ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ် (၄)

ပို့စ်တင်ချိန် - 1/13/2014 07:52:00 PM


ထက်အောင်ကျော် (ဒီဇင်ဘာ ၁၄။ ၂၀၁၄)

ဒါပေမဲ့ ဘိလပ်ပြန်မောင်သောင်းဘေလိုဖြစ်နေတဲ့ကိုယ်က အဲဒီလိုသွားအိပ်နေလို့လဲမဖြစ်သေး။ နာမ ကျန်းဖြစ်သွားရင် ဆေးဖိုးဝါးခက ဟိုတယ်အခန်းခထက် ပိုကုန်သွားနိုင်ပါတယ်။ ဒီအရပ်မှာက နော်ဝေး မှာလို အခမဲ့ဆေးကုသပေးတဲ့ ကျမ်းမာရေးစောင့်ရှောက်မှုစနစ်က ရှိသေးတာမဟုတ်။ ဒီတော့ ဈေး အ ပေါဆုံး ငါးသောင်းတန်အခန်းကိုယူမယ်လို့ booking လုပ်လိုက်ပါတယ်။ ဆိုးတာက booking မလုပ် ခင်မှာ အခန်းကိုကြည့်ခွင့်မရှိ၊ ဓာတ်ပုံနဲ့ပြထားတာမျိုးလဲမရှိပါ။ ကံကောင်းချင်တော့ ၇ နာရီလောက်မှာ ကျနော်အခန်းရလိုက်ပါတယ်။ ကံဆိုးချင်တော့ အဲဒီအခန်းက လူရွင်တော်တွေပျက်လေ့ရှိသလို ''တ ယောက်တည်းတောင် မတ်တပ်ရပ်အိပ်ရတဲ့အခန်းမျိုး''။


ရင်ပြင်တော်ကနေ ကျီးပါးစပ်ဖက်သွားတဲ့လမ်းဘေးက တောင်စောင်းပေါ်မှာ ဆောက်ထားတဲ့ ဒီဟို တယ်ဟာ ၃ ထပ်တိုက်ဖြစ်ပါတယ်။ အပေါ်နှစ်ထပ်က အထူးနဲ့ ရေနွေးးပါတဲ့ရိုးရိုးခန်းဖြစ်ပြီး ကျနော် တည်းရမဲ့အောက်ဆုံးအထပ်က ပြူတင်းပေါက်တောင်မပါပါဘူး။ ၆ ပေ၊ ၄ ပေ ပတ်လည်လောက်ရှိတဲ့ အလုံပိတ်အခန်းဖြစ်ပြီး လျှပ်စစ်မီးနဲ့ လေ၀င်ပေါက်လေးတခုရှိနေလို့သာ တော်ပါတော့တယ်။ နော်ဝေး မှာဆိုရင်တော့ လူမနေသင့် တဲ့အခန်းကို အခကျေးငွေယူပြီးငှားစားမှုနဲ့ ဟိုတယ်ပိုင်ရှင် တရားစွဲခံရမဲ့ ကိန်းပါပဲ။

ဒါမေပဲ့ လောလောဆယ်တော့ ဘာမှမတတ်နိုင်။ တခြားဟိုတယ်တွေလဲ ဒီလိုပဲလူပြည့်နေနိုင်တဲ့ အ တွက် ဓမ္မမိတ်ဆွေပီသစွာ သီးခံတော်မူလိုက်ရုံမှတပါး တခြားရွေးစရ်ာမရှိပါ။ တညလုံးအိပ်ရေးပျက် ထားတာကြောင့် အဆင်မပြေမှုတွေအားလုံးကိုခဏဖြစ်ဖြစ် မေ့နိုင်အောင်ကြိုးစားရင်း တရေးလောက် အိပ်ပစ် လိုက်ပါတယ်။

