လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက်မကျော်စေဘဲ မကြာမီရောင်းချမည်

ပို့စ်တင်ချိန် - 1/13/2014 11:00:00 AM


လှိုင်သာယာရှိ တည်ဆောက်ဆဲ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

“ရွှေလင်ဗန်းမှာ အိမ်ရာတွေရောင်းဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေကြပါပြီ။ တန်ဖိုးကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမှာပါ။ ခုမှစီစဉ်တုန်းပဲ” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ဗန်းချောင်း၏ မြောက်ဘက်တွင် တည်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ အကျယ်အ၀န်းမှာ ဧက ၂၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အဆိုပါဧက ၂၀ ကျော်ကို အပိုင်းလေးပိုင်းခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တည်ဆောက်ခဲ့မှုမှာ အချို့မှာ ယခုလကုန်တွင် ပြီးစီးတော့မည်ဖြစ်ပြီး မကြာမီရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ ပထမဆုံး အပိုင်းထဲမှာ ၃၂ လုံး စဆောက်တာ။ ၃၂ လုံးမှာမှ ၁၀ လုံးက အရင်ပြီးမှာ။ ၁၀ လုံးကို ဒီလကုန်ပြီးမှာပေါ့။ ခြောက်ခန်းတွဲ လေးထပ်တိုက်တွေ ဖြစ်ပါတယ်။ တည်ဆောက်မှုကို မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက PAE စနစ်နဲ့ တည်ဆောက်တာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပွင့်လန်းလာသည့် ရန်ကုန်မြို့၏ စီးပွားရေး အခွင့်အလမ်းများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ၀င်ရောက်လာခြင်း၊ လူမှုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကြောင့် နိုင်ငံတစ်ဝှမ်းမှ လုပ်သားများ ရွှေ့ပြောင်းအခြေချလာခြင်းတို့ကြောင့် ရန်ကုန်မြို့တော်၏ လူဦးရေသည် ယခင်ကထက် သိသိသာသာ တိုးတက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။

“ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီးတော့ ဘယ်သူတွေကို ရောင်းချပေးမယ် ဆိုတာကအစ စီစဉ်နေတုန်းပါပဲ။ ၀န်ထမ်းတွေကို အဓိကထားတာလား။ အားလုံးအတွက်လား အသေးစိတ် မသိရသေးပါဘူး” ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့နေ ပြည်သူများနေရေး အဆင့်မြှင့်တင်နိုင်ရန်အတွက် အိမ်ရာလိုအပ်ချက်နှင့် အိမ်ရာထုတ်လုပ်ရေးသည် အရေးတကြီး လိုအပ်နေသည့်လုပ်ငန်း ဖြစ်သည့်အားလျော်စွာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပေါ်ပေါက်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

Eleven Media Group