ဧရာဝတီတိုင်းမှာ ကျောင်းပေါင်းစုံအားကစားပွဲကျင်းပ

ပို့စ်တင်ချိန် - 1/13/2014 09:20:00 PM


မနေ့က ဧရာဝတီတိုင်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲမြင်ကွင်း၊ ဓာတ်ပုံ- ဆလိုင်းသန့်စင် /ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်းစုံက ကျောင်းသားပေါင်း ၂၀၀၀ ကျော် ပါဝင်ဆင်နွှဲမယ့် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကို မနေ့က မနက်ပိုင်းက အခမ်းအနားနဲ့ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါတယ်။

ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်းမှာပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာ အခြေခံပညာ ကျောင်းတွေ က ကျောင်းသူကျောင်းသား ၇၀၀ ကျော်နဲ့ ဆရာမ ၁၀၀ ကျော်က အကအလှတွေနဲ့ ပါဝင်ဖျော်ဖြေခဲ့ပြီး အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက် အားပေးခဲ့ကြပါတယ်။


ဖွင့်ပွဲ အခမ်းအနား တက်ရောက်လာတဲ့ အားကစားဝန်ကြီး ဦးတင့်ဆန်းနဲ့ တိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်

ယခင်နှစ်တွေကတော့ တိုင်းပညာရေးဌာနကဦးစီးပြီး ခရိုင်အလိုက် ကျောင်းသားအားကစား ပြိုင်ပွဲတွေပဲ လုပ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် တတိုင်းလုံးမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ် က ကျောင်း သားတွေကို ပါဝင်ယှဉ်ပြိုင်စေခဲ့တာလည်း ဖြစ်ပါတယ်။

ခရိုင်အလိုက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေကတော့ ဘောလုံး၊ ဘော်လီဘော၊ ဘက်စကတ်ဘော၊ ကြက်တောင်နဲ့ ရိုးရာခြင်းလုံးတွေဖြစ်ပြီး ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာနဲ့ ဖျာပုံခရိုင် က ကျောင်းသားအသင်းတွေ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြို့နယ်အလိုက် ယှဉ်ပြိုင်ကစားမယ့်အားကစားတွေကတော့ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းနဲ့ စားပွဲတင် တင်းနစ်တို့ဖြစ်ပြီး တတိုင်းလုံးမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်က ကျောင်းသား အသင်းတွေ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

အားကစားနည်း စုစုပေါင်း ၈ မျိုး ယှဉ်ပြိုင်ကစားဖို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲတွေကို ခုလိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရတဲ့ အကြောင်း ရင်း ကို ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိန်သန်းက ဧရာဝတီကို အခုလို ပြောပါတယ်။

“အဓိကအားဖြင့်တော့ ကျောင်းသားလေးတွေ အားကစားကို ပြန်ပြီးစိတ်ဝင်စားစေချင်ပါတယ်။ အားကစားပြိုင်ပွဲများ နားနေတဲ့အတွက်ကြောင့် ကျောင်းသားတွေစိတ်ထဲမှာ အားကစားဆိုတာကို
မေ့ပျောက် သလောက် စာမှစာဖြစ်နေတဲ့အချိန်မှာ အားကစား လှုပ်ရှားခြင်းကြောင့် ကျန်းမာကြံ့ခိုင်ပြီးတော့ ပညာရည်ပါ မြင့်မားလာတယ်ဆိုတာ ဖြစ်စေချင်တဲ့အတွက်ကြောင့် ဒီအားကစားကိုပြန်ပြီးတော့ အခြေ ပျိုးပြီး ပိုမိုတိုးတက်အောင် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ကျောင်းသားအားကစားပြိုင်ပွဲတွေကို ဒီလ ၁၂ ရက်ကနေ ၁၅ ရက်အထိ ပုသိမ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဗိုလ်စွဲတဲ့အသင်းတွေကို တံခွန်စိုက်ဒိုင်းဆုနဲ့အတူ ဆုတံဆိပ်ဆွဲပြားတွေ ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရ ပါတယ်။