မနက် ၁၁ နာရီလောက်မှာ တရေးနိုးလာတော့ အများသုံးအိမ်သာနဲ့ ရေချိုးခန်းဖက် ကိုယ်လက်သန့် စင်ဖို့ထွက်လာပါတယ်။ ''အာပါးပါး'' လို့ နောက်တခါအော်မိပြန်ပေါ့။ အေးလိုက်တဲ့ရေ။ ဒီလောက် အေး စက်နေတဲ့ရာသီဥတုအောက်မှာ ၅ သောင်းတန်ဟိုတယ် ရေချိုးခန်းက ရေနွေးပေးတဲ့စနစ်မရှိပါဘူး။ ရွာကဘုန်းကြီးကျောင်းတွေမှာတွေ့ရလေ့ရှိတဲ့ အိမ်သာနဲ့ ရေချိုးခန်းအဆင့်ထက် ဘာမှမပို။

ဒါပေမဲ့ ဖုန်တွေနဲ့တကိုယ်လုံးညစ်ပတ်နေတော့ ရေကလဲ မချိုးလို့မဖြစ်။ ''ရေမချိုးလို့ ဘာမှမဖြစ်၊ ရေချိုး မှားရင် သေတတ်တယ်'' ဆိုတဲ့ စကားကခေါင်းထဲဝင်တဲ့အတွက် မျက်နှာသစ်၊ ရေပတ်တိုက်တာနဲ့ပဲ ကျေနပ် လိုက်ရပါတယ်။ အ၀တ်အစားလဲပြီး ဘုရားရင်ပြင်တော်ဖက်ပြန်တက်လာတော့ ''ဟာ ဒုက္ခ သည်စခန်းကြီးလိုပါပဲလား'' ဆိုပြီး နှုတ်ကထွက်သွားပါတယ်။

မနက်အစောပိုင်းကတွေ့ခဲ့ရတဲ့ ၀ါးဖျာခင်း၊ မုဒုံစောင်ခြုံပြီး အအေးဒဏ်ကိုအာခံနေသူအားလုံးဟာ အခု တော့ နေပူဒဏ်ကို အာခံဖို့အတွက် စောင်တွေကိုအမိုးအဖြစ်အသွင်ပြောင်းလိုက်ကြပါတယ်။ ကျိုက်ထီး ရိုးတောင်ဝှေးအဖြစ်နာမည်ကြီးလှတဲ့ ၀ါးလုံးတွေကို ယာယီတိုင်အဖြစ်အသုံးပြုပြီး မုဒုံစောင်ဒေါင့်လေး ဖက်ကို အဲဒီတိုင်တွေမှာချည်၊ လူတွေကအထဲမှာကွေး။ ဒီလိုနဲ့ ပေ ၁၀၀၀ ၀န်းကျင်ရှိ ရင်ပြင်တော်ဟာ နယ်စပ်က ကရင်၊ ကချင်စစ်ပြေးဒုက္ခသည်စခန်းတခုလို အသွင်ပြောင်းသွားခဲ့ပေါ့။

မှတ်မှတ်ရရ အနောက်နိုင်ငံတွေ၊ ထိုင်းနိုင်ငံတွေမှာသုံးလေ့ရှိတဲ့ ပလပ်စတစ်တဲငယ်နဲ့ စခန်းချနေသူ တဦးတည်းကိုသာ မုဒုံစောင်တဲတွေကြားမှာ တွေ့ခဲ့ရပါတယ်။ ဒီလိုတဲတွေအသုံးများလာရင် မဆိုးဘူးလို့ တော့ ထင်မိပါတယ်။ ရှေ့နှစ်မှာတခေါက်ထပ်သွားဖြစ်ရင်တော့ ဒီလိုရွက်ဖျင်တဲငယ်တလုံး ဆောင်လာ မှဖြစ်မယ်ဆိုတာကို ကျနော်သဘောပေါက်လိုက်ပါတယ်။


