ဆန္ဒပြပွဲတွေမှာ လူ့အခွင့်အရေး လေးစားကြဖို့နဲ့ အကြမ်းဖက်မှု ရှောင်ရှားဖို့ လူ့အခွင့်အရေးအုပ်စုတွေ ဆော်သြ

ပို့စ်တင်ချိန် - 1/13/2014 08:45:00 AM



ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ အကြီးအကျယ် ဆန္ဒပြဖို့ အရှိန်တင်နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ထိုင်းအာဏာပိုင်တွေ လူ့အခွင့်အရေး လေးစားကြဖို့နဲ့ အကြမ်းဖက်မှုတွေကို ရှောင်ရှားကြဖို့ လူ့အခွင့်အရေး အုပ်စုတွေက ဇန်န၀ါရီ ၁၂ရက်နေ့က ဆော်သြလိုက်ပါတယ်။

ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီလို့ နာမည်ပေးထားတဲ့ ဆန္ဒပြအုပ်စုက ၀န်ကြီးချုပ်ကို ရာထူးက ဖြုတ်ချရေး မျှော်လင့်ပြီး ဇန်န၀ါရီ ၁၃ ရက်နေ့က စတင်ပြီး ဘန်ကောက်မြို့ကို ပိတ်ချမယ်လို့ တလကြာ ခြိမ်းခြောက်ထားခဲ့တာပါ။

Bangkokဆန္ဒပြသူတွေက မြို့တွင်းအဓိက လမ်းဆုံကြီး ၇ ခုကို ပိတ်ထားဖို့ စီမံထားပါတယ်။ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေရဲ့ အိမ်တွေကိုလည်း ၀န်းရံထားမှာဖြစ်ပြီး တချို့နေရာတွေနဲ့ တချို့အစိုးရရုံးတွေကို ရေနဲ့ မီးဖြတ်ဖို့လည်း ရည်ရွယ်ထားပါတယ်။

ဆန္ဒပြမှုစတင်ခဲ့တဲ့ နိုဝင်ဘာလ ကနေ ခုချိန်ထိ လူ ၈ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၇၀ ဒဏ်ရာရခဲ့ပြီးပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International ကတော့ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ချက်နဲ့ သတိပေးထားပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေရော လုံခြုံရေးတပ်တွေကပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန်မိအောင် နောက်လိုက်တွေကို ဆော်သြထားဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက သတိပေးပါတယ်။

ထိုင်းအစိုးရကတော့ ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀၀ ကို ဘန်ကောက်မြို့တွင်း ကြိုတင် တာဝန်ချထားပြီးပြီလို့ လူ့အခွင့်အရေး အုပ်စုက ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ်စတာ ဘန်ကီမွန်းကတော့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ကိုရော အတိုက်အခံ ခေါင်းဆောင် အပီဆစ် ဝေ့ချာချီဝဆီကိုပါ ဖုန်းနဲ့ ဆက်သွယ်ပြီး မတူညီမှုတွေကို ပေါင်းကူးရာမှာ ကူညီဖို့ တိုက်တွန်းခဲ့ပါတယ်။ အပီဆစ်ကတော့ ဆန်ဒပြအုပ်စုဝင် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

တိုင်းပြည်တွင်း တင်းမာမှုတွေကနေ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနိုင်တာကြောင့် ဒါဇင်နဲ့ ချီတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ထိုင်းနိုင်ငံတွင်း ခရီးသွား သတိပေးချက် ထုတ်ပြန် ထားကြပါတယ်။

ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့ကို ပိတ်ဆို့မယ် ဆိုပေမယ့် လူနာတင်ယာဉ်တွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ လေဆိပ်တို့ကိုတော့ ပိတ်ဆို့မှာ မဟုတ်ဘူးလို့ ဆန္ဒပြအုပ်စုက ပြောပါတယ်။

DVB Burmese