့ အဓိက ပါဝင် ကူညီဆောင်ရွက် ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းမှာ အမေရိကန်ပြည်ထောင်စု က နိုင်ငံကြားရေးဝန်ကြီး ကလင်တန် လာပြီးနောက် ၂ ရက်လောက်အကြာမှာ RCSS/SSA နဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း တို့ တောင်ကြီးမှာ တရားဝင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အစိုးရသစ်ရဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်ခန့်မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ CNF နဲ့ ၀န်ကြီးဦးအောင်မင်း တို့ တွေ့ဆုံဆွေးနွေးကြပြီး အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Dr. Andrew @ ဆလိုင်းငွန်ကျုံးလျန် က CNF ရဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ပါလာပါတယ်။ ၂၀၁၂ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ အဖွဲ့ဝင် ၁၉ ဦးလောက်ပါတဲ့ KNU ကိုယ်စားလှယ် အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း တို့ဖားအံမှာတွေ့ဆုံဆွေးနွေး ပြီးနောက် ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

လွယ်လွယ် ကူကူ နဲ့အောင်မြင်ခဲ့တာတွေတော့ မဟုတ်ပါဘူး။ အခက်အခဲပေါင်းများစွာထဲက ကြိုးစားပြီး
ဖြစ်လာခဲ့တာပါ။

လက်မှတ်ရေးထိုးဖို့ သဘော တူလိုက်ပြီဆိုတဲ့ သတင်းကို ခန်းမအပြင်ထွက် ပြောပြတဲ့အခါ စောင့်ဆိုင်းနေ ကြတဲ့ ကရင်လူကြီး တချို့ မျက်ရည်ကျကြပါတယ်။

ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့ ငြိမ်းချမ်းရေးအတွက် ပျော်ရွှင်ဝမ်းသာတဲ့ မျက်ရည် ဖြစ်နိုင်သလို ပဋိပက္ခ အတွင်း မှာ ကျဆုံး၊ ကွယ်လွန်၊ ဒုက္ခရောက်ခဲ့တဲ့ ဆွေးမျိုးသားချင်း မိသားစုတွေအတွက် ၀မ်းနည်းတဲ့ မျက်ရည်လည်းဖြစ်နိုင်ပါတယ်။

တိုက်တိုက် ဆိုင်ဆိုင် KNU နဲ့ လက်မှတ်ရေးထိုးပြီး နောက် ၄ နာရီ အကြာမှာ သမ္မတက နိုင်ငံရေးအကျဉ်း သား ရာပေါင်းများစွာအတွက် လွှတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ရေးထိုး အမိန့် ထုတ်ပြန် ခဲ့ပါတယ်။

ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ၀င် နိုင်ငံရေး သမားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အပြင်ကို ပြန်ရောက်လာနိုင်ပါပြီ။

၂၀၁၂ ၊ ဧပြီလမှာ KNU အဖွဲ့အနေနဲ့ ဖားအံ၊ ရန်ကုန်တို့ မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော် သမ္မတနဲ့ နေပြည်တော်မှာ ပထမဆုံး တွေ့ဆုံနိုင်ခဲ့တဲ့ အဖွဲ့ ဖြစ်လာပါတယ်။ ၂၀၁၂ မေလမှာ သမ္မတအနေနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ပြန်ဖွဲ့ပါတယ်။

သမ္မတက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့ခဲ့ပါတယ်။ ဒုသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ပါပါတယ်။

သူ့အောက်မှာ အကောင်အထည်ဖော်မယ့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၅၂ ဦးပါတဲ့ " ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ" ကိုလည်း ဖွဲ့ခဲ့ပါတယ်။

ဒုဥက္ကဋ္ဌ ၁ ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ပဋိပက္ခဒေသက စစ်တိုင်းမှူး များ၊ ဒုဥက္ကဋ္ဌ ၂ ၀န်ကြီးဦးအောင်မင်းနဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ပဋိပက္ခဒေသက ပြည်နယ်နဲ့ တိုင်း ဒေသကြီးဝန်ကြီးချုပ်များ၊ ဒုရှေ့နေချုပ်၊ ဒုဝန်ကြီးတချို့၊ ဒုဥက္ကဋ္ဌ ၃ ဦးသိန်းဇော်နဲ့ လွှတ်တော် ၂ ရပ်မှ လွှတ်တော်ကိုယ်စားလှယ် တချို့ပါဝင်ပါတယ်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ Myanmar Peace Center (MPC) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီတစ်ခါ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရဖက်က Risk ပိုယူလာတာတွေ့ရပါတယ်။

ပထမဆုံး သမ္မတက ဖိတ်ခေါ်တယ်။ ဦးအောင်မင်းလို ပြည်ထောင်စုဝန်ကြီးကို ဘယ်တုန်းကမှ မလွှတ်ဖူးတဲ့ မဲဆောက်၊ ချင်းမိုင်၊ ချင်ရိုင်း၊ စံခလပူရီ၊ မိုင်ဂျားယန်၊ ရွှေလီလို နေရာမျိုးတွေကို အကြိမ်ကြိမ်လွှတ်တယ်။

သေနတ် ကိုင်ထားပါ။ အချင်းချင်းမတိုက်ဘဲ ပြဿနာများကိုစားပွဲဝိုင်းမှာပဲ တွေ့ဆုံဆွေးနွေးမယ်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲကြီး ဆောင်ရွက်မယ်လို့ အကြိမ်ကြိမ် ကတိစကား ပြောခဲ့ပါတယ်။ အဆင့်လိုက် တကယ်လည်း ဆောင်ရွက်ပါတယ်။

ဒါကို KNU ဥက္ကဋ္ဌ ဖထီး စောမူတူးစေးဖော လို လူမျိုးအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း Risk ယူပြီး ဆောင်ရွက်နိုင်ခဲ့လို့ အချိန်တို အတွင်းမှာ ဒီလောက် ခရီးရောက်နိုင်ခဲ့ကြတာပါ။ ပြည်သူလူထု သန်း ၆၀ အတွက် Stakeholders အားလုံးက ဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။

ပဋိပက္ခကြောင့် နှစ်ဖက် စစ်သည်တော်တွေနဲ့ ပြည်သူလူထုတွေ ဆုံးရှုံးခဲ့ကြရတာ မနည်းပါဘူး။ နောင်လာ မယ့် မျိုးဆက်တွေ အတွက် State building, Nation Building လုပ်နိုင်ဖို့ အားလုံးအတွက် Development တွေ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ရမှကို ဖြစ်ပါမယ်။

ကျွန်တော်တို့ နိုင်ငံလို ခြားနားတဲ့ ပြည်သူ့စစ်အဖွဲ့ (၅၀၀၀) ကျော်၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (၂၀) ကျော် အင်အား ၇၀၀၀၀/၈၀၀၀၀ ဆိုတာကမ္ဘာပေါ်မှာဒီနိုင်ငံတစ်ခုပဲကျန်တော့တယ် လို့ နိုင်ငံတကာက ထောက်ပြကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကိုတစ်လှမ်းပြီးတစ်လှမ်း ရှေ့ကိုဆက်သွားဖို့ ကျွန်တော်တို့ ခင်ဗျားတို့ ၀ိုင်းဝန်းကြိုးစားကြရပါမယ်။ အားလုံးကိုလည်း အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု့မျိုး ကို ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ပါရစေ။

မကြာမီ ကျင်းပတော့မယ့် လေးဝါးပွဲပြီးရင် ဖားအံ ပွဲမှသည် နေပြည်တော်မှာ ကျင်းပမယ့် နိုင်ငံရေး
တွေ့ဆုံဆွေးနွေးပွဲကြီးဆီသို့ အမြန်ဆုံး ရောက်ရှိပါစေကြောင်း KNU အစိုးရ ၂ နှစ်ပြည့် အပစ်အခတ် ရပ်စဲရေး နှစ်ပတ်လည်မှာ ဆန္ဒပြုလိုက်ပါရစေ။

(ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေကြတဲ့ အဆင့်ဆင့်သော ခေါင်းဆောင်များ နှစ်ဖက် တပ်ဖွဲ့ဝင် များကို လေးစားကျေးဇူးတင်လျှက်)

ဧရာဝတီ သတင်း

သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်ချင်သည့် ဆန္ဒရှိဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးပြောကြား


နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၅၉ (စ)ပါ အကြောင်းအရာများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်း၌ ဆွေးနွေးခဲ့ပြီး အခြေအနေ အချိန်အခါအရ ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်ထဲတွင် ထည့်ထားသော်လည်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်ချင်သည့် ဆန္ဒရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဇန်န၀ါရီ ၁၂ ရက်က ပြောကြားသည်။
ရန်ကုန်မြို့ ရန်းကင်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ကျင်းပခဲ့သည့် ပါတီဝင်လူငယ်များ တွေ့ဆုံပွဲနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဦးမောင်မောင်သိမ်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ်တို့ တစ်ဦးချင်းပြောရလို့ရှိရင် ကိုယ်တို့တွေက Fair Play ပေါ့။ Level Play Ground မှာ ကစားချင်တယ်။ ဒါတို့ရဲ့ပါတီဥက္ကဋ္ဌတို့ရဲ့ အခုဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းကလည်း ဒီအတိုင်းပဲ ဆန္ဒရှိတယ်။ ဒါပေမဲ့ ဒါဟာအများနဲ့ ဆုံးဖြတ်ရတဲ့ အခါကျတော့ တစ်ချို့ဟာတွေတော့ ယတိပြတ် မပြတ်ဘူးပေါ့။ ဒါပေမဲ့ ငါ့တို့က သဘောထား တစ်ခုပဲ ပေးလို့ရတယ်။ လွှတ်တော်ကိုတင်ရဦးမယ် လွှတ်တော်မှာ ဆွေးနွေးရဦးမယ်။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ အားလုံးသဘောတူမှပဲရမယ် အဲဒီတော့ ဒါလိုပါသေးတယ်။ တို့ကတော့ Level Play နဲ့ပဲ တန်းတူရည်တူပဲ ကိုယ်တို့ရဲ့ လူကြီးကလည်း တန်းတူရည်တူပဲ ယှဉ်ပြိုင်ချင်ပါတယ်။ ဒါငါတို့ရဲ့ သဘောထားပါ။ တို့ရဲ့ သဘောထားဆိုတာ တစ်ဦးချင်းရဲ့ သဘောထားကို ပြောတာပါ” ဟု ၎င်းကပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ (စ) တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ စသည့်အချက်များ ပါဝင်သည်။

eleven media group

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကြေးခေတ် ယဉ်ကျေးမှုနယ်မြေအသစ် ထပ်မံတွေ့ရှိ