ဖွင့်ပွဲမှာ အခြေခံပညာ ကျောင်းသားကျောင်းသူတွေက အေရိုးဗစ်အက၊ ကဗျာလွတ်အက၊ ကာယ လ့ကျင့်ခန်း နဲ့ ပညာရေးတက္ကသိုလ်က သင်တန်းသူဆရာမတွေက ဆီးဂိမ်းပိတ်ပွဲမှာ ကပြခဲ့တဲ့ “ပြန်ဆုံမယ်” တေးသီချင်းနဲ့ ကပြခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်မယ့်အားကစားသမားကျောင်းသားလေးတွေဟာလည်း သူ့မြို့နယ်အလိုက် နာမည်တံဆိပ်တွေ ပါတဲ့ အားကစားတူညီဝတ်စုံ၊ ဦးထုပ်၊ ဖိနပ်စသဖြင့် လိုအပ်တဲ့ အ၀တ်အစား အသုံးအဆောင်တွေနဲ့ သပ်သပ်ရပ်ရပ် ရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ အိမ်ရှင်မြန်မာက ရွှေတံဆိပ် ၈၆ ခု ရယူခဲ့တာနဲ့အတူ အနာဂတ်မှာ ထူးချွန်တဲ့အားကစားသမားတွေ ပေါ်ထွက်လာရေးအတွက် အခြေခံပညာ ကျောင်းအဆင့်ကစပြီး လုပ်
ဆောင်ဖို့လိုအပ်နေကြောင်း အားကစားကလောင်ရှင်တွေဆီက ဝေဖန်အကြံပြုသံတွေ ကျယ် ကျယ်
ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အားကစားကလောင်ရှင်တွေ အကြံပြုခဲ့သလို အခြေခံပညာကျောင်းသား အားကစား ပြိုင်ပွဲဆိုပြီး ပညာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အလိုက် ကျောင်းသား ပြိုင်ပွဲတွေ ကျင်းပလာခဲ့ပြီ ဖြစ်ပါတယ်။

“နိုင်ငံ့လက်ရွေးစင်တွေဖြစ်ဖို့အတွက် ကျနော်တို့ အခြေခံကျောင်းများက စုစည်းပြီးတော့ လေ့ကျင့်ပေးမှုက အခြေခံရပါတယ်။ အခြေခံကျောင်း အဆင့်ကနေ တက္ကသိုလ်အဆင့်ရောက် သူတို့လည်းအဲဒီမှာ အားကစား ဆက်ကြိုးစား၊ ဒီလိုနည်းနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားတွေ ဖြစ်လာကြမယ်လို့ ယုံကြည့်ပါတယ်။ အခု လည်း ထူးချွန်တဲ့အားကစားသမားတွေ နိုင်ငံအတွက် မွေးထုတ်ပေးနိုင်အောင် ကျနော်တို့ အားစိုက် ပြီး ဆောင်ရွက်နေပါတယ်”လို့ ပညာရေးဌာနက ဦးစီးအရာရှိ ဦးစိန်သန်းက ပြောပါတယ်။

တနိုင်ငံလုံးအဆင့် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကိုတော့ ဇန်န၀ါရီ ၃၀ ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပသွားဖို့စီစဉ်ထားကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းက ပြိုင်ပွဲတွေမှာ ထူးချွန်စွာကစားနိုင်တဲ့ကစားသမားတွေကို စုစည်းပြီး ဧရာဝတီတိုင်း အခြေခံပညာကျောင်းသားအားကစားအသင်းအဖြစ် နေပြည်တော်မှာ သွားပြိုင်ကြမှာ ဖြစ်ပါတယ်။

“လူရွေးပွဲထက် ဒီလိုပြိုင်ပွဲတွေက တကယ်တော်တဲ့ကစားသမားတွေ ထွက်ပေါ်စေပါတယ်။ ဒါပေမယ့်
ကျောင်းသားပွဲတွေနှစ်စဉ်လုပ်ဖို့တော့ လိုတာပေါ့နော်။ ရွက်ပုန်းသီး အားကစားသမားတွေ အများကြီးရှိပါ တယ်။ ပြိုင်ပွဲကျင်းပပေးမှ ပေါ်ထွက်လာမှာပါ။ ပွဲနားနီးမှ လူရွေးပွဲလုပ်ပြီးတော့ ကောက်ခေါ်သွား တာက
အောင်မြင်မှုမရနိုင်ပါဘူး။ ဒီပြိုင်ပွဲတွေက နိုင်ငံတော်အတွက် ရွက်ပုန်းသီးအားကစားသမားတွေ ဖော် ထုတ်
ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဘော်လီဘောအသင်း အုပ်ချုပ်သူ ဦးရဲထွန်းလတ်က ပြောပါတယ်။

ဒီပုံအတိုင်းသာ စနစ်တကျနဲ့ နှစ်စဉ်ကျင်းပနိုင်မယ်၊ ကျောင်းသားအားကစားသမားတွေ ကို မြေတောင်
မြှောက်ပေးနိုင်မယ်ဆိုရင် မကြာသောကာလမှာ အခြေခံပညာကျောင်းတွေက ထွက်ပေါ်လာမယ့် နိုင်ငံ့ လက်ရွေးစင်အားကစားသမားတွေကို မြင်တွေ့ရဖွယ်ရှိပါတယ်။








ဧရာဝတီ သတင်း