ဒုက္ခသည်စခန်းလိုဖြစ်နေတဲ့ လူတန်းကိုကျော်လာပြီးတဲ့နောက် မနက်အစောပိုင်းက တက်လာခဲ့တဲ့ ကားဂိတ်ဖက်ရှိ ကျိုက်ထိုဟိုတယ်ရှေ့ရောက်လာပါတယ်။ အပြင်အဆင်က ရင်ပြင်တောဘေးက ၅ သောင်းတန်ဟိုတယ်ထက် အလွန်ကောင်းနေတဲ့အတွက်ဈေးနှုံး ၀င်မေးကြည့်ခဲ့ပါတယ်။ ''ရိုးရိုးအခန်း ၇၅၊ အထူးခန်းဆိုရင် ၉၅ ဒေါ်လာပါ အကို'' လို့ ဧည့်ခံကောင်တာရှိ အမျိုးသမီးတဦးကပြောပါတယ်။  ၉၅ ဒေါ်လာဆိုတာတသိန်းတောင်မပြည့်တဲ့အတွက် ရင်ပြင်တော်ဘေးက တသိန်းခွဲအခန်းထက် ပို တန်၊ ပိုသန့်၊ ပိုကျယ်တဲ့သဘောရှိပါတယ်။

ဒါပေမဲ့ အခန်းလွတ်ကမရှိတော့ပါ။ ''အဲဒီရင်ပြင်တော်ပေါ်ကအခန်းတွေက ဟိုတယ်မဟုတ်ဘူးအကို၊ တည်းခိုခန်းအဆင့်ပဲရှိတာ။ ကျမတို့က ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းမှာ တရားဝင် ရီဂျင်စတာလုပ်ထား တာပါ၊ ဒီမှာတည်းရင်စိတ်ချရပါတယ်'' လို့ ဧည့်ခေါ်အမျိုးသမီးက ပြောနေပေမဲ့ ကျနော်က နားမ၀င် တော့။ ၅ သောင်းတန် ကျဉ်းမြောင်းအခန်းမှာ ဒီညထပ်အိပ်ရမဲ့အပေါ် အထူးစိတ်ပျက်နေမိပါတယ်။

ဗိုက်ဆာလာလို့ တခုခုစားမယ်ဆိုပြီးဆိုင်လိုက်ရှာတော့ ဒီဟိုတယ်နဲ့မျက်နှာချင်းဆိုင် လမ်းတဖက်ချမ်း တောင်စောင်းဘေးက စားသောက်ဆိုင်က အတော်သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ တောင်တန်းတလျောက် တွေ့သမျှထဲက အသန့်ပြန့်ဆုံးဆိုင်လို့တောင် ကျနော်ထင်ပါတယ်။ ဈေးနှုံးထက် သန့်ပြန်မှုကို ပိုလိုလား နေတဲ့ကျနော် အဲဒီဆိုင်မှာပဲ နေ့လည်စာဆွဲလိုက်ပါတယ်။

အဲဒီလိုစားပြီး ရင်ပြင်တော်ပေါ်ပြန်တက်လာတော့မှ လုံခြုံရေးဂိတ်နဲ့တိုးပါတော့တယ်။ ''ဖိနပ်ချွန်ရုံနဲ့ မရ ဘူး၊ ခြေအိတ်ပါချွတ်ရမယ်၊ ခြေအိတ်နဲ့ဖိနပ်အတူတူပဲ။ ရှင် ဗုဒ္ဓဘာသာမဟုတ်ဘူးလား'' ဆိုပြီး ရဲယူနီ ဖောင်းဝတ်ထားတဲ့ အမျိုးသမီးတဦးက ကျနော်ကို ဆူပါတယ်။ ဒီလောက်အေးတာဗျာ၊ ဒါလေးတော့ ၀တ်ထားပါရစေ။ နိုင်ငံခြားသားတွေ ဒီလိုပဲဝတ်ထားတာ ကျနော်တွေ့ပါတယ် ဆိုပြီး ဆင်ခြေပေးမိပါ တယ်။