ဘုတလင် ၊ ၁၃-၁-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဘုတလင် မြို့နယ် ညောင်ကန် ကျေးရွာအုပ်စု အုတ်အိုင် ကျေးရွာ ၏ အနောက် တောင်ဘက် အရပ်ရှိ ယာခင်း တောအတွင်းမှ ကြေးခေတ် ယဉ်ကျေးမှု နယ်မြေ အသစ်ကို ထပ်မံ တွေ့ရှိရ သည့်အတွက် ရှေးဟောင်း သုတေသန ညွှန်ကြားမှု ဦးစီးဌာန နှင့် နိုင်ငံခြားသား ပညာရှင်များ ပူးပေါင်း တူးဖော်လျက် ရှိကြောင်း တိုင်းဒေသကြီး အစိုးရရုံး က ပြောကြားသည်။

အဆိုပါ ကြေးခေတ် ယဉ်ကျေးမှု နယ်မြေအသစ် ကို အုတ်အိုင် ကျေးရွာနေ တောင်သူကြီး ဦးဘတင် ၏ ကုလားပဲများ စိုက်ပျိုး ထားသည့် ယာခင်းတော အတွင်းမှ စတင် တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း တွေ့ရှိချက် ကို ဆက်လက်၍ သုတေသန ပြုလုပ်နိုင်ရန် အတွက် မန္တလေး ရှေးဟောင်း သုတေသန ညွှန်ကြားမှု ဦးစီးဌနာ ဌာနချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းကျော် နှင့် အဖွဲ့သည် French Arcaeological Mission in Myanmar အဖွဲ့မှ ပြင်သစ် နိုင်ငံသား ပညာရှင် ၃ ဦး ၊ ဘယ်လ်ဂျီယံ နိုင်ငံသား ပညာရှင် တစ်ဦး နှင့်အတူ ယခုလ ၁၀ ရက်မှ စတင်ပြီး ဒေသခံ လုပ်သားများ ဖြင့် စတင် တူးဖော် နေခြင်း ဖြစ်ကြောင်း သိရသည်။

ကြေးခေတ် ယဉ်ကျေးမှု နယ်မြေ အသစ်ကို တူးဖော်ရန် လျာထားသည့် လယ်ယာမြေ အကျယ်အဝန်း သည် သုံးဧက ဖြစ်ပြီး တူးဖော်မည့် ရက် ကာလသည် အနည်းဆုံး တစ်လခန့် ကြာမြင့်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းကျော် က ပြောသည်။

အဆိုပါဒေသရှိ ဒေသခံ တောင်သူကြီး များသည် တောင်သူ လုပ်ငန်းခွင်၌ ထွန်ယက် စိုက်ပျိုး သည့်အခါ လူအရိုးများ မကြာခဏ တွေ့ရှိ ကြရပြီး ရှေးယခင်က ထိုဒေသတွင် တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ခဲ့ ဖူးသည့် ရွာဟောင်းကြီး တစ်ခုဖြစ်မည် ဟု ခန့်မှန်း ယူဆ ခဲ့ကြသည် ဟု ပညာရှင်များ တည်းခို နေထိုင်နေသည့် အိမ်ရှင်ဖြစ်သူ အုတ်အိုင် ကျေးရွာခံ ဦးအောင်သန်း မှ ပြောပြသည်။

လွန်ခဲ့သော ၁၉၉၆ ခုနှစ် ပတ်ဝန်းကျင်ခန့် က အဆိုပါ ဒေသသို့ သုတေသနပြု စာတမ်းများ ရေးသားရန် လေ့လာရေး ရောက်ရှိ လာသည့် ဂျာမနီ နိုင်ငံသူ အက်စတာမိုး ( Ms. Eastermoe ) သည် ယခု တူးဖော် လျက်ရှိသော တောင်သူကြီး ဦးဘဝင်း ၊ ဦးလမ်းတို့၏ ယာခင်းတော များသို့ သွားရောက် လေ့လာပြီး မှတ်တမ်းများ ရယူ ခဲ့ဖူးကြောင်း ယာခင်း ပိုင်ရှင် ဦးလမ်း မှ အတည်ပြု ပြောကြားသည်။

အဆိုပါ ကြေးခေတ် ယဉ်ကျေးမှု နယ်မြေ တည်ရှိရာ ညောင်ကန် ကျေးရွာ အုပ်စုသည် ဘုတလင်မြို့ ၏ အနောက်ဘက် ၅ မိုင် ၄ ဖာလုံ ခန့်အကွာတွင် တည်ရှိပြီး ကျေးရွာ အုပ်စု၏ အကျယ်အဝန်း မှာ ၇၆၂၂ ဧက ရှိကြောင်း သိရသည်။

Themyawadydaily

ရှိခ်ဟာဆီနာ ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ် ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို


ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid (ဝဲ) နဲ့ ဝန်ကြီးချုပ်သစ် Sheikh Hasina (ယာ) တို့အား ကျန်းသစ္စာကျိန်ဆိုပွဲမှာ တွေ့ရစဉ်။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)

ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ် ဒုတိယသက်တမ်းအတွက် ရှိခ်ဟာဆီနာက တနင်္ဂနွေနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။ အနည်းဆုံး လူ ၁၈ ဦး သေဆုံး ခဲ့ရတဲ့ နိုင်ငံရဲ့ အကြမ်းဖက်မှုအဆိုးဆုံး ရွေးကောက်ပွဲတွေထဲက တခုဖြစ်တဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီး အခုလို ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အရင် ၀န်ကြီးချုပ်ဟောင်း Khaleda Zai ဦးဆောင်တဲ့ Bangladesh Nationalist ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ကတည်းက မစ္စ ဟာဆီနာနဲ့ သူမရဲ့အာဏာရ Awami League ပါတီ အနိုင်ရမယ်လို့ သေချာပေါက် တွက်ဆထားပြီးသားလည်း ဖြစ်ပါတယ်။ Awami League ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရဲ့ မဲဆန္ဒနယ်မြေ တ၀က်ကျော်မှာ ကန့်ကွက်သူမရှိ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဒီအမျိုးသမီး ၂ ယောက်တို့ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံရေးကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကို ချယ်လှယ်ခဲ့ကြသူတွေပါ။ ၀န်ကြီးချုပ်ဟာ တဖြည်းဖြည်းချင်း ပိုပြီး ဆိုးလာနေတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အတိုက်အခံတို့က ဆန္ဒမဲကောက်ခံမှု အသစ်လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေ ကြီးမားလာတာကြောင့် အခု အစိုးရသစ်ဟာ သက်တမ်းတို နိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ရှိခ်ဟာဆီနာဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် အတွင်းမှာလည်း ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်ရှင်။
ဗွီအိုအေ (မြန်မာဌာန)

မြ၀တီနေ့စဉ်သတင်းစာ (၁၃-၁-၂၀၁၃) တနင်္လာနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဧရာဝတီတိုင်းမှာ ကျောင်းပေါင်းစုံအားကစားပွဲကျင်းပ


မနေ့က ဧရာဝတီတိုင်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲမြင်ကွင်း၊ ဓာတ်ပုံ- ဆလိုင်းသန့်စင် /ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်းစုံက ကျောင်းသားပေါင်း ၂၀၀၀ ကျော် ပါဝင်ဆင်နွှဲမယ့် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကို မနေ့က မနက်ပိုင်းက အခမ်းအနားနဲ့ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါတယ်။

ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်းမှာပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာ အခြေခံပညာ ကျောင်းတွေ က ကျောင်းသူကျောင်းသား ၇၀၀ ကျော်နဲ့ ဆရာမ ၁၀၀ ကျော်က အကအလှတွေနဲ့ ပါဝင်ဖျော်ဖြေခဲ့ပြီး အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက် အားပေးခဲ့ကြပါတယ်။


ဖွင့်ပွဲ အခမ်းအနား တက်ရောက်လာတဲ့ အားကစားဝန်ကြီး ဦးတင့်ဆန်းနဲ့ တိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်

ယခင်နှစ်တွေကတော့ တိုင်းပညာရေးဌာနကဦးစီးပြီး ခရိုင်အလိုက် ကျောင်းသားအားကစား ပြိုင်ပွဲတွေပဲ လုပ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် တတိုင်းလုံးမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ် က ကျောင်း သားတွေကို ပါဝင်ယှဉ်ပြိုင်စေခဲ့တာလည်း ဖြစ်ပါတယ်။

ခရိုင်အလိုက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေကတော့ ဘောလုံး၊ ဘော်လီဘော၊ ဘက်စကတ်ဘော၊ ကြက်တောင်နဲ့ ရိုးရာခြင်းလုံးတွေဖြစ်ပြီး ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာနဲ့ ဖျာပုံခရိုင် က ကျောင်းသားအသင်းတွေ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြို့နယ်အလိုက် ယှဉ်ပြိုင်ကစားမယ့်အားကစားတွေကတော့ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းနဲ့ စားပွဲတင် တင်းနစ်တို့ဖြစ်ပြီး တတိုင်းလုံးမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်က ကျောင်းသား အသင်းတွေ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

အားကစားနည်း စုစုပေါင်း ၈ မျိုး ယှဉ်ပြိုင်ကစားဖို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲတွေကို ခုလိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရတဲ့ အကြောင်း ရင်း ကို ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိန်သန်းက ဧရာဝတီကို အခုလို ပြောပါတယ်။

“အဓိကအားဖြင့်တော့ ကျောင်းသားလေးတွေ အားကစားကို ပြန်ပြီးစိတ်ဝင်စားစေချင်ပါတယ်။ အားကစားပြိုင်ပွဲများ နားနေတဲ့အတွက်ကြောင့် ကျောင်းသားတွေစိတ်ထဲမှာ အားကစားဆိုတာကို
မေ့ပျောက် သလောက် စာမှစာဖြစ်နေတဲ့အချိန်မှာ အားကစား လှုပ်ရှားခြင်းကြောင့် ကျန်းမာကြံ့ခိုင်ပြီးတော့ ပညာရည်ပါ မြင့်မားလာတယ်ဆိုတာ ဖြစ်စေချင်တဲ့အတွက်ကြောင့် ဒီအားကစားကိုပြန်ပြီးတော့ အခြေ ပျိုးပြီး ပိုမိုတိုးတက်အောင် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ကျောင်းသားအားကစားပြိုင်ပွဲတွေကို ဒီလ ၁၂ ရက်ကနေ ၁၅ ရက်အထိ ပုသိမ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဗိုလ်စွဲတဲ့အသင်းတွေကို တံခွန်စိုက်ဒိုင်းဆုနဲ့အတူ ဆုတံဆိပ်ဆွဲပြားတွေ ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရ ပါတယ်။

