အုန်းထမင်းကြော်၊ ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်း၊အမဲကြော်၊ ငါးကျည်း ကျပ်တင်ကြော်၊ကညွတ်ကြော် ၊ကျောက်ဖရုံသီးနှင့် ကြက်ရိုးဟင်းခါး၊ ငရုတ်သီးခြောက်ကြော်နှင့် တို့စရာ

ပို့စ်တင်ချိန် - 1/13/2014 08:49:00 PM


အုန်းထမင်းကြော်

ထမင်း ပေါင်းအိုးထဲတွင် ဆန်ကို ရေစင်စင်ဆေးပြီး အုန်းနို့ နှစ်ဆ နှင့်ရေတစ်ဆ ရောပြီး ဆန်ပေါ် လက်တစ်ဆစ်ကြော်လောက်ထည့်ပါ။ ကြက်သွန်နီ လေးလုံးလောက်ကို လေးစိပ်စိပ်ကာ ထောပတ်အနည်းငယ်နှင့် ခဏမျှကြော်ပြီး အိုးထဲသို့ ထည့်ပါ။ ပြီးလျှင် သကြားနှင့်ဆား အနည်းငယ်ကိုထည့်ကာမွှေပြီး ကျက်အထိတည်ထားပေးပါ။ ကျက်လျှင်အတော်ကြာအောင် အအေးခံထားပြီးမှ ဆီအနည်းငယ်နှင့်ကြော်ပေးပါ။ အုန်းနို့နှင့် ကြက်သွန်နီထောပတ်ကြော်နံ့ သင်းသင်းလေးရကာ အလွန်စားကောင်းသော အုန်းထမင်းကြော်လေး သုံးဆောင်လို့ ရပါပြီရှင်။

ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်း

ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေတုံးပါ။ပြီးလျှင် ဆား၊အသားမှုန့်၊နနွင်းမှုန့် တို့ဖြင့် ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။ ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ဂျင်းနှင့် ငရုတ်သီးစိမ်း တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး မွှေကာ၊ ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်၍ ထည့်ပါ။ ငါးပိနံ့ ပြောက်ပြီးမှ လုံးထားသော ကြက်သားများကို ထည့်ပြီးမွှေကာ အဖုံးအုပ်ထားပါ။

ဟင်းအိုးပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ စိမ်ထားသော မရမ်သီးခြောက်အနည်းငယ်ကို ထည့် ပြီးတည်ထားပါ။ မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာလျှင် အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ် ထည့် ပြီးထပ်တည်ထားပါ။အသားများနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကြည့်ပြီး ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပုလက်ရာ