''ရှင်တို့က နိုင်ငံခြားသားတွေလား၊ အဲဒါဆို ဟိုးရှေ့က Check Point ကိုသွားပြီး ၀င်ကြေး ၆၀၀၀ ပေး လိုက်။ သူတို့ဆီကကဒ်ပြား လည်ပင်းမှာဆွဲလာရင် ကျမတို့ဘာမှ မေးစရာမရှိတော့ဘူး'' လို့ အဲဒီလုံခြုံ ရေးရဲမေက ပြောပါတယ်။ အဲဒါမှ ဒုက္ခ။ ကျနော်တို့က မနက်စောစော ၄ နာရီလောက်ကတည်းက ရင်ပြင်တော်ပေါ်ရောက်ပြီးနေသူတွေ၊ အဲဒီကနေ အောက်ကိုခဏဆင်း လာလည်တာ။ ဒီလုံခြုံရေးက မနက်စောစောပိုင်းကမရှိပဲ ဘာလို့အခုမှပေါ်လာတာလဲ။ ၂၄ နာရီ တာဝန်ယူတာမဟုတ်ပဲ မနက် ၈ နာရီလောက်မှာ ဒီကိုရောက်လာကြတယ်လို့ထင်ပါတယ်။ မနက် ၄ နာရီ ကျနော်တို့ဘုရားပေါ်တက်စဉ် က ဒီစစ်ဆေးရေးဂိတ်မှာရော၊ ခုနကသူညွှန်းနေတဲ့ ရှေ့နားက Check Point မှာရော ဘယ်သူမှမရှိပါ။


''အင်း...၆၀၀၀ တန် ဘုရားလုံခြုံရေးတပ်ဖွဲ့ကလဲ တမျိုးကြီးပါလား'' လို့ စဉ်းစားရင်း ရင်ပြင်တော် ပေါ် ပြန်တက်လာခဲ့ပါတယ်။ တနေ့ကဖတ်လိုက်ရတဲ့ ဂျာနယ်သတင်းတပုဒ်မှာဆိုရင် ''နိုဝင်ဘာနှင့် ဒီဇင်ဘာ အတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၂၄၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ရှေးဟောင်း ယဉ်ကျေးမှုဇုန် ၀င်ကြေးအဖြစ် မြန်မာကျပ်ငွေ သိန်း ၁၄၄၀ ကျော် ကောက်ခံရှိခဲ့ကြောင်း ကျိုက်ထီးရိုး တောင်ပေါ်ရှိ နိုင်ငံခြားသား Chick Point ရုံးမှ သိရသည်'' လို့ရေးထားတဲ့အတွက် ဒီဝင်ကြေး ၆၀၀၀ ဟာ သူတို့အတွက်အတော်အရေးပါပုံရပါတယ်။

ဒါပေမဲ့ ဟိုတယ်ခတွေ၊ စားသုံးစရိတ်တွေနဲ့ယှဉ်လိုက်ရင် ဒီ ၆၀၀၀ က ဘယ်ပြောပလောက်တော့မလဲ။ ဆိုလိုတာက ၀င်ကြေး ၆၀၀၀ ရဖို့ထက် ၆၀၀၀ မကရနိုင်တဲ့ တခြားအခွင့်ရေးတွေအတွက်ပါ နိုင်ငံခြား သားတွေကို ကောင်းမွန်စွာဆက်ဆံသင့်ပါတယ်။ နိုင်ငံခြားသားတွေ အမြဲတန်းလာချင်နေအောင် ဧည့် ၀တ်ကျေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကိုစိမ်းလန်းအောင် ထိမ်းသိမ်းပေးထားဖို့က အဓိကကျမယ်လို့ ထင် မိပါတယ်။

ထားပါတော့။ ဒုက္ခသည်စခန်းလိုဖြစ်နေတဲ့လူတန်းကြီးကို တခါကျော်ဖြတ်ပြီးတဲ့နောက် ကျီးကန်းပါးစပ် ဖက် ကျနော်ဆင်းလာပါတယ်။ လွန်ခဲ့တဲ့နှစ် ၃၀ ကဆိုရင်တော့ ဒီလမ်းဟာ တကယ့်တောလမ်းကြီး၊ လူ ပြတ်ရင် မသွားရဲတဲ့နေရာမျိုးပေါ့။ အခုတော့ တဖက်တချက်မှာဆိုင်တန်းတွေက အပြည့်၊ လမ်းကလဲ ကွန်ကရစ်လှေကားထစ်တွေနဲ့။ ဒီလောက်အေးစိမ့်နေတဲ့ရာသီဥတုကြားမှာတောင် ချွေးပြန် လာတဲ့အ ထိ လူတွေက တိုးမပေါက်အောင်စည်ကားနေပါတယ်။