ဖွင့်ပွဲမှာ အခြေခံပညာ ကျောင်းသားကျောင်းသူတွေက အေရိုးဗစ်အက၊ ကဗျာလွတ်အက၊ ကာယ လ့ကျင့်ခန်း နဲ့ ပညာရေးတက္ကသိုလ်က သင်တန်းသူဆရာမတွေက ဆီးဂိမ်းပိတ်ပွဲမှာ ကပြခဲ့တဲ့ “ပြန်ဆုံမယ်” တေးသီချင်းနဲ့ ကပြခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်မယ့်အားကစားသမားကျောင်းသားလေးတွေဟာလည်း သူ့မြို့နယ်အလိုက် နာမည်တံဆိပ်တွေ ပါတဲ့ အားကစားတူညီဝတ်စုံ၊ ဦးထုပ်၊ ဖိနပ်စသဖြင့် လိုအပ်တဲ့ အ၀တ်အစား အသုံးအဆောင်တွေနဲ့ သပ်သပ်ရပ်ရပ် ရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ အိမ်ရှင်မြန်မာက ရွှေတံဆိပ် ၈၆ ခု ရယူခဲ့တာနဲ့အတူ အနာဂတ်မှာ ထူးချွန်တဲ့အားကစားသမားတွေ ပေါ်ထွက်လာရေးအတွက် အခြေခံပညာ ကျောင်းအဆင့်ကစပြီး လုပ်
ဆောင်ဖို့လိုအပ်နေကြောင်း အားကစားကလောင်ရှင်တွေဆီက ဝေဖန်အကြံပြုသံတွေ ကျယ် ကျယ်
ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အားကစားကလောင်ရှင်တွေ အကြံပြုခဲ့သလို အခြေခံပညာကျောင်းသား အားကစား ပြိုင်ပွဲဆိုပြီး ပညာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အလိုက် ကျောင်းသား ပြိုင်ပွဲတွေ ကျင်းပလာခဲ့ပြီ ဖြစ်ပါတယ်။

“နိုင်ငံ့လက်ရွေးစင်တွေဖြစ်ဖို့အတွက် ကျနော်တို့ အခြေခံကျောင်းများက စုစည်းပြီးတော့ လေ့ကျင့်ပေးမှုက အခြေခံရပါတယ်။ အခြေခံကျောင်း အဆင့်ကနေ တက္ကသိုလ်အဆင့်ရောက် သူတို့လည်းအဲဒီမှာ အားကစား ဆက်ကြိုးစား၊ ဒီလိုနည်းနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားတွေ ဖြစ်လာကြမယ်လို့ ယုံကြည့်ပါတယ်။ အခု လည်း ထူးချွန်တဲ့အားကစားသမားတွေ နိုင်ငံအတွက် မွေးထုတ်ပေးနိုင်အောင် ကျနော်တို့ အားစိုက် ပြီး ဆောင်ရွက်နေပါတယ်”လို့ ပညာရေးဌာနက ဦးစီးအရာရှိ ဦးစိန်သန်းက ပြောပါတယ်။

တနိုင်ငံလုံးအဆင့် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကိုတော့ ဇန်န၀ါရီ ၃၀ ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပသွားဖို့စီစဉ်ထားကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းက ပြိုင်ပွဲတွေမှာ ထူးချွန်စွာကစားနိုင်တဲ့ကစားသမားတွေကို စုစည်းပြီး ဧရာဝတီတိုင်း အခြေခံပညာကျောင်းသားအားကစားအသင်းအဖြစ် နေပြည်တော်မှာ သွားပြိုင်ကြမှာ ဖြစ်ပါတယ်။

“လူရွေးပွဲထက် ဒီလိုပြိုင်ပွဲတွေက တကယ်တော်တဲ့ကစားသမားတွေ ထွက်ပေါ်စေပါတယ်။ ဒါပေမယ့်
ကျောင်းသားပွဲတွေနှစ်စဉ်လုပ်ဖို့တော့ လိုတာပေါ့နော်။ ရွက်ပုန်းသီး အားကစားသမားတွေ အများကြီးရှိပါ တယ်။ ပြိုင်ပွဲကျင်းပပေးမှ ပေါ်ထွက်လာမှာပါ။ ပွဲနားနီးမှ လူရွေးပွဲလုပ်ပြီးတော့ ကောက်ခေါ်သွား တာက
အောင်မြင်မှုမရနိုင်ပါဘူး။ ဒီပြိုင်ပွဲတွေက နိုင်ငံတော်အတွက် ရွက်ပုန်းသီးအားကစားသမားတွေ ဖော် ထုတ်
ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဘော်လီဘောအသင်း အုပ်ချုပ်သူ ဦးရဲထွန်းလတ်က ပြောပါတယ်။

ဒီပုံအတိုင်းသာ စနစ်တကျနဲ့ နှစ်စဉ်ကျင်းပနိုင်မယ်၊ ကျောင်းသားအားကစားသမားတွေ ကို မြေတောင်
မြှောက်ပေးနိုင်မယ်ဆိုရင် မကြာသောကာလမှာ အခြေခံပညာကျောင်းတွေက ထွက်ပေါ်လာမယ့် နိုင်ငံ့ လက်ရွေးစင်အားကစားသမားတွေကို မြင်တွေ့ရဖွယ်ရှိပါတယ်။








ဧရာဝတီ သတင်း

Weekly Eleven News Journal အတွဲ(၉) အမှတ်(၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အတွဲ (၂)၊ အမှတ် (၆၇)၊ ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၁၄ ခုနှစ်

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





တန်းခိုးဆရာထွန်း ကဗျာဆုနှင့် ဂီတစာဆိုဆု ချီးမြှင့်


ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ လောကမာရဇိန်ဓမ္မာရုံတွင် ဇန်န၀ါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် တန်းခိုး ဆရာထွန်း ဒုတိယ အကြိမ် စာပေဆုပေးတွင် ကဗျာဆုနှင့် ဂီတစာဆိုဆု (၂) ဆုကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တန်းခိုးဆရာထွန်းကဗျာဆုကို ကဗျာဆရာ ထက်မြက်နွယ် (ကျောက်တော်)မှ ရရှိသွားပြီး၊ တန်းခိုးဆရာထွန်း ဂီတဆုကို ဆရာဖြိုး ခေါ် ဦးဒိုးမောင်မှ ရရှိသွားကြောင်း သိရသည်။

ဆုရွှေးချယ် ချီးမြှင့်ခဲ့ပုံကို တန်းခိုးဆရာထွန်း စာပေဆုပေးပွဲ ဖြစ်မြောက်ရေးကော်မီတီ အတွင်းရေးမှူး ဦးကျော်ဆန်းခေါ် ဆရာလွမ်းပြေအောင်က ယခုကဲ့သို့ပြောသည်။

“ကျွန်တော်တို့က ကဗျာပြိုင်ပွဲစာမူခေါ်ပြီး အကောင်းဆုံးနဲ့ အဆင့်အမီဆုံးကို ရွေးချယ်ခဲ့ပါတယ်။ ဂီတစာဆို ဆိုကိုတော့ ဂန္ဓ၀င်သချင်းတွေရေးတဲ့ ဂီတစာဆိုထဲက ပြည်သူလူထု လက်ခံဆုံးနဲ့ အမျိုးဘာသာ၊ သာသနာအတွက် အထောက်အကူအပြုနိုင်ဆုံး သီချင်းကိုရွေးပြီးတော့ ဆရားဖြိုးကို ပေးအပ်ခဲ့တာဖြစ်ပါတယ်”ဟု ဆရာလွမ်းပြေအောင်က ပြောသည်။

ဆုပေးပွဲသို့ ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံမှ စာရေးဆရာများတက်ရောက်ခဲ့ပြီး ဆုရရှိသူများကို ကျပ်ငွေ တစ်သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွဲစီစဉ်သူများက ယခုနှစ်တွင် တန်းခိုးဆရာထွန်းစာပေဆု ၃ ဆုကို ချီးမြှင့်ရန် စီစဉ်ထားသော်လည်း ဆုနှစ် ဆုသာ ချီးမြှင့်နိုင်ခဲ့သည်။

“ကျွန်တော်တို့ တန်းခိုးဆရာထွန်း ကဗျာဆုနဲ့ ဂီတစာဆိုဆု ၂ ဆုကိုဘဲပေးနိုင်ခဲ့ပါတယ်။ တန်းခိုးဆရာထွန်း ဆောင်းပါးဆုကို မပေးနိုင်ခဲ့ဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့ စာတန်းငယ်တစ်စောင်အဆင့်ကို မမီတဲ့အတွက် ဆောင်းပါးဆုကို မပေးနိုင်တာပါ” ဟု ဆရာက ဆိုသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် တန်းခိုးဆရာထွန်း ရေးသားခဲ့သည့်စာပေ တန်းခိုးဆရာထွန်း ဘ၀မှတ်တမ်း အဖွဲ့အနွဲ့များနှင့်သာ ပတ်သတ်ပြီး ပြိုင်ပွဲစာမူများ ဖိတ်ခေါ်ခဲ့သော်လည်း လာမည့်နှစ်တွင် တန်းခိုးဆရာထွန်း စာပေနှင့် နီးစပ်မှုမရှိသူများပါလည်း ပါဝင်လာနိုင်ရန် ခေါင်းစဉ်ကို ဖွင့်ပေးသွားမည် ဖြစ်ကြောင်း ဆရာ လွမ်းပြေအောင်က ပြောသည်။
Narinjara

ရတနာပုံနေ့စဉ်သတင်းစာ (၁၃-၁-၂၀၁၄) တနင်္လာနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဝက်ကြေးအိုးနှင့် ကြေးအိုးဆီချက်



ဝက်ကြေးအိုး လုပ်ရန်အတွက် အူမကြီး၊အူချို၊ အူပိတ်၊အသည်း၊ကျောက်ကပ်၊နှလုံး အားလုံးတို့ကို ရှာလကာရည်(သို့) မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။

ဒေါ်ပုက ကြေးအိုးလုပ်စားရင်လည်း ဝက်အူပိတ်ပါထည့်စားပါတယ်။ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။ အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။ ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။
ပြီးလျှင် ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့် အသင့်အတင့် ထည့်ပြီး နူးအောင်တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့် စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။ ဝက်ကလီစားများကို ကျက်အောင်ပြုတ်ပြီး အနေတော် အရွယ်လေးများ လှီးထားပေးပါ။
ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ကာ အနေတော် အရွယ်လေးများ လှီးထားပေးပါ။

ဆန်ကြာဇံကို အနည်းဆုံး ၃ နာရီလောက်ကြိုပြီး ရေစိမ်ထားပေးပါ။ ကြေးအိုးအရည်လုပ်ရန် အတွက် ဝက်ရိုးများကို ရေစင်အောင်ဆေးပြီး ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်း၊ သကြား၊ဆားအနည်းငယ်ဆီ ထည့်ကာ အချိန်ကြာကြာလေးပြုတ်ထားပေးပါ။ ငုံးဥများကို ကျက်အောင်ပြုတ်ပြီး ခွါထားပါ။

