လိမ်ညာမှုကို လက်ခံတဲ့ ပူးပေါင်းကော်မတီလား၊ လိမ်ညာမှုကို မှတ်တမ်းတင်တဲ့ လွှတ်တော်လား


Browse › Home › ဆောင်းပါး » လိမ်ညာမှုကို လက်ခံတဲ့ ပူးပေါင်းကော်မတီလား၊ လိမ်ညာမှုကို မှတ်တမ်းတင်တဲ့ လွှတ်တော်လား

တိုင်းပြည်အတွက်လည်း အရေးကြီး အများပြည်သူကလည်း စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လွှတ်တော် ပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး လွှတ်တော်ကလည်း အဲဒီ အစီရင်ခံစာကို အတည်ပြုပေးလိုက်ပါပြီ။ တကယ်တော့ အဲဒီ အစီရင်ခံစာမှာ ထူးထူးခြားခြား ဘာမှ မပါဝင်ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့၊ မပြင်ဖို့ အကြံပေးချက်တွေကို အမျိုးအစားခွဲ ပြုစုထားတဲ့ ရုံးလုပ်ငန်း သာသာ အစီရင်ခံစာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အစီရင်ခံစာထဲမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ (၇)ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး အကြံပြုထားတယ်ဆိုတဲ့ လက်မှတ်ပေါင်း တစ်သိန်းကျော် (၁၀၆၁၀၂) တင်ပြတယ် ဆိုတာကိုပါ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ထားတယ် ဆိုရင် အဲဒီ လက်မှတ်ကောက်ခံမှု စာရင်းဇယားတွေဟာ မှန်ကန်ဖို့ လိုပါတယ်။ အဲဒီ ပုဒ်မ (၇) ခု မပြင်ဖို့ ပူးပေါင်းကော်မတီကို ဘယ်သူက လာတင်သလဲ၊ ဘာအချက်တွေ ပါသလဲ၊ ပူးပေါင်းကော်မတီက ဒါကို မစစ်ဆေးဘူးလား၊ လိမ်လည်မှု လုပ်ထားတာ မဖြစ်နိုင်ဘူးလား၊ အဲလို လိမ်လည်မှု လုပ်ထားတာဆို ဘယ်လို ဖြေရှင်းမလဲ စတာတွေ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

လက်မှတ်တွေ စုဆောင်းပြီး ဘယ်သူ တင်ပြလဲ

ဖွဲ့စည်းပုံထဲက ပုဒ်မ (၇) ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး လူတစ်သိန်းကျော် လက်မှတ်ထိုးထားတာကို စုစည်းပြီး ပူးပေါင်းကော်မတီကို တင်ပြသူဟာ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ယောက်လို့ ကော်မတီအဖွဲ့ဝင် သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောပါတယ်။ နာမည်တော့ သူ ထုတ်မပြောပါဘူး။ နောက်ပိုင်း အဲလိုတင်ပြတာဟာ သူပါပဲလို့ ဦးအောင်သိန်းလင်းက ဧရာဝတီ သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ အဲဒီ လူတစ်သိန်းကျော်က ဘယ်အချက်တွေကို မပြင်လိုပါဘူးလို့ သူ တင်ပြခဲ့သလဲ ကြည့်ရအောင်ပါ။
ဖွဲ့စည်းပုံထဲက အခန်း(၁) ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃) ပုဒ်မ ၅၉(စ)၊ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈၊ အခန်း(၁၂) ပုဒ်မ ၄၃၆ နဲ့ အခန်း (၁၄) ပုဒ်မ ၄၄၅ စတာတွေကို မပြင်ပဲ ထားဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ ပြောရရင် အဲဒီ ပုဒ်မတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ပိတ်ပင်ထားတဲ့ နာမည်ကြီး ပုဒ်မ ၅၉ (စ) ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ လုံးဝ မလွယ်အောင် လုပ်ထားတဲ့ ပုဒ်မ၊ အရင် စစ်အာဏာရှင်တွေကို နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ကာကွယ်ထားတဲ့ ပုဒ်မတွေဖြစ်နေပါတယ်။ တစ်ခုချင်းစီ တင်ပြပါ့မယ်။