''၀က်ဝံသဲခြေရမယ်၊ ကျားစွယ်တွေရမယ်၊ အကိုက်ခဲပျောက်ဆေးတွေရမယ်'' ဆိုပြီး လူငယ်တဦး အော် ရောင်းနေတဲ့ ဆိုင်တခုရှေ့ရောက်တော့ ကျားတကောင်လုံးရဲ့သားရေကို မြင်လိုက်ရပါတယ်။ ကျနော် စိတ်ဝင်စားမှန်းသိတော့ သေခါစ ၀က်ဝံခြေတွေ၊ လက်တွေကို ထုတ်ယူလာပြပါတယ်။ ကင်မရာဆွဲပြီး ရိုက်မယ်ပြင်တော့ ''ဒါလေးတော့ သီးခံပါဆရာ'' ဆိုပြီး ဆိုင်ရောင်းလူငယ်က ကင်မရာရှေ့ပိတ် ရပ် လိုက်ပါတယ်။

''ဒါတွေအားလုံး ဒီတောထဲကထွက်တာချည်းပဲ။ အရင်ကဆိုရင် ဒီနေရာအထိ ကျားတွေ၊ ၀က်ဝံတွေ လာတယ်'' လို့ အဲဒီလူငယ်ကရှင်းပြပြီး သူဆိုင်က တခုခု မဖြစ်မနေ၀ယ်အောင် ကျနော်ကိုဆွဲဆောင်နေ ပါတယ်။ ခက်တာက ကျနော်က ဈေးဝယ်ဖို့လာတာမဟုတ်။ ဒီလို ပျောက်စေ ဆေးတွေကိုလဲ သိပ် အ ယုံအကြည်မရှိ။ တောရိုင်းတိရိဆန်ကာကွယ်ရေးဒေါင့်ကနေသာ အသေချာဓာတ်ပုံရိုက်မှတ်တန်းတင် ချင်နေသူဖြစ်လေတော့ အရောင်းအ၀ယ်ကိစ္စက အလုပ်မဖြစ်။

ဆိုင်တန်းအလွန် ကျီးပါးစပ်ရှေ့ရောက်တော့ မျှော်လင့်မထားတဲ့လူတဦးနဲ့ ရင်ဆိုင်တိုးမိပါတယ်။ ''ဟေ့ လူ ဘုရားလာဖူးတာလား'' ဆိုပြီး သူပခုံးကိုပုတ်ကာ မေးလိုက်တော့ အဲဒီပုဂ္ဂိုလ် အတော်အံသြသွား ပုံရပါတယ်။ အံသြမယ်ဆိုလဲ အံ့သြစရာပဲ။ သူ့ကိုဘယ်သူမှ မသိနိုင်လောက်ဘူးဆိုပြီး တကိုယ်တော် ဘုရားဖူးထွက်လာတဲ့ ABSDF ဗဟိုအတွင်းရေးမှုး ၂၊ သို့မဟုတ် စစ်ဦးစီးချုပ်က သတင်းသမားနဲ့မှ တည့်တည့်လာတိုးတာကိုး။

သူ့အမည်က ရဲဘော်ခင်ကျော်။ ကျနော်တို့တောထဲရောက်စဉ်က အမှတ် ၂၀၉ တပ်ရင်း၊ သံလွင်စခန်း က တပ်မှုးတဦးပါ။ နောက်ပိုင်းမှာတော့ တိုက်ခိုက်ရေးစွမ်းရည်ကောင်းတယ်လို့တဖြေးဖြေး နာမည်ရ လာပြိး အဲဒီအတွက် မျက်လုံးတဖက်ပေးဆပ်ခဲ့ရသူ။ ''ဦးစီးချုပ် မဟုတ်ပါဘူးဗျာ၊ လောလောဆယ် ကျနော်ခွင့်ယူထားတယ်ဗျ'' လို့ ကိုခင်ကျော်ကဆိုပါတယ်။