ဝက်သားလုံးလုပ်ရန်အတွက် ကြိတ်ထားသောဝက်သား (သို့) စဉ်းထားသောဝက်သားများထဲသို့ ကော်မှုန့်အနည်းငယ်ကို အရည်ပျစ်ပျစ်ဖျော်ပြီး ထည့်ပါ။ ကြက်ဥတစ်လုံး ဖောက်ပြီးထည့်ပါ။ ကြက်ဥအကာပဲထည့်ပေးပါ။ ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနှင့်ဂျင်းကို အရည်ညှစ်ထည့်ပါ။ ပဲပြား တတုံးလောက်ကို ချေပြီးထည့်ပေးပါး။ ဝက်သားအရသာ အိပြီး ပိုစားကောင်းအောင်လို့ပါ။ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ငရုတ်ကောင်း၊နှမ်းဆီ အနည်းငယ်ဆီ ထည့်ကာ နှံ့အောင်နယ်ပြီး ကြိုက်နှစ်သက်သလို အလုံးလေးတွေ လုံးထားပေးပါ။ ဒေါ်ပုကတော့ ငါးဖယ်လုံးကို အသင့်စားလို့ရတဲ့ လုပ်ပြီးသား ငါးဖယ်လုံးကို သုံးပါတယ်။ မုန်ညှင်းရွက်၊ ဟူစိုင်ရွက် တို့ကိုအနေတော် အရွယ်လေးများ ဖြတ်ထားပြီး ရေစင်အောင် ဆေးကာရေစစ်ထားပါ။

ထို့နောက် အိုးတလုံးထဲတွင် ဝက်ရိုးပြုတ်ရည် အိုးတဝက်လောက် ခပ်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ ဝက်ပြုတ်ရည်များ ပွက်ပွက်ဆူလာလျှင် လုံးထားသော ဝက်သားလုံးများကို အသားများ ကျက်သည်အထိ မိနစ်အနည်းငယ်မျှ ပြုတ်ပေးပါ။ အသားများကျက်လာလျှင် ပန်းကန်တခုထဲသို့ ဆယ်ထည့်ထားပေးပါ။ ဝက်ကြေးအိုးလုပ်ရန်အတွက် အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် စားမည့်ပမာဏနှင့်ချိန်ဆ၍ ရေစိမ်ထားသော ကြာဇံ၊ ဝက်ကလီဇာများ၊ပဲပြား၊ငါးဖယ်လုံး၊ဝက်သားလုံး၊ငုံးဥ၊မုန်ညှင်းရွက်၊ဟူစိုင်ရွက် တို့ကို ဇကာထဲသို့ထည့်ကာ ခဏကြာမျှ ပြုတ်ပေးပါ။ ကြာဇံများ မနူးခင် ဆယ်ယူပြီး စားမည့်ပန်းကန်ထဲသို့ ထည့်ပေးပါ။ ပြီးလျှင် ဝက်ပြုတ်ရည်ကို ကြာဇံ၊ဝက်ကလီစာများ အပေါ်မူတည်၍ အသင့်အတင့်ကို ပန်းကန်ထဲသို့ ခပ်ထည့်ပေးပါ။ အပေါ့အငံမြည်းကာ ငရုတ်ကောင်း၊နှမ်းဆီ တို့ကို အနည်းငယ်ဆီ ထည့်ပေးပါ။ ဝက်ကြေးအိုးကို ရှာလကာရည်နှင့်စိမ်ထားသော ငရုတ်သီးစိမ်း၊ ငရုတ်ဆီ အချဉ်ရည်တို့ဖြင့် တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။

ဝက်ကြေးအိုးဆီချက်

ဝက်ကြေးအိုးဆီချက်လုပ်ရန်အတွက် အထက်ပါ ဝက်ကြေးအိုး နည်းအတိုင်းပြုလုပ်၍ ရေစိမ်ထားသော ကြာဇံ၊ ဝက်ကလီဇာများ၊ ပဲပြား၊ ငါးဖယ်လုံး၊ ဝက်သားလုံး၊ ငုံးဥ၊ မုန်ညှင်းရွက်၊ ဟူစိုင်ရွက် တို့ကို ဇကာထဲသို့ထည့်ကာ ခဏကြာမျှ ပြုတ်ပေးပါ။ ကြာဇံများ မနူးခင် ဆယ်ယူပြီး စားမည့်ပန်းကန်ထဲသို့ ထည့်ပေးပါ။ ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီ၊ ပဲငံပြာရည်အကြည်၊ ငံပြာရည် အနည်းငယ်ဆီ ထည့်ကာ အားလုံးနှံ့အောင်ရောမွှေပေးပါ။ ဝက်ကြေးအိုးဆီချက်ကို ဝက်ပြုတ်ရည်၊ ရှာလကာရည်နှင့်စိမ်ထားသော ငရုတ်သီးစိမ်း၊ ငရုတ်ဆီ အချဉ်ရည်တို့ဖြင့် တွဲဖက်၍ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင်။
(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)
ဒေါ်ပုလက်ရာ

ပုစွန်ခွက်ကြော်သုပ်


ဒေါ်ပုကတော့ ပုစွန်ခွက်ကြော်သုပ်ကို ခေါက်ဆွဲကြော်၊ ပဲပြားကြော်၊ ပုစွန်ခွက်ကြော်၊ ပဲမှုန့်၊ ကြက်သွန်နီဆီချက်၊ ငံပြာရည်၊ သခွါးသီး၊ နံနံပင်၊ ငရုတ်ဆီအချဉ်ရည်တို့ဖြင့် ချဉ်ငံစပ် သုပ်စားပါတယ်။
ပုစွန်ခွက်ကြော်လုပ်ရန်အတွက် ယိုးဒယား အကြော်မှုန့်ကို ဆားနှင့် နနွင်းမှုန့် အနည်းငယ်ဆီထည့်၍ မုန့်နှစ်ရေကို မပျစ်မကျဲဖျော်ထားပါ။ ပုစွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ထားပါ။ ပဲတီပင်ပေါက်များကို ရေဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် ပုစွန်နှစ်ကောင်နှင့်ပဲတီပင်ပေါက်အနည်းငယ်ကို ဖျော်ထားသော မုန့်နှစ်ရည်ထဲနှစ်ထည့်ပြီး အချိုပန်းကန်ပြားအသေးတခုထဲသို့ထည့်ပါ။ ပြီးနောက် ပန်းကန်ထဲမှ မုန့်နှစ်နှင့်ရောထားသော ပုစွန်နှင့်ပဲတီပင်ပေါက်ကို ဆီအိုးထဲသို့ အသာစောင်းထည့်ပြီး မီးအနေတော်ဖြင့် ကြွပ်နေအောင်ကြော်ကာ ဆီစစ်ထားပါ။

ခေါက်ဆွဲကြော်ရန်အတွက် ခေါက်ဆွဲအစိုကို ဆား၊ပဲငံပြာရည်အကြဲ၊ခရုဆီတို့ဖြင့် သမအောင်နယ်ထားပါ။ထို့နောက် သင့်ရုံအရွယ် လှီးထားသော ဂေါ်ဖီ၊ ပဲသီး၊ ကြက်သွန်နီ တို့ကို ဆားအနည်းငယ် ထည့်ကာ ဆီအနည်းငယ်ဖြင့် ကြော်ထားပါ။ထိုနောက် အရွက်များ အနည်းငယ်နွမ်းလျှင် ခေါက်ဆွဲ ထည့် ပြီး ကြော်ပါ။ အနည်းငယ် ကြာအောင် မွှေ၍ အထက်အောက်လှန်ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)

ပဲပြားကြော်ရန်အတွက် ပဲပြားများကို ရေအသာဆေးပြီး အတုံးလေးများပိုင်းကာ ဆီပူပူတွင် ရွှေရောင်သန်းလာသည်အထိ ကြော်ထားပါ။ ကြက်သွန်နီပါပါးလှီး၍ နနွင်းအနည်းငယ်ထည့်ပြီး ကြက်သွန်နီဆီချက် ချက်ထားပါ။ သခွါးသီး၊နံနံပင်တို့ကို ပါပါးလှီးထားပါ။ အချဉ်ရည်လုပ်ရန်အတွက် မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီလောက်ကြိုစိမ်ထားပါ။ မကျည်းရည်ထဲသို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်ပါ။ ထန်းညက်ခဲ ၁ ခဲ (သို့) ၂ ခဲကို ရေနွေးဖြင့်ကျိုပြီး ထည့်ပါ။ညက်အောင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကိုမကျည်းရည်ထဲသို့ နှံ့အောင် ရောမွှေပေးပါ။ အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဇလုံတခုထဲတွင် ကြော်ထားသောခေါက်ဆွဲထည့်ပါ။ ပုစွန်ခွက်ကြော်နှင့် ပဲပြားကြော်များကို အနေတော် အရွယ်လေးများ ညှပ်ထည့်ပါ။ ကြက်သွန်နီဆီချက်၊ ငရုတ်ဆီအချဉ်ရည်၊ ပဲမှုန့်၊ ငံပြာရည်၊ ပါးပါးလှီးထားသော သခွါးသီးနှင့် နံနံပင် တို့ကိုထည့်ပြီး အားလုံး ရောနယ်ကာ အပေါ့ အငံ အချဉ် မြည်း၍ အရသာရှိသော ချဉ်ချဉ်ငံငံစပ်စပ် ပုစွန်ခွက်ကြော်သုပ်ကို ဂေါ်ဖီကြာဇံဟင်းခါး ပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)

ဂေါ်ဖီကြာဇံဟင်းခါး
အိုးထဲတွင် ရေကိုလိုသလောက်ထည့်ကာ ငါးပိစိမ်းစား၊ပုစွန်ခြောက်မှုန့်၊ဆား အသင့်အတင့်ထည့်ကာ တည်ထားပါ။ ရေများပွက်ပွက်ဆူလာပြီး ငါးပိနံ့ပျောက်လျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ထည့်ပါ။ ပြီးလျှင် အနေတော်လှီးထားသော ဂေါ်ဖီများကိုထည့် ပြီးတည်ထားပါ။ ခဏကြာလျှင် ပဲကြာဇံ အနည်းငယ် ထည့်ပေးပါ။ ဂေါ်ဖီနှင့် ပဲကြာဇံများနူးလာလျှင် အပေါ့အငံမြည်းကာ ငရုတ်ကောင်းခတ်ပြီး ဂေါ်ဖီကြာဇံဟင်းခါးလေး သုံးဆောင်လို့ ရပါပြီရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)
ဒေါ်ပုလက်ရာ

အုန်းထမင်းကြော်၊ ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်း၊အမဲကြော်၊ ငါးကျည်း ကျပ်တင်ကြော်၊ကညွတ်ကြော် ၊ကျောက်ဖရုံသီးနှင့် ကြက်ရိုးဟင်းခါး၊ ငရုတ်သီးခြောက်ကြော်နှင့် တို့စရာ


အုန်းထမင်းကြော်

ထမင်း ပေါင်းအိုးထဲတွင် ဆန်ကို ရေစင်စင်ဆေးပြီး အုန်းနို့ နှစ်ဆ နှင့်ရေတစ်ဆ ရောပြီး ဆန်ပေါ် လက်တစ်ဆစ်ကြော်လောက်ထည့်ပါ။ ကြက်သွန်နီ လေးလုံးလောက်ကို လေးစိပ်စိပ်ကာ ထောပတ်အနည်းငယ်နှင့် ခဏမျှကြော်ပြီး အိုးထဲသို့ ထည့်ပါ။ ပြီးလျှင် သကြားနှင့်ဆား အနည်းငယ်ကိုထည့်ကာမွှေပြီး ကျက်အထိတည်ထားပေးပါ။ ကျက်လျှင်အတော်ကြာအောင် အအေးခံထားပြီးမှ ဆီအနည်းငယ်နှင့်ကြော်ပေးပါ။ အုန်းနို့နှင့် ကြက်သွန်နီထောပတ်ကြော်နံ့ သင်းသင်းလေးရကာ အလွန်စားကောင်းသော အုန်းထမင်းကြော်လေး သုံးဆောင်လို့ ရပါပြီရှင်။

ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်း

ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေတုံးပါ။ပြီးလျှင် ဆား၊အသားမှုန့်၊နနွင်းမှုန့် တို့ဖြင့် ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။ ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ဂျင်းနှင့် ငရုတ်သီးစိမ်း တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး မွှေကာ၊ ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်၍ ထည့်ပါ။ ငါးပိနံ့ ပြောက်ပြီးမှ လုံးထားသော ကြက်သားများကို ထည့်ပြီးမွှေကာ အဖုံးအုပ်ထားပါ။

ဟင်းအိုးပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ စိမ်ထားသော မရမ်သီးခြောက်အနည်းငယ်ကို ထည့် ပြီးတည်ထားပါ။ မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာလျှင် အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ် ထည့် ပြီးထပ်တည်ထားပါ။အသားများနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကြည့်ပြီး ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပုလက်ရာ

ဒေါ်စုရဲ့ရင်ထိုး ဘယ်ကရ

ကျွန်တော် NLD လည်းမဟုတ်ပါဘူး၊ ကြံ့ဖွံ့လည်းမဟုတ်ပါဘူး။ သတင်းသမားတစ်ယောက်ပါ။ ဒါပေမယ့် အမှားတွေ့ရင်တော့ လက်ပိုက်ကြည့်မနေနိုင်ပါ။ တစ်ခြား blog တစ်ခုမှာ "ဒေါ်စုရဲ့ရင်ထိုး ဘယ်ကရ" ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို အောက်ပါအတိုင်းဖတ်လိုက်ရလို့ ကျွန်တော့်အမြင်ကို ပြန်လည်ရေးသားတာပါ။

=============တွေ့ခဲ့တဲ့သတင်းအစ==============

ဒေါ်အောင်ဆန်းစုကြည် ရင်ဘတ်မှာထိုးတတ်သော ခွပ်ဒေါင်းပုံ ရွှေရင်ထိုးကို

စပွန်ဆာပေးထားသူမှာ ပုသိမ်မြို့ တရုတ်ပိုင် သီဟရွှေဆိုင်မှ ဆိုင်ရှင်ဦးသီဟ ဖြစ်ပါတယ် ..

ရင်ထိုးရဲ့တန်ဖိုးက ၅၆ သိန်းကျပ် တန်ဖိုးရှိကြောင်း သိရပါတယ် ..

ဆိုင်ရှင် တရုတ်လူမျိုး ဦးသီဟသည် ပုသိမ်မြို့မှ တိုင်းအဆင့် NLD ဥက္ကဌ ဖြစ်ပါတယ် ..

ပုသိမ်မြို့မှ NLD ပါတီဝင်များဟာ တရုတ်လူမျိုး ဘောစိများသာ အများအပြားလွှမ်းမိုးထား

ကြောင်း သိရပါတယ် ..

NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်များနဲ့ NLD ပါတီဝင်များသည် ကုလားများသာလွှမ်းမိုးထား

ခြင်းမဟုတ်ပဲ တရုတ်လူမျိုးများလည်း လွှမ်းမိုးထားကြောင်း အသိပေးခြင်းဖြစ်ပါတယ် ..

_____________________________________________

"တရုတ်ကိုကျ အမျိုးသားရေးသမားတွေ မထိရဲဘူး မပြောရဲဘူး မဟုတ်လား" ဆိုတဲ့ ကိုဒီမို၊

မဒီမိုတွေ သိစေရန်အတွက်ပါ ..
.
.
တရုတ်လွှမ်းမိုးမှုမခံဘူး တရုတ်သြဇာသက်ရောက်မှုမခံဘူး တရုတ်ကိုတိုက်ထုတ်ဆန့်ကျင်ဖို့

ကြိုးစားနေတယ်ဆိုတဲ့ ကိုဒီမို၊ မဒီမိုတွေ သိစေရန်အတွက်ပါ ..
.
.
တရုတ်ကို တိုက်ထုတ်လိုသူ ကိုဒီမို၊ မဒီမိုတွေ ပုသိမ်မြို့မှ NLD ဥက္ကဌ

တရုတ်လူမျိုး ဦးသီဟနဲ့အခြားပါတီဝင် တရုတ်ဘောစိအများအပြားကို တိုတ်ထုတ်လိုက

တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်း အသိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်

credit to Marn Htan Myo
============ တွေ့ခဲ့တဲ့သတင်းအဆုံး ============

ကျွန်တော်ပြောပြချင်တဲ့အချက်

ဒေါ်စုသော်လည်းကောင်၊ NLD သော်လည်းကောင်း တရုတ်ကိုတိုက်ထုတ်ပါလို့လည်းမပြောခဲ့သလို၊ မွတ်စလင်တွေကိုတိုက်ထုတ်ပါလို့လည်း မပြောခဲ့ပါဘူး။ အားလုံးသင့်မြတ်အောင်နေဖို့ပဲ ပြောခဲ့တာပါ။ လူမျိုးအချင်းချင်း လှည့်ပတ်ရန်တိုက်ပေးနေမယ့်အစား တိုင်းပြည်ကိုအကျိုးပြုဖို့ စဉ်းစားလိုက်ပါ။


The Irrawaddy Weekly Journal အတွဲ ၁၊ အမှတ် ၂

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ် (၄)


ထက်အောင်ကျော် (ဒီဇင်ဘာ ၁၄။ ၂၀၁၄)

ဒါပေမဲ့ ဘိလပ်ပြန်မောင်သောင်းဘေလိုဖြစ်နေတဲ့ကိုယ်က အဲဒီလိုသွားအိပ်နေလို့လဲမဖြစ်သေး။ နာမ ကျန်းဖြစ်သွားရင် ဆေးဖိုးဝါးခက ဟိုတယ်အခန်းခထက် ပိုကုန်သွားနိုင်ပါတယ်။ ဒီအရပ်မှာက နော်ဝေး မှာလို အခမဲ့ဆေးကုသပေးတဲ့ ကျမ်းမာရေးစောင့်ရှောက်မှုစနစ်က ရှိသေးတာမဟုတ်။ ဒီတော့ ဈေး အ ပေါဆုံး ငါးသောင်းတန်အခန်းကိုယူမယ်လို့ booking လုပ်လိုက်ပါတယ်။ ဆိုးတာက booking မလုပ် ခင်မှာ အခန်းကိုကြည့်ခွင့်မရှိ၊ ဓာတ်ပုံနဲ့ပြထားတာမျိုးလဲမရှိပါ။ ကံကောင်းချင်တော့ ၇ နာရီလောက်မှာ ကျနော်အခန်းရလိုက်ပါတယ်။ ကံဆိုးချင်တော့ အဲဒီအခန်းက လူရွင်တော်တွေပျက်လေ့ရှိသလို ''တ ယောက်တည်းတောင် မတ်တပ်ရပ်အိပ်ရတဲ့အခန်းမျိုး''။


ရင်ပြင်တော်ကနေ ကျီးပါးစပ်ဖက်သွားတဲ့လမ်းဘေးက တောင်စောင်းပေါ်မှာ ဆောက်ထားတဲ့ ဒီဟို တယ်ဟာ ၃ ထပ်တိုက်ဖြစ်ပါတယ်။ အပေါ်နှစ်ထပ်က အထူးနဲ့ ရေနွေးးပါတဲ့ရိုးရိုးခန်းဖြစ်ပြီး ကျနော် တည်းရမဲ့အောက်ဆုံးအထပ်က ပြူတင်းပေါက်တောင်မပါပါဘူး။ ၆ ပေ၊ ၄ ပေ ပတ်လည်လောက်ရှိတဲ့ အလုံပိတ်အခန်းဖြစ်ပြီး လျှပ်စစ်မီးနဲ့ လေ၀င်ပေါက်လေးတခုရှိနေလို့သာ တော်ပါတော့တယ်။ နော်ဝေး မှာဆိုရင်တော့ လူမနေသင့် တဲ့အခန်းကို အခကျေးငွေယူပြီးငှားစားမှုနဲ့ ဟိုတယ်ပိုင်ရှင် တရားစွဲခံရမဲ့ ကိန်းပါပဲ။

ဒါမေပဲ့ လောလောဆယ်တော့ ဘာမှမတတ်နိုင်။ တခြားဟိုတယ်တွေလဲ ဒီလိုပဲလူပြည့်နေနိုင်တဲ့ အ တွက် ဓမ္မမိတ်ဆွေပီသစွာ သီးခံတော်မူလိုက်ရုံမှတပါး တခြားရွေးစရ်ာမရှိပါ။ တညလုံးအိပ်ရေးပျက် ထားတာကြောင့် အဆင်မပြေမှုတွေအားလုံးကိုခဏဖြစ်ဖြစ် မေ့နိုင်အောင်ကြိုးစားရင်း တရေးလောက် အိပ်ပစ် လိုက်ပါတယ်။

မနက် ၁၁ နာရီလောက်မှာ တရေးနိုးလာတော့ အများသုံးအိမ်သာနဲ့ ရေချိုးခန်းဖက် ကိုယ်လက်သန့် စင်ဖို့ထွက်လာပါတယ်။ ''အာပါးပါး'' လို့ နောက်တခါအော်မိပြန်ပေါ့။ အေးလိုက်တဲ့ရေ။ ဒီလောက် အေး စက်နေတဲ့ရာသီဥတုအောက်မှာ ၅ သောင်းတန်ဟိုတယ် ရေချိုးခန်းက ရေနွေးပေးတဲ့စနစ်မရှိပါဘူး။ ရွာကဘုန်းကြီးကျောင်းတွေမှာတွေ့ရလေ့ရှိတဲ့ အိမ်သာနဲ့ ရေချိုးခန်းအဆင့်ထက် ဘာမှမပို။

ဒါပေမဲ့ ဖုန်တွေနဲ့တကိုယ်လုံးညစ်ပတ်နေတော့ ရေကလဲ မချိုးလို့မဖြစ်။ ''ရေမချိုးလို့ ဘာမှမဖြစ်၊ ရေချိုး မှားရင် သေတတ်တယ်'' ဆိုတဲ့ စကားကခေါင်းထဲဝင်တဲ့အတွက် မျက်နှာသစ်၊ ရေပတ်တိုက်တာနဲ့ပဲ ကျေနပ် လိုက်ရပါတယ်။ အ၀တ်အစားလဲပြီး ဘုရားရင်ပြင်တော်ဖက်ပြန်တက်လာတော့ ''ဟာ ဒုက္ခ သည်စခန်းကြီးလိုပါပဲလား'' ဆိုပြီး နှုတ်ကထွက်သွားပါတယ်။

