အိမ်ထောင်ရေးတွင် အချစ်တစ်ခုတည်းဖြင့် မလုံလောက်ဟု ဂျက်ဆီကာဆင်ဆမ် မှတ်ချက်ပြု

ပို့စ်တင်ချိန် - 1/13/2014 07:00:00 AM




"ကျွန်မအနေနဲ့ ဘဝတစ်ခုကို လူနှစ်ယောက် တည်ဆောက်တဲ့အခါ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ကြောင်း သင်ခန်းစာကောင်းတွေ ရခဲ့ပါပြီ။ ဘဝရဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်ဖို့ လူတစ်ယောက်ကို ရှင့်အနေနဲ့ ရူးရူးမိုက်မိုက် ချစ်မိသွားလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီတစ်ချက်တည်းနဲ့တော့ ဘယ်လိုမှ လုံလောက်မှာ မဟုတ်ဘူး"
ခိုင်မာသည့် အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရန်အတွက် အချစ်တစ်ခုတည်းနှင့် မလုံလောက်ကြောင်း ဂျက်ဆီကာ ဆင်ဆမ်က အလေးအနက် မှတ်ချက်ပြု ပြောကြားလိုက်သည်။ မင်းသမီး တစ်ဦးအဖြစ်မှ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးသဖွယ် ပြောင်းလဲရပ်တည်လာသည့် ဂျက်ဆီကာသည် (၂၀၀၆)ခုနှစ်က သူမ၏ ပထမခင်ပွန်း နစ်ခ်လန်ချီနှင့် လမ်းခွဲဖြစ်ခဲ့သည်။ သူမသည် ယခင်က အဆိုတော် ဂျွန်မေယာ၊ NFL ဘောလုံးသမား တိုနီရိုမိုတို့နှင့်လည်း တွဲခဲ့ဖူးသေးသည်။ သို့သော်လည်း မမြဲခဲ့ချေ။ ယခုအခါတွင်မူ ဂျက်ဆီကာသည် အဲရစ်ဂျွန်ဆင်နှင့် စေ့စပ်ထားပြီး အဲရစ်နှင့် သူမတို့သည် အမှန်တကယ် လိုက်ဖက်သော အတွဲအစပ်မျိုးဟု ခံစားမိကြောင်း ဖွင့်ဟခဲ့သည်။

အသက်(၃၃)နှစ်ရှိ ဂျက်ဆီကာက Redbook မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် "ကျွန်မအနေနဲ့ ဘဝတစ်ခုကို လူနှစ်ယောက် တည်ဆောက်တဲ့အခါ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ကြောင်း သင်ခန်းစာကောင်းတွေ ရခဲ့ပါပြီ။ ဘဝရဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်ဖို့ လူတစ်ယောက်ကို ရှင့်အနေနဲ့ ရူးရူးမိုက်မိုက် ချစ်မိသွားလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီတစ်ချက်တည်းနဲ့တော့ ဘယ်လိုမှ လုံလောက်မှာ မဟုတ်ဘူး"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ဂျက်ဆီကာသည် အဲရစ်နှင့်မူ အသက်(၁)နှစ်နှင့် (၈)လအရွယ် သမီးလေး မက်စ်ဝဲလ်၊ (၆)လသားလေး အေ့စ်တို့ကို ရရှိထားပြီး ဖြစ်သည်။

ဂျက်ဆီကာနှင့် အဲရစ်တို့သည် ယခုနှစ်ကုန်ပိုင်းတွင် လက်ထပ်ရန်လည်း ရည်ရွယ်ထားသည်။ သူမက "တကယ်တော့ အိမ်ထောင်ရေးဆိုတာ လူတစ်ယောက်ချင်းစီရဲ့ ပင်ကိုစရိုက်သဘာဝနဲ့လည်း အများကြီး သက်ဆိုင်ပါသေးတယ်။ ရှင်ဟာ (တရုတ်ရှေးဟောင်း တာအိုဘာသာတရား ယုံကြည်မှု လက္ခဏာများဖြစ်သည့်) 'ယင်'ဖြစ်နေရင် ရှင့်ရဲ့ အဖော်အဖက်ဟာ 'ယန်'ဖြစ်နေဖို့ လိုပါတယ်။ လူနှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် ပွင့်လင်းတဲ့အမြင် ရှိရမယ်။ အရာရာကို အတူကျော်ဖြတ်နိုင်ရမယ်။ ဆက်သွယ်နိုင်ရမယ်။ အဲရစ်ဟာ ကျွန်မအတွက်တော့ အသင့်တော်ဆုံး ယင်ယန် အတွဲအစပ် ဖြစ်ပါတယ်"ဟု ပြောကြားသွားသည်။