လက်ရှိ အပစ်ခတ်ရပ်စဲရေးကိစ္စ၊ ပြည်တော်ပြန်ကိစ္စ၊ ကားပါမစ်ကိစ္စတွေကိုမေးတော့ သူက သိပ်ပြော ချင်ပုံမရ၊ သိပ်လဲ စိတ်ဝင်စားပုံမပြ။ ''လောလောဆယ် စစ်နားတုန်းမှာ မိသားစုကိစ္စအတွက် ကျနော် အချိန်ပေးထားပါတယ်'' လို့သာသူကဆိုပါတယ်။ ရှေ့အလားလာကိစ္စ သိပ်မသေချာလှတော့ သေချာခဲ့ ပြီး၊ ပေးဆပ်ခဲ့ပြီးဖြစ်တဲ့ ကျဆုံး-သေဆုံး ရဲဘော်တွေကိစ္စကိုပဲ သူနဲ့ကျနော် အဓိကပြောဖြစ်ခဲ့ပါတယ်။ ကျဆုံး-သေဆုံး ရဲဘော် ၆၇၀ အတွက် ကျနော်တို့ဘာလုပ်ပေးနိုင်မလဲ။ အဲဒီအတွက် အတတ်နိုင်ဆုံး လက်တွဲဆောင်ရွက်ဖို့ ကျနော်တို့သဘောတူခဲ့ပါတယ်။

ကျီးပါးစပ်ကနေ မုတ်ဆိုးတောင်ဖက်ပြန်တက်တော့ နေစောင်းနေပြီ။ နေ၀င်ချိန်အမှီ စေတီတော်ကို ဓာတ်ပုံရိုက်နိုင်ဖို့ အမြန်ပြန်ပြေးလာရပါတယ်။ ကျနော့်အရင် စေတီတော်ရှေ့ရောက်နေသူတွေက အ များကြီး။ မနက်ပိုင်းက ရိုက်ခဲ့တဲ့ စေတီတော်ဆီဝင်ပေါက်ရဲ့ ယာဖက်ကနေရာမှာ လူသိပ်မရှုပ်ပေမဲ့ အခု ညနေပိုင်းရိုက်ရမဲ့ ၀ဲဖက်က လှေကားထစ်တွေမှာတော့ ဘုရားရှိခိုးနေသူတွေနဲ့ပြည့်နေပါတယ်။ ဘုရား ရှိခိုနေသူတွေကြားတိုးဝင်ပြီး ကင်မရာကိုအသေချာချိန်လိုက်တော့ စေတီတော်တည်ထားတဲ့ ကျောက် တုံးနဲ့ အောက်ကကျောက်ဆောင်ကြီးအကြား ''ဟ'' နေတဲ့ လေဟာနယ်ကို ကောင်းကောင်းမြင်လိုက်ရ ပါတယ်။


ဒါပေမဲ့ စေတီမှာ ရွှေသင်္ကန်းကပ်နေသူတွေများလွန်းတဲ့အတွက် အဲဒီ ''ဟ'' ကြောင်းကို ပေါ်အောင် မ ရိုက်လိုက်နိုင်ပါ။ ရွှေသင်္ကန်းဆိုင်းတွေ၊ ခေါင်းလောင်းတွေ၊ သောက်တော်ရေနဲ့ ဘုရားအတွက်ပူဇော်နိုင် တဲ့ ပစ္စည်မျိုးစုံကို ရင်ပြင်တော်ဘေးမှာရောင်းချနေပြီး ဈေးတွေကတော့ သိပ်မနဲလှပါ။ ဘုရားဖူးအားလုံး နီးပါးဟာ စေတီတော်နဲ့ ဘာသာတရားဆီပဲအာရုံရောက်နေပုံရပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ၊ Eco-tourism ကိစ္စတွေကိုစဉ်းစားမိသူ အတော်နဲမယ်လို့ထင်ပါတယ်။ အရာရာကို သတင်းသမားအမြင် နဲ့ကြည့်လေ့ရှိတဲ့ ကျနော့်ကသာ သဘာဝပတ်ဝန်းကျင်တွက် စိုးရိမ်နေတာလဲဖြစ်နိုင်ပါတယ်။