မနက်အစောပိုင်းကတွေ့ခဲ့ရတဲ့ ၀ါးဖျာခင်း၊ မုဒုံစောင်ခြုံပြီး အအေးဒဏ်ကိုအာခံနေသူအားလုံးဟာ အခု တော့ နေပူဒဏ်ကို အာခံဖို့အတွက် စောင်တွေကိုအမိုးအဖြစ်အသွင်ပြောင်းလိုက်ကြပါတယ်။ ကျိုက်ထီး ရိုးတောင်ဝှေးအဖြစ်နာမည်ကြီးလှတဲ့ ၀ါးလုံးတွေကို ယာယီတိုင်အဖြစ်အသုံးပြုပြီး မုဒုံစောင်ဒေါင့်လေး ဖက်ကို အဲဒီတိုင်တွေမှာချည်၊ လူတွေကအထဲမှာကွေး။ ဒီလိုနဲ့ ပေ ၁၀၀၀ ၀န်းကျင်ရှိ ရင်ပြင်တော်ဟာ နယ်စပ်က ကရင်၊ ကချင်စစ်ပြေးဒုက္ခသည်စခန်းတခုလို အသွင်ပြောင်းသွားခဲ့ပေါ့။

မှတ်မှတ်ရရ အနောက်နိုင်ငံတွေ၊ ထိုင်းနိုင်ငံတွေမှာသုံးလေ့ရှိတဲ့ ပလပ်စတစ်တဲငယ်နဲ့ စခန်းချနေသူ တဦးတည်းကိုသာ မုဒုံစောင်တဲတွေကြားမှာ တွေ့ခဲ့ရပါတယ်။ ဒီလိုတဲတွေအသုံးများလာရင် မဆိုးဘူးလို့ တော့ ထင်မိပါတယ်။ ရှေ့နှစ်မှာတခေါက်ထပ်သွားဖြစ်ရင်တော့ ဒီလိုရွက်ဖျင်တဲငယ်တလုံး ဆောင်လာ မှဖြစ်မယ်ဆိုတာကို ကျနော်သဘောပေါက်လိုက်ပါတယ်။


ဒုက္ခသည်စခန်းလိုဖြစ်နေတဲ့ လူတန်းကိုကျော်လာပြီးတဲ့နောက် မနက်အစောပိုင်းက တက်လာခဲ့တဲ့ ကားဂိတ်ဖက်ရှိ ကျိုက်ထိုဟိုတယ်ရှေ့ရောက်လာပါတယ်။ အပြင်အဆင်က ရင်ပြင်တောဘေးက ၅ သောင်းတန်ဟိုတယ်ထက် အလွန်ကောင်းနေတဲ့အတွက်ဈေးနှုံး ၀င်မေးကြည့်ခဲ့ပါတယ်။ ''ရိုးရိုးအခန်း ၇၅၊ အထူးခန်းဆိုရင် ၉၅ ဒေါ်လာပါ အကို'' လို့ ဧည့်ခံကောင်တာရှိ အမျိုးသမီးတဦးကပြောပါတယ်။  ၉၅ ဒေါ်လာဆိုတာတသိန်းတောင်မပြည့်တဲ့အတွက် ရင်ပြင်တော်ဘေးက တသိန်းခွဲအခန်းထက် ပို တန်၊ ပိုသန့်၊ ပိုကျယ်တဲ့သဘောရှိပါတယ်။

ဒါပေမဲ့ အခန်းလွတ်ကမရှိတော့ပါ။ ''အဲဒီရင်ပြင်တော်ပေါ်ကအခန်းတွေက ဟိုတယ်မဟုတ်ဘူးအကို၊ တည်းခိုခန်းအဆင့်ပဲရှိတာ။ ကျမတို့က ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းမှာ တရားဝင် ရီဂျင်စတာလုပ်ထား တာပါ၊ ဒီမှာတည်းရင်စိတ်ချရပါတယ်'' လို့ ဧည့်ခေါ်အမျိုးသမီးက ပြောနေပေမဲ့ ကျနော်က နားမ၀င် တော့။ ၅ သောင်းတန် ကျဉ်းမြောင်းအခန်းမှာ ဒီညထပ်အိပ်ရမဲ့အပေါ် အထူးစိတ်ပျက်နေမိပါတယ်။

ဗိုက်ဆာလာလို့ တခုခုစားမယ်ဆိုပြီးဆိုင်လိုက်ရှာတော့ ဒီဟိုတယ်နဲ့မျက်နှာချင်းဆိုင် လမ်းတဖက်ချမ်း တောင်စောင်းဘေးက စားသောက်ဆိုင်က အတော်သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ တောင်တန်းတလျောက် တွေ့သမျှထဲက အသန့်ပြန့်ဆုံးဆိုင်လို့တောင် ကျနော်ထင်ပါတယ်။ ဈေးနှုံးထက် သန့်ပြန်မှုကို ပိုလိုလား နေတဲ့ကျနော် အဲဒီဆိုင်မှာပဲ နေ့လည်စာဆွဲလိုက်ပါတယ်။

အဲဒီလိုစားပြီး ရင်ပြင်တော်ပေါ်ပြန်တက်လာတော့မှ လုံခြုံရေးဂိတ်နဲ့တိုးပါတော့တယ်။ ''ဖိနပ်ချွန်ရုံနဲ့ မရ ဘူး၊ ခြေအိတ်ပါချွတ်ရမယ်၊ ခြေအိတ်နဲ့ဖိနပ်အတူတူပဲ။ ရှင် ဗုဒ္ဓဘာသာမဟုတ်ဘူးလား'' ဆိုပြီး ရဲယူနီ ဖောင်းဝတ်ထားတဲ့ အမျိုးသမီးတဦးက ကျနော်ကို ဆူပါတယ်။ ဒီလောက်အေးတာဗျာ၊ ဒါလေးတော့ ၀တ်ထားပါရစေ။ နိုင်ငံခြားသားတွေ ဒီလိုပဲဝတ်ထားတာ ကျနော်တွေ့ပါတယ် ဆိုပြီး ဆင်ခြေပေးမိပါ တယ်။

''ရှင်တို့က နိုင်ငံခြားသားတွေလား၊ အဲဒါဆို ဟိုးရှေ့က Check Point ကိုသွားပြီး ၀င်ကြေး ၆၀၀၀ ပေး လိုက်။ သူတို့ဆီကကဒ်ပြား လည်ပင်းမှာဆွဲလာရင် ကျမတို့ဘာမှ မေးစရာမရှိတော့ဘူး'' လို့ အဲဒီလုံခြုံ ရေးရဲမေက ပြောပါတယ်။ အဲဒါမှ ဒုက္ခ။ ကျနော်တို့က မနက်စောစော ၄ နာရီလောက်ကတည်းက ရင်ပြင်တော်ပေါ်ရောက်ပြီးနေသူတွေ၊ အဲဒီကနေ အောက်ကိုခဏဆင်း လာလည်တာ။ ဒီလုံခြုံရေးက မနက်စောစောပိုင်းကမရှိပဲ ဘာလို့အခုမှပေါ်လာတာလဲ။ ၂၄ နာရီ တာဝန်ယူတာမဟုတ်ပဲ မနက် ၈ နာရီလောက်မှာ ဒီကိုရောက်လာကြတယ်လို့ထင်ပါတယ်။ မနက် ၄ နာရီ ကျနော်တို့ဘုရားပေါ်တက်စဉ် က ဒီစစ်ဆေးရေးဂိတ်မှာရော၊ ခုနကသူညွှန်းနေတဲ့ ရှေ့နားက Check Point မှာရော ဘယ်သူမှမရှိပါ။


''အင်း...၆၀၀၀ တန် ဘုရားလုံခြုံရေးတပ်ဖွဲ့ကလဲ တမျိုးကြီးပါလား'' လို့ စဉ်းစားရင်း ရင်ပြင်တော် ပေါ် ပြန်တက်လာခဲ့ပါတယ်။ တနေ့ကဖတ်လိုက်ရတဲ့ ဂျာနယ်သတင်းတပုဒ်မှာဆိုရင် ''နိုဝင်ဘာနှင့် ဒီဇင်ဘာ အတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၂၄၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ရှေးဟောင်း ယဉ်ကျေးမှုဇုန် ၀င်ကြေးအဖြစ် မြန်မာကျပ်ငွေ သိန်း ၁၄၄၀ ကျော် ကောက်ခံရှိခဲ့ကြောင်း ကျိုက်ထီးရိုး တောင်ပေါ်ရှိ နိုင်ငံခြားသား Chick Point ရုံးမှ သိရသည်'' လို့ရေးထားတဲ့အတွက် ဒီဝင်ကြေး ၆၀၀၀ ဟာ သူတို့အတွက်အတော်အရေးပါပုံရပါတယ်။

ဒါပေမဲ့ ဟိုတယ်ခတွေ၊ စားသုံးစရိတ်တွေနဲ့ယှဉ်လိုက်ရင် ဒီ ၆၀၀၀ က ဘယ်ပြောပလောက်တော့မလဲ။ ဆိုလိုတာက ၀င်ကြေး ၆၀၀၀ ရဖို့ထက် ၆၀၀၀ မကရနိုင်တဲ့ တခြားအခွင့်ရေးတွေအတွက်ပါ နိုင်ငံခြား သားတွေကို ကောင်းမွန်စွာဆက်ဆံသင့်ပါတယ်။ နိုင်ငံခြားသားတွေ အမြဲတန်းလာချင်နေအောင် ဧည့် ၀တ်ကျေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကိုစိမ်းလန်းအောင် ထိမ်းသိမ်းပေးထားဖို့က အဓိကကျမယ်လို့ ထင် မိပါတယ်။

ထားပါတော့။ ဒုက္ခသည်စခန်းလိုဖြစ်နေတဲ့လူတန်းကြီးကို တခါကျော်ဖြတ်ပြီးတဲ့နောက် ကျီးကန်းပါးစပ် ဖက် ကျနော်ဆင်းလာပါတယ်။ လွန်ခဲ့တဲ့နှစ် ၃၀ ကဆိုရင်တော့ ဒီလမ်းဟာ တကယ့်တောလမ်းကြီး၊ လူ ပြတ်ရင် မသွားရဲတဲ့နေရာမျိုးပေါ့။ အခုတော့ တဖက်တချက်မှာဆိုင်တန်းတွေက အပြည့်၊ လမ်းကလဲ ကွန်ကရစ်လှေကားထစ်တွေနဲ့။ ဒီလောက်အေးစိမ့်နေတဲ့ရာသီဥတုကြားမှာတောင် ချွေးပြန် လာတဲ့အ ထိ လူတွေက တိုးမပေါက်အောင်စည်ကားနေပါတယ်။

