ပုစွန်ခွက်ကြော်သုပ်

ပို့စ်တင်ချိန် - 1/13/2014 08:50:00 PM


ဒေါ်ပုကတော့ ပုစွန်ခွက်ကြော်သုပ်ကို ခေါက်ဆွဲကြော်၊ ပဲပြားကြော်၊ ပုစွန်ခွက်ကြော်၊ ပဲမှုန့်၊ ကြက်သွန်နီဆီချက်၊ ငံပြာရည်၊ သခွါးသီး၊ နံနံပင်၊ ငရုတ်ဆီအချဉ်ရည်တို့ဖြင့် ချဉ်ငံစပ် သုပ်စားပါတယ်။
ပုစွန်ခွက်ကြော်လုပ်ရန်အတွက် ယိုးဒယား အကြော်မှုန့်ကို ဆားနှင့် နနွင်းမှုန့် အနည်းငယ်ဆီထည့်၍ မုန့်နှစ်ရေကို မပျစ်မကျဲဖျော်ထားပါ။ ပုစွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ထားပါ။ ပဲတီပင်ပေါက်များကို ရေဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် ပုစွန်နှစ်ကောင်နှင့်ပဲတီပင်ပေါက်အနည်းငယ်ကို ဖျော်ထားသော မုန့်နှစ်ရည်ထဲနှစ်ထည့်ပြီး အချိုပန်းကန်ပြားအသေးတခုထဲသို့ထည့်ပါ။ ပြီးနောက် ပန်းကန်ထဲမှ မုန့်နှစ်နှင့်ရောထားသော ပုစွန်နှင့်ပဲတီပင်ပေါက်ကို ဆီအိုးထဲသို့ အသာစောင်းထည့်ပြီး မီးအနေတော်ဖြင့် ကြွပ်နေအောင်ကြော်ကာ ဆီစစ်ထားပါ။

ခေါက်ဆွဲကြော်ရန်အတွက် ခေါက်ဆွဲအစိုကို ဆား၊ပဲငံပြာရည်အကြဲ၊ခရုဆီတို့ဖြင့် သမအောင်နယ်ထားပါ။ထို့နောက် သင့်ရုံအရွယ် လှီးထားသော ဂေါ်ဖီ၊ ပဲသီး၊ ကြက်သွန်နီ တို့ကို ဆားအနည်းငယ် ထည့်ကာ ဆီအနည်းငယ်ဖြင့် ကြော်ထားပါ။ထိုနောက် အရွက်များ အနည်းငယ်နွမ်းလျှင် ခေါက်ဆွဲ ထည့် ပြီး ကြော်ပါ။ အနည်းငယ် ကြာအောင် မွှေ၍ အထက်အောက်လှန်ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)

ပဲပြားကြော်ရန်အတွက် ပဲပြားများကို ရေအသာဆေးပြီး အတုံးလေးများပိုင်းကာ ဆီပူပူတွင် ရွှေရောင်သန်းလာသည်အထိ ကြော်ထားပါ။ ကြက်သွန်နီပါပါးလှီး၍ နနွင်းအနည်းငယ်ထည့်ပြီး ကြက်သွန်နီဆီချက် ချက်ထားပါ။ သခွါးသီး၊နံနံပင်တို့ကို ပါပါးလှီးထားပါ။ အချဉ်ရည်လုပ်ရန်အတွက် မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီလောက်ကြိုစိမ်ထားပါ။ မကျည်းရည်ထဲသို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်ပါ။ ထန်းညက်ခဲ ၁ ခဲ (သို့) ၂ ခဲကို ရေနွေးဖြင့်ကျိုပြီး ထည့်ပါ။ညက်အောင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကိုမကျည်းရည်ထဲသို့ နှံ့အောင် ရောမွှေပေးပါ။ အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဇလုံတခုထဲတွင် ကြော်ထားသောခေါက်ဆွဲထည့်ပါ။ ပုစွန်ခွက်ကြော်နှင့် ပဲပြားကြော်များကို အနေတော် အရွယ်လေးများ ညှပ်ထည့်ပါ။ ကြက်သွန်နီဆီချက်၊ ငရုတ်ဆီအချဉ်ရည်၊ ပဲမှုန့်၊ ငံပြာရည်၊ ပါးပါးလှီးထားသော သခွါးသီးနှင့် နံနံပင် တို့ကိုထည့်ပြီး အားလုံး ရောနယ်ကာ အပေါ့ အငံ အချဉ် မြည်း၍ အရသာရှိသော ချဉ်ချဉ်ငံငံစပ်စပ် ပုစွန်ခွက်ကြော်သုပ်ကို ဂေါ်ဖီကြာဇံဟင်းခါး ပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)

ဂေါ်ဖီကြာဇံဟင်းခါး
အိုးထဲတွင် ရေကိုလိုသလောက်ထည့်ကာ ငါးပိစိမ်းစား၊ပုစွန်ခြောက်မှုန့်၊ဆား အသင့်အတင့်ထည့်ကာ တည်ထားပါ။ ရေများပွက်ပွက်ဆူလာပြီး ငါးပိနံ့ပျောက်လျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ထည့်ပါ။ ပြီးလျှင် အနေတော်လှီးထားသော ဂေါ်ဖီများကိုထည့် ပြီးတည်ထားပါ။ ခဏကြာလျှင် ပဲကြာဇံ အနည်းငယ် ထည့်ပေးပါ။ ဂေါ်ဖီနှင့် ပဲကြာဇံများနူးလာလျှင် အပေါ့အငံမြည်းကာ ငရုတ်ကောင်းခတ်ပြီး ဂေါ်ဖီကြာဇံဟင်းခါးလေး သုံးဆောင်လို့ ရပါပြီရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)
ဒေါ်ပုလက်ရာ