လက်တစ်ဖက် ထူးထူးခြားခြားကြီးနေသည့် ကလေးငယ် ဆေးကုသရန် အကူအညီလိုနေ

ပို့စ်တင်ချိန် - 1/13/2014 05:09:00 PM


ကိုတင်လှိုင်၊ မိတ္ထီလာ၊ ဇန်န၀ါရီ-၁၂

မိတ္ထီလာမြို့ အရှေ့ဘက်ငါးမိုင်အကွာ ပျော်ကုန်း ကျေးရွာအုပ်စု ပျော်ကုန်းကျေးရွာမှ လက်တစ်ဖက်ထူးထူး ခြားခြားကြီးနေသည့်ကလေးငယ် ဆေးကုသရန်လိုအပ်နေကြောင်း သိရသည်။ ပျော်ကုန်းကျေးရွာတွင် အိမ်ခြေ ၂၃၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိပြီးအများစုမှာ တောင်သူလယ် သမားများဖြစ်ကြသည်။ စပါး၊ နှမ်း၊ ၀ါ၊ ပဲစင်းငုံ၊ ကြက်သွန်များ စိုက်ပျိုးကြသည်။

ပျော်ကုန်းကျေးရွာရှိ တောင်သူ ဦးပြုံးမောင်နှင့်ဇနီး ဒေါ်အေးမော်တို့တွင် ၁၃၇၀ ပြည့်နှစ် ၀ါဆိုလဆန်း ၂ ရက်၊ စနေနေ့ကသားယောက်ျားလေး မောင်ထူးထူးအောင် ကို မွေးဖွားခဲ့သည်။ မောင်ထူးထူးအောင် မွေးဖွားစဉ်က သာမန်ကလေးတစ်ယောက်ဖြစ်သော်လည်း တစ်နေ့ တခြားကြီးလာသော အခါ ဘယ်ဘက်လက်မှာ သာမန် ထက်ပိုမိုကြီးထွားလာပြီး လက်မနှင့်လက်သန်းမှာ ပိုကြီးလာခဲ့သည်။

တဖြည်းဖြည်းနှင့် မောင်ထူးထူးအောင်၏ ဘယ်ဘက်လက်မှာ တစ်နှစ်ထက်တစ်နှစ်ကြီးထွားလာပြီး လက်မနှင့် လက်သန်းမှာ ပိုမိုကြီးထွားလာကာ ကျန်လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့မှာ သာမန်မျှသာ ဖြစ်သည်။မောင်ထူးထူးအောင် ယခုကဲ့သို့ ထူးဆန်းစွာ ဘယ်ဘက်လက်တစ်ဖက် ကြီးထွားနေသဖြင့် မောင်ထူးထူး အောင် သုံးနှစ်သားအရွယ်တွင် ရန်ကုန်မြို့ ကြည့်မြင် တိုင်အရိုးဆေးရုံကြီးသို့ သွားရောက်ပြသရာ ဆေးရုံမှ လက်ဖြတ်ရမည်ဆို၍မိသားစုမှာ ပြန်လာခဲ့ကြရသည်ဆို၏။မောင်ထူးထူးအောင်မှာ ယခုအသက်ခြောက်နှစ် ရှိပြီဖြစ်၍ ပျော်ကုန်းမူလတန်းကျောင်းတွင် သူငယ်တန်းတက်နေပြီဖြစ် သည်။ မောင်ထူးထူးအောင်၏ ဘက်ဘက်လက်မှာ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာရာ ယခုအခါ ဘယ်ဘက်လက်မှာ အလျားနှစ်ပေရှိပြီး လက်မောင်းလုံးပတ်မှာ လက်မ ၂၀ ရှိသည်။လက်မနှင့် လက်သန်းမှာ အဆမတန်ကြီးထွားနေပြီး ကျန်လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့ မှာ သာမန်အနေအထားသာရှိနေသည်။

ညာဘက်လက်မှာ သာမန်အတိုင်း တစ်ပေနှင့် ငါးလက်မရှိသည်။ လက်တစ်ဖက်ကြီး၊ လက်တစ်ဖက် သေးနှင့်ဖြစ်နေသည်။ အနီးပတ်ဝန်းကျင်ကျေးရွာများမှ လူအများက မောင်ထူးထူးအောင်အား လူထူးလူဆန်း အဖြစ်လာရောက်ကြည့်ရှု မှုများလည်းရှိသည်။

မောင်ထူးထူးအောင်၏ မိဘများ ဖြစ်သော ဦးပြုံး မောင်-ဒေါ်အေးမော်တို့ မှာ သာမန်လက်လုပ်လက်စား တောင်သူလယ်သမားများဖြစ်ကြသောကြောင့် ၎င်းတို့၏သားကလေးလက်ကို ကုသလိုသော်လည်း ငွေရေးကြေးရေး မတတ်နိုင်သဖြင့် ယခုအတိုင်းသာကြည့်နေရကြောင်း ပြောပြသည်။

မောင်ထူးထူးအောင်နှင့်ပတ်သက်၍ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ကူညီထောက်ပံ့ရန် စိတ်ပါဝင်စားပါက မိတ္ထီလာမြို့ ရတနာမာန်အောင် ရပ်ကွက်နေ မရှမ်းမ (ခ)ဒေါ်မြင့်မြင့်သန်း ဖုန်း ၀၉-၂၅၆၀၀၁၇၂၅ သို့
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