''၀က်ဝံသဲခြေရမယ်၊ ကျားစွယ်တွေရမယ်၊ အကိုက်ခဲပျောက်ဆေးတွေရမယ်'' ဆိုပြီး လူငယ်တဦး အော် ရောင်းနေတဲ့ ဆိုင်တခုရှေ့ရောက်တော့ ကျားတကောင်လုံးရဲ့သားရေကို မြင်လိုက်ရပါတယ်။ ကျနော် စိတ်ဝင်စားမှန်းသိတော့ သေခါစ ၀က်ဝံခြေတွေ၊ လက်တွေကို ထုတ်ယူလာပြပါတယ်။ ကင်မရာဆွဲပြီး ရိုက်မယ်ပြင်တော့ ''ဒါလေးတော့ သီးခံပါဆရာ'' ဆိုပြီး ဆိုင်ရောင်းလူငယ်က ကင်မရာရှေ့ပိတ် ရပ် လိုက်ပါတယ်။

''ဒါတွေအားလုံး ဒီတောထဲကထွက်တာချည်းပဲ။ အရင်ကဆိုရင် ဒီနေရာအထိ ကျားတွေ၊ ၀က်ဝံတွေ လာတယ်'' လို့ အဲဒီလူငယ်ကရှင်းပြပြီး သူဆိုင်က တခုခု မဖြစ်မနေ၀ယ်အောင် ကျနော်ကိုဆွဲဆောင်နေ ပါတယ်။ ခက်တာက ကျနော်က ဈေးဝယ်ဖို့လာတာမဟုတ်။ ဒီလို ပျောက်စေ ဆေးတွေကိုလဲ သိပ် အ ယုံအကြည်မရှိ။ တောရိုင်းတိရိဆန်ကာကွယ်ရေးဒေါင့်ကနေသာ အသေချာဓာတ်ပုံရိုက်မှတ်တန်းတင် ချင်နေသူဖြစ်လေတော့ အရောင်းအ၀ယ်ကိစ္စက အလုပ်မဖြစ်။

ဆိုင်တန်းအလွန် ကျီးပါးစပ်ရှေ့ရောက်တော့ မျှော်လင့်မထားတဲ့လူတဦးနဲ့ ရင်ဆိုင်တိုးမိပါတယ်။ ''ဟေ့ လူ ဘုရားလာဖူးတာလား'' ဆိုပြီး သူပခုံးကိုပုတ်ကာ မေးလိုက်တော့ အဲဒီပုဂ္ဂိုလ် အတော်အံသြသွား ပုံရပါတယ်။ အံသြမယ်ဆိုလဲ အံ့သြစရာပဲ။ သူ့ကိုဘယ်သူမှ မသိနိုင်လောက်ဘူးဆိုပြီး တကိုယ်တော် ဘုရားဖူးထွက်လာတဲ့ ABSDF ဗဟိုအတွင်းရေးမှုး ၂၊ သို့မဟုတ် စစ်ဦးစီးချုပ်က သတင်းသမားနဲ့မှ တည့်တည့်လာတိုးတာကိုး။

သူ့အမည်က ရဲဘော်ခင်ကျော်။ ကျနော်တို့တောထဲရောက်စဉ်က အမှတ် ၂၀၉ တပ်ရင်း၊ သံလွင်စခန်း က တပ်မှုးတဦးပါ။ နောက်ပိုင်းမှာတော့ တိုက်ခိုက်ရေးစွမ်းရည်ကောင်းတယ်လို့တဖြေးဖြေး နာမည်ရ လာပြိး အဲဒီအတွက် မျက်လုံးတဖက်ပေးဆပ်ခဲ့ရသူ။ ''ဦးစီးချုပ် မဟုတ်ပါဘူးဗျာ၊ လောလောဆယ် ကျနော်ခွင့်ယူထားတယ်ဗျ'' လို့ ကိုခင်ကျော်ကဆိုပါတယ်။

လက်ရှိ အပစ်ခတ်ရပ်စဲရေးကိစ္စ၊ ပြည်တော်ပြန်ကိစ္စ၊ ကားပါမစ်ကိစ္စတွေကိုမေးတော့ သူက သိပ်ပြော ချင်ပုံမရ၊ သိပ်လဲ စိတ်ဝင်စားပုံမပြ။ ''လောလောဆယ် စစ်နားတုန်းမှာ မိသားစုကိစ္စအတွက် ကျနော် အချိန်ပေးထားပါတယ်'' လို့သာသူကဆိုပါတယ်။ ရှေ့အလားလာကိစ္စ သိပ်မသေချာလှတော့ သေချာခဲ့ ပြီး၊ ပေးဆပ်ခဲ့ပြီးဖြစ်တဲ့ ကျဆုံး-သေဆုံး ရဲဘော်တွေကိစ္စကိုပဲ သူနဲ့ကျနော် အဓိကပြောဖြစ်ခဲ့ပါတယ်။ ကျဆုံး-သေဆုံး ရဲဘော် ၆၇၀ အတွက် ကျနော်တို့ဘာလုပ်ပေးနိုင်မလဲ။ အဲဒီအတွက် အတတ်နိုင်ဆုံး လက်တွဲဆောင်ရွက်ဖို့ ကျနော်တို့သဘောတူခဲ့ပါတယ်။

ကျီးပါးစပ်ကနေ မုတ်ဆိုးတောင်ဖက်ပြန်တက်တော့ နေစောင်းနေပြီ။ နေ၀င်ချိန်အမှီ စေတီတော်ကို ဓာတ်ပုံရိုက်နိုင်ဖို့ အမြန်ပြန်ပြေးလာရပါတယ်။ ကျနော့်အရင် စေတီတော်ရှေ့ရောက်နေသူတွေက အ များကြီး။ မနက်ပိုင်းက ရိုက်ခဲ့တဲ့ စေတီတော်ဆီဝင်ပေါက်ရဲ့ ယာဖက်ကနေရာမှာ လူသိပ်မရှုပ်ပေမဲ့ အခု ညနေပိုင်းရိုက်ရမဲ့ ၀ဲဖက်က လှေကားထစ်တွေမှာတော့ ဘုရားရှိခိုးနေသူတွေနဲ့ပြည့်နေပါတယ်။ ဘုရား ရှိခိုနေသူတွေကြားတိုးဝင်ပြီး ကင်မရာကိုအသေချာချိန်လိုက်တော့ စေတီတော်တည်ထားတဲ့ ကျောက် တုံးနဲ့ အောက်ကကျောက်ဆောင်ကြီးအကြား ''ဟ'' နေတဲ့ လေဟာနယ်ကို ကောင်းကောင်းမြင်လိုက်ရ ပါတယ်။


ဒါပေမဲ့ စေတီမှာ ရွှေသင်္ကန်းကပ်နေသူတွေများလွန်းတဲ့အတွက် အဲဒီ ''ဟ'' ကြောင်းကို ပေါ်အောင် မ ရိုက်လိုက်နိုင်ပါ။ ရွှေသင်္ကန်းဆိုင်းတွေ၊ ခေါင်းလောင်းတွေ၊ သောက်တော်ရေနဲ့ ဘုရားအတွက်ပူဇော်နိုင် တဲ့ ပစ္စည်မျိုးစုံကို ရင်ပြင်တော်ဘေးမှာရောင်းချနေပြီး ဈေးတွေကတော့ သိပ်မနဲလှပါ။ ဘုရားဖူးအားလုံး နီးပါးဟာ စေတီတော်နဲ့ ဘာသာတရားဆီပဲအာရုံရောက်နေပုံရပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ၊ Eco-tourism ကိစ္စတွေကိုစဉ်းစားမိသူ အတော်နဲမယ်လို့ထင်ပါတယ်။ အရာရာကို သတင်းသမားအမြင် နဲ့ကြည့်လေ့ရှိတဲ့ ကျနော့်ကသာ သဘာဝပတ်ဝန်းကျင်တွက် စိုးရိမ်နေတာလဲဖြစ်နိုင်ပါတယ်။

စေတီတော်မှာရွှေသင်္ကန်းကပ်ခွင့်ရဖို့ အလုအယက်တိုးဝှေ့ဝင်နေကြတဲ့ လူအုပ်ဆီကနေ ၀ဲပျံကျလာတဲ့ ရွှေသင်္ကန်းလက်ကျန်စက္ကူစတွေဟာ စေတီတော်အောက်ဖက် အနိမ့်ပိုင်းမှာ ဘုရားဖူးနေသူတွေရဲ့ ခေါင်းပေါ် ပျံဝဲနေပါတယ်။ လေကလဲ ပင့်တိုက်နေပါတယ်။ ဖုရောင်းတိုင်မီးတွေကြားမှာ အမွေးတိုင်အနံ့ တွေကလဲ ထွက်လာနေပါတယ်။ သောင်းနဲ့ချီရှိတဲ့ ဒီလူအုပ်ကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုသိမ်းကြမလဲ။ ရေ၊ မိလ္လာကိစ္စ ဘယ်လိုအဖြေရှာကြမလဲ။ ဘုရားဖူးတွေကို ဒီလိုပဲ ရင်ပြင်တော် ပေါ် ပိုးလိုးပက်လက်အိပ်ခိုင်းထားသင့်သလား။ ဒီအတွက် ဂေါပကအဖွဲ့က ဘာတွေစဉ်းစားထားသလဲ။

ဒီထက်ပိုပြီး စဉ်းစားမယ်ဆိုရင် ကျိုက်ထီးရိုးနဲ့ ရွှေတိဂုံ ဘာကွာသလဲ။ ပုံဂံဘုရားတွေနဲ့ကော ဘာကွာ သလဲ။ ဘာကြောင့် လူတွေ ထောင်-သောင်းချီပြီး ကျိုက်ထီးရိုးကိုမှ တကူးတကာ့လာနေကြတာလဲ။ တဦးချင်းစီမှာ တခုချင်းအမြင်တွေ သီးခြားစီရှိနေနိုင်ပေမဲ့ သေချာတာကတော့ ဒီနေရာဟာ မြို့ပြနဲ့ဝေး တဲ့ သဘာဝဘေးမဲ့တောနေရာတခု ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို အတော် အလေးထားဆောင်ရွက်သင့်တဲ့နေရာလို့ ကျနော်ထင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ ကလို ကင်ပွန်းစခန်းကနေ တောင်ထိပ်အထိ တောလမ်းအတိုင်း လမ်းလျောက်တက် ရမယ်လို့မဆိုလိုပေမဲ့ အဲဒီလိုတက်ချင်သူတွေ၊ သဘာဝပတ်ဝန်းကျင်ကို တကယ်လေ့လာလိုသူတွေအ တွက်လဲ အဲဒီလိုလမ်းမျိုးဆက်ထားပေးသင့်တယ်လို့ထင်ပါတယ်။ ဘာသာရေးအမြင်အပြင် သဘာဝ ပတ်ဝန်းကျင် အမြင်ကိုပါ ထည့်ပေါင်းဖို့လိုနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ မြန်မာအများစုက ဘုရားဖူးဖို့သက်သက်သာစိတ်ဝင်စားပေမဲ့ နိုင်ငံတကာဧည့်သည်တွေကတော့ သာယာလှတဲ့ ရေ-မြေ-တော-တောင်-စိမ့်-စမ်း သဘာဝကိုပိုစိတ်ဝင်စားမယ်ထင်ပါတယ်။