စေတီတော်မှာရွှေသင်္ကန်းကပ်ခွင့်ရဖို့ အလုအယက်တိုးဝှေ့ဝင်နေကြတဲ့ လူအုပ်ဆီကနေ ၀ဲပျံကျလာတဲ့ ရွှေသင်္ကန်းလက်ကျန်စက္ကူစတွေဟာ စေတီတော်အောက်ဖက် အနိမ့်ပိုင်းမှာ ဘုရားဖူးနေသူတွေရဲ့ ခေါင်းပေါ် ပျံဝဲနေပါတယ်။ လေကလဲ ပင့်တိုက်နေပါတယ်။ ဖုရောင်းတိုင်မီးတွေကြားမှာ အမွေးတိုင်အနံ့ တွေကလဲ ထွက်လာနေပါတယ်။ သောင်းနဲ့ချီရှိတဲ့ ဒီလူအုပ်ကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုသိမ်းကြမလဲ။ ရေ၊ မိလ္လာကိစ္စ ဘယ်လိုအဖြေရှာကြမလဲ။ ဘုရားဖူးတွေကို ဒီလိုပဲ ရင်ပြင်တော် ပေါ် ပိုးလိုးပက်လက်အိပ်ခိုင်းထားသင့်သလား။ ဒီအတွက် ဂေါပကအဖွဲ့က ဘာတွေစဉ်းစားထားသလဲ။

ဒီထက်ပိုပြီး စဉ်းစားမယ်ဆိုရင် ကျိုက်ထီးရိုးနဲ့ ရွှေတိဂုံ ဘာကွာသလဲ။ ပုံဂံဘုရားတွေနဲ့ကော ဘာကွာ သလဲ။ ဘာကြောင့် လူတွေ ထောင်-သောင်းချီပြီး ကျိုက်ထီးရိုးကိုမှ တကူးတကာ့လာနေကြတာလဲ။ တဦးချင်းစီမှာ တခုချင်းအမြင်တွေ သီးခြားစီရှိနေနိုင်ပေမဲ့ သေချာတာကတော့ ဒီနေရာဟာ မြို့ပြနဲ့ဝေး တဲ့ သဘာဝဘေးမဲ့တောနေရာတခု ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို အတော် အလေးထားဆောင်ရွက်သင့်တဲ့နေရာလို့ ကျနော်ထင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ ကလို ကင်ပွန်းစခန်းကနေ တောင်ထိပ်အထိ တောလမ်းအတိုင်း လမ်းလျောက်တက် ရမယ်လို့မဆိုလိုပေမဲ့ အဲဒီလိုတက်ချင်သူတွေ၊ သဘာဝပတ်ဝန်းကျင်ကို တကယ်လေ့လာလိုသူတွေအ တွက်လဲ အဲဒီလိုလမ်းမျိုးဆက်ထားပေးသင့်တယ်လို့ထင်ပါတယ်။ ဘာသာရေးအမြင်အပြင် သဘာဝ ပတ်ဝန်းကျင် အမြင်ကိုပါ ထည့်ပေါင်းဖို့လိုနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ မြန်မာအများစုက ဘုရားဖူးဖို့သက်သက်သာစိတ်ဝင်စားပေမဲ့ နိုင်ငံတကာဧည့်သည်တွေကတော့ သာယာလှတဲ့ ရေ-မြေ-တော-တောင်-စိမ့်-စမ်း သဘာဝကိုပိုစိတ်ဝင်စားမယ်ထင်ပါတယ်။