မပြင်ချင်တဲ့ ပုဒ်မတွေက ဘာတွေလဲ

အခန်း(၁) ပုဒ်မ ၆(စ) ဆိုတာ နိုင်ငံတော် အခြေခံမူ ဆိုတဲ့ အခန်းထဲကပါ “ နိုင်ငံတော်ဇ။် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” လို့ ဖော်ပြထားပါတယ်။ ဒါကတော့ ရှင်းပါတယ်။ စစ်တပ်က နိုင်ငံရေးဦးဆောင်မှု အခန်းမှာ ပါနေတာကို မပယ်ဖျက်နဲ့ ဆိုတာပါပဲ။ ပုဒ်မ ၄၂ ကတော့ “ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမှ စတင်ကျူးကျော်တိုက်ခိုက်ခြင်း မပြု၊ (ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြု” ဆိုတာပါ။
နောက်တစ်ခုကတော့ အခန်း(၃) ပုဒ်မ ၅၉(စ) ပါ။ ဖော်ပြထားချက်ကတော့ ဒီလိုပါ။ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ တွေရဲ့ အရည်အချင်းသတ်မှတ်ချက် မှာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိဇ။် မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိဇ။် ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိဇ။် တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦးဇ။် ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရဇ။် ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးဇ။် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါးဇ။် နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။” လို့ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားမြစ်ကန့်သတ်ထားတဲ့ ဥပဒေ ပြဌာန်းချက်ဖြစ်တယ်ဆိုတာ ရှင်းလင်းပါတယ်။ နောက်ထပ် မပြင်ချင်တဲ့ ပုဒ်မတွေကတော့ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈ ပါ။ ပုဒ်မ ၃၃၇ “ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။” ၃၃၈ “ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်ဇ။် ကွပ်ကဲမှုအောက်တွင် ရှိရမည်။” လို့ ဖော်ပြထားပါတယ်။ ဒါလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပါတ်သက်တဲ့ အချက်ပါပဲ။
နောက်ထပ်တစ်ခုကတော့ အခန်း(၁၂) ပုဒ်မ ၄၃၆ ပါ။ အဲဒီ ပုဒ်မ ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပါတ်သက်ပါတယ်။ အဲဒီမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ တစ်ချို့ကို အတိအကျ ဖော်ပြထားပြီး အဲဒီ ပုဒ်မတွေနဲ့ ပါတ်သက်လို့ ပြင်ချင်ရင် “ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးဇ။် ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။” (ခ) “ ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ” လို့ ဖော်ပြထားပါတယ်။ ပြောရရင် ဒီ ပုဒ်မဟာ စစ်တပ်ကသာ သဘောမတူရင်၊ တစ်နည်း ကာကွယ်ရေးဦးစီးချုပ်ကသာ သဘောမတူရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလွန်ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မပါ။
နောက်ဆုံးတစ်ခုကတော့ အခန်း (၁၄) ပုဒ်မ ၄၄၅ ပါ။ အဲဒီမှာ ဖော်ပြထားတာက “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဇ။် မူဝါဒ လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့ဇ။် ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦးဇ။် တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။” လို့ ဖော်ပြထားပါတယ်။ လက်မှတ်ပေါင်း တစ်သိန်းကျော်က ဒီ အချက်ကို လုံးဝ မပြင်ချင်ဘူးလို့ ဆိုပါတယ်။