ရင်ပြင်တော်ပေါ်ကနေ ဘေးပတ်လည်ကိုကြည့်လိုက်မယ်ဆိုရင် ဟိုဖက်မှာ မြစိမ်းတောင်။ တခြားဖက် မှာလဲကျနော်အမည်မသိတဲ့တောင်တွေအများကြီး။ သစ်ပင်သစ်တောတွေစိမ်းစိုနေတဲ့ တောင်တန်း၊ တောတန်းကြီးကိုအပေါ်စီးကနေ မြင်ရတဲ့အခွင့်ရေးက နဲနဲနောနောမဟုတ်။ အချိန်ရမယ်ဆိုရင် ဒီ တောင်ပေါ်မှာ တပတ်ဆယ်ရက်ခန့်နေပြီး ဒီတော ဒီတောင်တွေထဲ လျောက်သွားလေ့လာသင့်တဲ့နေရာ ပေါ့။ ဒီအတွက် တောင်ပေါ်တက်တဲ့ကားလမ်းအပြင် မူလလက်ဟောင်း လူသွားလမ်းတွေကိုလဲ ပြန် လည်ဖေါ်ထုတ်ပေးစေချင်ပါတယ်။

အဲဒီလိုအတွေးနယ်ချဲ့ရင်းနဲ့ နောက်တနေ့မနက်စောစော တောင်အောက်ပြန်ဆင်းဖို့ လမ်းလျောက်မဲ့သူ လိုက်ရှာတော့ ဘယ်သူမှမရှိ။ မနက်အစောကြီးကတည်းက ဓာတ်မီးတွေထွန်းပြီး ဆင်းသွားကြသလို လို၊ အုပ်စုလိုက်မသွားပဲ တယောက်တည်းသွားရင် တောင်ကောင်စားတာ၊ ဓားမြတိုက်တာ ခံရမယ်လို လိုနဲ့ ဘယ်လိုမှ လမ်းလျောက်ဖို့မလွယ်။ ဒီလိုနဲ့ ကျိုက်ထီးရိုးတောင်ပေါ် လမ်းလျောက်တက်မယ်ဆိုပြီး ဘန်ကောက်နေတကူးတကာ့ဝယ်လာတဲ့ ကျနော်ရဲ့ လမ်းလျောက်ဖိနပ်နဲ့ အားကစားဝတ်စုံဟာ အဓိ ပ္ပါယ်မဲ့ ဖြစ်သွားခဲ့ပေါ့။



ပြန်အဆင်းမှာကြုံရတဲ့ကားသမားက အတက်ကားသမားထက် စကားပိုကျွယ်ပါတယ်။ သူ ဒီမှာ ကား မောင်းနေတာ ၁၅ နှစ်ရှိနေပြီလို့အစချီပြီး ဘုရားဂေါပကထက်ကြီးတဲ့လူတွေအကြောင်း၊ ဒီကားလိုင်းကို ဘယ်သူတွေက ဘယ်လို ထိမ်းချုပ်ထားတယ်ဆိုတဲ့အကြောင်း ပြောပြနေပါတယ်။ ''ဆရာစဉ်းစားကြည့် လေ။ ဒီလိုကားမျိုး အစင်း ၅၀ လောက်ကိုပိုင်တယ်၊ တနေ့တနေ့လာတဲ့လူက မနဲဘူး၊ မနေ့ကတနေ့ တည်းတင် တစီးကို ၅ ခေါက် စီလောက်ဆွဲရတယ်'' လို့ ကားဆရာကဆိုပါတယ်။

ပြီးတော့ ကားသမားတွေက ဘာမှမရပဲ ကားပိုင်ရှင်တွေ၊ ဂေါပကကို ပိုင်သူတွေကသာ ကြီးပွါးနေတယ် ဆိုပြီးလဲ သူက ရင်ဖွင့်နေပါတယ်။ ''ဆရာဖတ်ဖြစ်မယ်ထင်တယ်။ တလောကထွက်တဲ့ ဂျာနယ်တခုမှာ ပါတယ်လေ။ ဘာတဲ့ 'ချစ်သား ဂေါပက၊ ငါ ဘုရားစားဖို့လဲ ချန်ထားပါဦး' ဆိုတဲ့ဆောင်းပါးလေ'' လို့ပြော ပြီး တဟားဟားနဲ့ ရည်နေပါတယ်။ အင်း...ဒီကားသမားနဲ့တော့ ဒုက္ခပါပဲ။    ။

htetaungkyaw

မဟာဒုတ်ဆွမ်းကပ်ရန် ရပ်ကွက်လမ်းဘေး ဆောက်ထားသော မဏ္ဍပ် စည်ပင်က တရားစွဲ၊ ဒဏ်ငွေရိုက်


မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်တွင် သံဃာအပါး ၁၀၀၀ ကျော်အား မဟာဒုတ်ဆွမ်းကပ်ရန် ရပ်ကွက်လမ်းဘေးတွင် ဆောက်လုပ်ထားသော မဏ္ဍပ်အား မရမ်းကုန်းမြို့နယ်၊ စည်ပင်သာယာရေးက တရားစွဲဆိုထားပြီး တစ်ရက်လျှင် ဒဏ်ငွေ ကျပ်တစ်သောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းဘေးတွင် ဆောက်လုပ်ထားသော မဟာဒုတ်ဆွမ်းကပ်မဏ္ဍပ်အား လမ်းနယ်မြေပေါ်တွင် ဆောက်ထားသည်ဟုဆိုကာ မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မရမ်းကုန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး အဆိုပါမဏ္ဍပ်အား ဒဏ်ငွေ ကျပ် ၅၀၀၀၀ နှင့် တစ်ရက်လျှင် ဒဏ်ငွေကျပ် ၁၀၀၀၀ ကောက်ခံနေကြောင်း  မရမ်းကုန်း (၃)  ရပ်ကွက် ပြည်သူများကပြောသည်။

အဆိုပါ မဟာဒုတ်မဏ္ဍပ်သည် နှစ်စဉ် ကျင်းပဆောက်လုပ်သော အလှူမဏ္ဍပ်ဖြစ်ပြီး၊ အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့၏ ခွင့်ပြုမိန့်ဖြင့် မဟာဒုတ်မဏ္ဍပ်   ဆောက်လုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

““သံဃာတွေအတွက် ဆွမ်းကပ်မယ့်မဏ္ဍပ်ဆောက်လို့ တရားစွဲတယ်ဆိုတာ လူကြားလို့မကောင်းဘူး။ စည်ပင်က သက်သက်မယ့်တရားစွဲတာ။ ကျွန်တော်တို့ အလှူငွေထဲကနေ တစ်နေ့ တစ်သောင်းပေးနေရတယ်”” ဟု မရမ်းကုန်း(၃)ရပ်ကွက်မှ အကျိုးဆောင် ကိုမိုးဇော်အောင်က ပြောသည်။

မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးက ခွင့်ပြုချက်မဲ့ မဏ္ဍပ်တည်ဆောက်မှုအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၈၊ ၆၉ စသည့်တို့ဖြင့် အရေးယူဆောင်ရွက်ထားခြင်းဖြစ်သည်။အဆိုပါတရားစွဲဆိုမှုနှင့် ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်မေးမြန်းရာ ရုံးပိတ်ရက်ဖြစ်နေကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးအေးသောင်းမှာ ဆက်သွယ်ရန် ဖုန်းမရှိကြောင်း  မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးရုံးမှ  တာဝန်ရှိသူတစ်ဦးကပြောသည်။

မဟာဒုတ်မဏ္ဍပ်အား ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး မဏ္ဍပ်ဆောက်လုပ်ခနှင့် တစ်ရက်ဒဏ်ကြေး စုစုပေါင်း ကျပ် ၆၀၀၀၀ ဒဏ်ငွေပေးဆောင်ပြီးဖြစ်ကြောင်း မရမ်းကုန်း (၃)ရပ်ကွက်ပြည်သူများက ပြောသည်။

မရမ်းကုန်းမြို့နယ် မဟ ဒုတ်မဏ္ဍပ် အလှူခံမဏ္ဍပ်၏ ၂ နှစ်အလှူခံရရှိငွေမှာ ကျပ်သုံးသိန်းကျော်ဝန်းကျင်သာ ရရှိသောကြောင့် ယခုနှစ်တွင် စည်ပင်သို့ ဒဏ်ငွေဆောင်ရမှုမှာ သုံးသိန်းကျော် ပေးဆောင်ရမည်ဖြစ်ကြောင်း  အဆိုပါရပ်ကွက် အကျိုးဆောင်ပုသိမ်အောင်ဦးကပြောသည်။

ဒဏ်ကြေးပေးဆောင်ရမှုကြောင့် မရမ်းကုန်းမြို့နယ်စည်ပင်အား  ဆန္ဒပြရန် မရမ်းကုန်း (၃)ရပ်ကွက် ပြည်သူများထံ သဘောထားကောက်ခံနေကြောင်း သတင်းရရှိသည်။

7day Daily

ချင်းမိုင်တွင် မြန်မာအလုပ်သမား ၃ ဦး တိုက်ပေါ်က ပြုတ်ကျ၊ ၁ ဦး သေဆုံး


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ဆောက်လက်စ ၇ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

အဲဒီ အလုပ်သမားတွေဟာ ချင်းမိုင်မြို့ နောင်ပါခန့်ရပ်ကွက် ဘိက်စီးကုန်တိုက် အနောက်က  ဆောက်လက်စ ၇ ထပ်တိုက်ပေါ်မှာ  ပန်းရန်လုပ်နေတာ ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့ နေခင်း ၁ နာရီ လောက်မှာ ပြုတ်ကျ ခဲ့တာ ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သူတို့တွေဟာ သံတိုသံစတွေကို ပုံးနဲ့ ကောက်ထည့်နေစဉ် ပုံးထဲက သံစတွေရဲ့ အလေးချိန်ကြောင့် သံငြမ်း ကျိုးကျပြီး အလုပ်သမား ၃ ယောက် ၇ ထပ် တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

အလုပ်သမား ၃ ယောက်မှာ စိုင်းပီး အသက် ၂၈  နှစ်ခန့်က အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးပြီး လုင်းဝိ အသက် ၄၀ နဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကတာ့ နခွန်းဖင်ဆေးရုံမှာ အတွင်းလူနာအနေနဲ့ ကုသနေရတယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးလုံးဟာ ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်က ဖြစ်ပြီး ထိုင်းနိုင်ငံထဲ လာလုပ်တာ မကြာသေးကြောင်း၊ ၃ ဦးလုံး အလုပ်သမားကတ်တွေ ရှိပြီး အသုဘစရိတ်၊ ဆေးဖိုးဝါးခနဲ့ နစ်နာကြေး စတာတွေ ရရှိဖို့ အလုပ်သမားခေါင်းဆောင်က လိုက်လံ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၂၀၀ လောက် ရှိပြီး အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

နယ်စပ်မှာဖြစ်တဲ့မှုခင်း ဘယ်ရဲကိုတိုင်ရမလဲ?


New Light of Myanmar သတင်းစာ (၁၃-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်