နွားအငှားမောင်းသူ သေဆုံးမှု လူသတ်မှုအဖြစ် စစ်ဆေးရန် အမိန့်ချ

ပို့စ်တင်ချိန် - 1/13/2014 06:14:00 PM


မီတ္ထီလာ၊ ဇန်နဝါရီ ၁၁

မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်အုပ်စု ကျွန်းဖိုပင်ရွာမှ အခကြေးငွေယူ၍ နွားအငှားမောင်းသူ ဦးဇော်ထွန်း နွားပို့ သွားရင်း သေဆုံးခဲ့မှုကို ရဲစခန်းက သေမှုသေခင်း ဖွင့်သော်လည်း မြို့နယ်တရားရုံးက ပုဒ်မ ၃၀၂ ဖြင့် ပြန်လည် စစ်ဆေးရန် ဇန်နဝါရီလ ၈ ရက်နေ့က အမိန့် ချမှတ်လိုက်ကြောင်း ကျွန်းဖိုပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက ပြောကြားသည်၊

မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်အုပ်စု ကျွန်းဖိုပင်ရွာမှ ဦးဇော်ထွန်း (၃၆) နှစ်သည် အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီက သာစည်မြို့နယ် ဟံဇားကျေးရွာနေ ဦးနန်းတင် ဝယ်လာသော နွားမ (ဝါညိုရောင်) ကို မိတ္ထီလာဈေးမှ ဟံဇားရွာသို့ ၅၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးရန် ထွက်ခွာ သွားခဲ့ကြောင်း၊ နွား အငှားမောင်းသူထံတွင် ဒိုင်မှ ဝယ်ယူခဲ့သည့် စာရွက် ပါသွားခဲ့ကြောင်း၊ ထိုည ၁၀ နာရီ အချိန်တွင် ထီလာ စက်မှုဇုန် ရဲကင်းမှ သေဆုံးသူတွင် ဦးညွန့်အောင်ကျွန်းဖိုပင် အမည်ပါ စနေဒိုင် စာရွက်ပါရှိသဖြင့် ကျွန်းဖိုပင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပေးခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။

အုပ်ချုပ်ရေးမှူးက ယင်းဖြစ်ရပ်ကို ရွာထဲတွင် စုံစမ်းရာ နွားမောင်းသူမှာ ကျွန်းဖိုပင် ကျေးရွာသား ဦးဇော်ထွန်း ဖြစ်ကြောင်း သိရ၍ သေသူ၏ ဆွေမျိုးသားချင်း ၃၀ ခန့် ကား၊ ဆိုင်ကယ်များဖြင့် လူသေ တွေ့ရှိရာသို့ လိုက်သွားခဲ့ကြောင်း၊ သပြေဝ ရွာတောင်ဘက် ဘုရားအနီးသို့ ၎င်းတို့ အရောက်တွင် လှည်းတစ်စီးပေါ်၌ လှည်းမောင်းသူ တစ်ယောက်၊ တောထဲတွင် ဖားရှာသူ တစ်ယောက်နှင့် ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကို သေဆုံးသူနှင့်အတူ တွေ့ရှိကြကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက အလောင်းကို ကာယကံရှင် များ ရောက်လာအောင် စောင့်ပြီးမှ သယ်သင့်ကြောင်းပြော၍ ရဲနှင့် ရွာခံများ အချေအတင် စကားများကြောင်း၊ ဦးဇော်ထွန်း မသေသေး၍ ဆေးရုံပို့ရန် သယ်လာခြင်း ဖြစ်သည်ဟုရဲက ပြန်ပြောကြောင်း၊ ထိုအချိန်တွင် ၎င်းမှာ သေဆုံးနေပြီ ဖြစ်ကြောင်း၊ ခေါင်းတွင်ပေါက် ပြဲဒဏ်ရာ၊ မျက်နှာပွန်းပဲ့ ဒဏ်ရာနှင့် ရင်ဘတ်တွင် ညိုမည်းဒဏ်ရာများ တွေ့ခဲ့ရကြောင်း၊ သပြေဝ ကားဂိတ်၏ အကူအညီဖြင့်သာ စည်ဆေးရုံသို့ ပို့ဆောင် စစ်ဆေးခဲ့ပြီး နယ်မြေပိုင် ဟံဇားရဲစခန်းက သေမှုသေခင်းဖြင့်သာ အမှုဖွင့်ခဲ့ကြောင်း ဇော်ထွန်း၏ အလောင်းကို အောက်တိုဘာလ ၁၆ ရက်နေ့က ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြောင်း သေသူ၏ အစ်မအရင်း ဒေါ်ရီဝင်းက ဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဦးဇော်ထွန်း အိမ်အနီးရှိ မျက်စိမွဲသူ အသက် ၇၀ အရွယ် ဒေါ်တင်လှိုင်ကို သေသူက ဝင်ပူးကပ်၍ ရဲက နွားသယ်ခ မပေးနိုင်၍ ဝိုင်းဝန်း ထိုးကြိတ်ကြောင်း၊ နောက်မှတစ်ဦးက ရိုက်၍ သတိမေ့မြောသွားကြောင်း ရင်ဘတ်ပေါ်တွင် ဖိနပ်နှင့် တက်နင်းကြောင်းတို့ကို ပြောဆိုကြောင်း ကျွန်းဖိုပင်ရွာခံများက ပြောကြသည်။

သာစည်မြို့နယ်ဆေးရုံ၏ စစ်ဆေးချက်အရ သေဆုံးသူမှာ ခေါင်းတွင် ထိုးသွင်းဒဏ်ရာ၊ အပေါက်သုံးပေါက်၊ ဖိသိပ်ဒဏ်ရာ၊ ရင်ဘတ်တွင် မီးခိုးရောင်သန်း၍၊ အဆုတ်တွင် မီးခိုးရောင်သန်းကာ၊ အပေါ်မှ နင်းထားသည့် ဒဏ်ရာများ တွေ့ရသော်လည်း ရဲစခန်းက သေမှုသေခင်းဖွင့်၍ အရေးယူသည်ကို မိမိက မကျေနပ်၍ အောက်တိုဘာလ ၂၁ ရက်က နိုင်ငံတော် သမ္မတကြီး အပါအဝင် ပြည်ထဲရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရဲချုပ်တို့ထံ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေနုက ပြောပြသည်။

ဟံဇားရဲစခန်းက ဦးဇော်ထွန်း သေဆုံးမှုကို သေမှုသေခင်း (၁/၂၀၁၃) ဖြင့် အမှုဖွင့်ပြီး သာစည်မြို့နယ် တရားရုံးသို့ နိုဝင်ဘာ ၈ ရက်ကတင်ပို့ရာ မြို့နယ် တရားရုံးက ရာသေးပုဒ်မ (၇၁/၂၀၁၃) ဖြင့် စတင်စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၈ ရက်နေ့က အမှုနှင့် ပတ်သက်သော သက်သေများ၏ အစစ်ခံချက် အရ သေဆုံးသူသည် ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ဟု ဆုံးဖြတ်ကာ ပုဒ်မ ၃၀၂ ဖြင့် ပြန်လည် စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း သာစည်မြို့နယ် တရားရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ အသေးစိတ်ကို ဟံဇားရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင် ဖြေကြားမည့်သူ မရှိခဲ့ပေ။

The Voice Weekly