ရင်ပြင်တော်ပေါ်ကနေ ဘေးပတ်လည်ကိုကြည့်လိုက်မယ်ဆိုရင် ဟိုဖက်မှာ မြစိမ်းတောင်။ တခြားဖက် မှာလဲကျနော်အမည်မသိတဲ့တောင်တွေအများကြီး။ သစ်ပင်သစ်တောတွေစိမ်းစိုနေတဲ့ တောင်တန်း၊ တောတန်းကြီးကိုအပေါ်စီးကနေ မြင်ရတဲ့အခွင့်ရေးက နဲနဲနောနောမဟုတ်။ အချိန်ရမယ်ဆိုရင် ဒီ တောင်ပေါ်မှာ တပတ်ဆယ်ရက်ခန့်နေပြီး ဒီတော ဒီတောင်တွေထဲ လျောက်သွားလေ့လာသင့်တဲ့နေရာ ပေါ့။ ဒီအတွက် တောင်ပေါ်တက်တဲ့ကားလမ်းအပြင် မူလလက်ဟောင်း လူသွားလမ်းတွေကိုလဲ ပြန် လည်ဖေါ်ထုတ်ပေးစေချင်ပါတယ်။

အဲဒီလိုအတွေးနယ်ချဲ့ရင်းနဲ့ နောက်တနေ့မနက်စောစော တောင်အောက်ပြန်ဆင်းဖို့ လမ်းလျောက်မဲ့သူ လိုက်ရှာတော့ ဘယ်သူမှမရှိ။ မနက်အစောကြီးကတည်းက ဓာတ်မီးတွေထွန်းပြီး ဆင်းသွားကြသလို လို၊ အုပ်စုလိုက်မသွားပဲ တယောက်တည်းသွားရင် တောင်ကောင်စားတာ၊ ဓားမြတိုက်တာ ခံရမယ်လို လိုနဲ့ ဘယ်လိုမှ လမ်းလျောက်ဖို့မလွယ်။ ဒီလိုနဲ့ ကျိုက်ထီးရိုးတောင်ပေါ် လမ်းလျောက်တက်မယ်ဆိုပြီး ဘန်ကောက်နေတကူးတကာ့ဝယ်လာတဲ့ ကျနော်ရဲ့ လမ်းလျောက်ဖိနပ်နဲ့ အားကစားဝတ်စုံဟာ အဓိ ပ္ပါယ်မဲ့ ဖြစ်သွားခဲ့ပေါ့။



ပြန်အဆင်းမှာကြုံရတဲ့ကားသမားက အတက်ကားသမားထက် စကားပိုကျွယ်ပါတယ်။ သူ ဒီမှာ ကား မောင်းနေတာ ၁၅ နှစ်ရှိနေပြီလို့အစချီပြီး ဘုရားဂေါပကထက်ကြီးတဲ့လူတွေအကြောင်း၊ ဒီကားလိုင်းကို ဘယ်သူတွေက ဘယ်လို ထိမ်းချုပ်ထားတယ်ဆိုတဲ့အကြောင်း ပြောပြနေပါတယ်။ ''ဆရာစဉ်းစားကြည့် လေ။ ဒီလိုကားမျိုး အစင်း ၅၀ လောက်ကိုပိုင်တယ်၊ တနေ့တနေ့လာတဲ့လူက မနဲဘူး၊ မနေ့ကတနေ့ တည်းတင် တစီးကို ၅ ခေါက် စီလောက်ဆွဲရတယ်'' လို့ ကားဆရာကဆိုပါတယ်။

ပြီးတော့ ကားသမားတွေက ဘာမှမရပဲ ကားပိုင်ရှင်တွေ၊ ဂေါပကကို ပိုင်သူတွေကသာ ကြီးပွါးနေတယ် ဆိုပြီးလဲ သူက ရင်ဖွင့်နေပါတယ်။ ''ဆရာဖတ်ဖြစ်မယ်ထင်တယ်။ တလောကထွက်တဲ့ ဂျာနယ်တခုမှာ ပါတယ်လေ။ ဘာတဲ့ 'ချစ်သား ဂေါပက၊ ငါ ဘုရားစားဖို့လဲ ချန်ထားပါဦး' ဆိုတဲ့ဆောင်းပါးလေ'' လို့ပြော ပြီး တဟားဟားနဲ့ ရည်နေပါတယ်။ အင်း...ဒီကားသမားနဲ့တော့ ဒုက္ခပါပဲ။    ။

htetaungkyaw