အဲဒါဟာ တကယ်ပဲ လူတစ်သိန်းကျော်ရဲ့ သဘောထားလား

ဒီလို ပြည်ခိုင်ဖြိုး စီအီးစီ ဦးအောင်သိန်းလင်းက လူတစ်သိန်းကျော် လက်မှတ်ဆိုပြီး တင်ပြထားတာနဲ့ ပါတ်သက်လို့ ကန်ပက်လက်အမတ် သူရဦးအောင်ကိုက ဒီ လက်မှတ်တွေမှာ နာမည်နဲ့ လက်မှတ် နှစ်မျိုးပဲ ပါတယ်၊ ဒါကြောင့် ခိုင်မာမှု မသေခြာဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ထောက်ပြပါတယ်။ နာမည်နဲ့ လက်မှတ်ပဲ ပါတယ် ဆိုရင် ဒါဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ လူတစ်ယောက် နှစ်ယောက်က လက်မှတ် အများအပြား တုပ ထိုးထားတာ ဖြစ်နိုင်ပါတယ်။ အခြားသော အကြောင်းအရာ တစ်ခုခုကို ပြောဆိုပြီး နာမည်နဲ့ လက်မှတ်ရေးထိုးခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာမှ သေသေခြာခြာ ရှင်းမပြပဲ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ်ပုံတင်၊ နေရပ်လိပ်စာ စသဖြင့် တစ်ခုခု မပါတဲ့အတွက် လိမ်ညာထားသလား၊ အမှန်လား ဘယ်လိုမှ ဘယ်တစ်ယောက်ကိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရနိုင်ပါဘူး။ ဒါဆိုရင် တိုင်းပြည်အတွက် ဒီလောက် အရေးကြီးတဲ့ကိစ္စ ဒီလောက် အရေးကြီးတဲ့ အကြောင်းအရာကို စည်းကမ်းချက်တွေ အလွန်တင်းကြပ်စွာနဲ့ အလုပ်လုပ်တဲ့ လွှတ်တော် ပူးပေါင်းကော်မတီက ဘာလို့ လက်ခံလိုက်ပါသလဲ၊ မစိစစ် မစစ်ဆေးပဲနဲ့ ဘာလို့ အစီရင်ခံစာထဲ ထည့်သွင်းခဲ့ပါသလဲ။ မေးစရာ မေးခွန်းရှိပါတယ်။ အားမနာတမ်း ဝေဖန်ရရင် ပူးပေါင်းကော်မတီ ကိုယ်တိုင်က ဒီ မသေခြာ မရေရာတဲ့ လက်မှတ်၊ ကိန်းဂဏန်းတွေနဲ့ ဒါတွေ ဒါတွေ မပြင်ဖို့ လူ တစ်သိန်းကျော် တောင်းဆိုထားတယ် ဆိုတာကို အသုံးချချင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ပူးပေါင်းကော်မတီက လုပ်ရမှာ တစ်ခုပဲ ရှိပါတယ်။ ဒီ လူစာရင်းဆိုတာ တိုက်ဆိုင် စစ်ဆေး အတည်ပြုလို့ ရမှာလား၊ ရရင် မှတ်တမ်းတင်ပြီး မရရင် မှတ်တမ်းမတင်ပဲ ထားလိုက်ဖို့ပါပဲ။ အခုတော့ ဘယ်လိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရတာကို တကယ့် လွှတ်တော်ရဲ့ အရေးကြီးတဲ့ မှတ်တမ်းတစ်ခုအဖြစ် ရေးသွင်းလိုက်ပါပြီ။

လက်မှတ်ပေါင်း တစ်သိန်းကျော် တကယ်ဖြစ်နိုင်သလား

အဲဒီ လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ဆီမှာ အဓိက ပါတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့ အခြား တပ်မတော်နဲ့ ဆိုင်တဲ့ ပုဒ်မတွေပါ။ နောက် အတည်မပြုနိုင်တဲ့ သတင်းတစ်ပုဒ် အဆိုအရ ဒီ လက်မှတ် တစ်သိန်းကျော်ကို ရန်ကုန်တိုင်း ဧရိယာ အတွင်းက စုစည်းထားတာလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ပုဒ်မ ၅၉ (စ) ကို ဖွဲ့စည်းပုံထဲကနေ ပယ်ဖျက် မပေးဖို့၊ ဆက်ထားဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲကြီးတစ်ခု ရန်ကုန် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကိုယ်တိုင် တက်ပါတယ်။ တက်ချင်တဲ့လူတွေကို ကားနဲ့ ကြိုပေးတာလည်း လုပ်ပါတယ်။ ပွဲမလုပ်ခင်တုန်းကလည်း ရှေ့ပိုင်းရက်တွေကတည်းက ကြိုတင် စည်းရုံးတာတွေ လုပ်ပါတယ်။ ဒါပေမယ့် တကယ်ပွဲလည်း လုပ်ရော လူပေါင်း ၁၀၀၀ တောင် မပြည့်ပါဘူး။ အလွန်နည်းပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ဆက်ထားဖို့ တောင်းဆိုထားတဲ့ ရန်ကုန်တိုင်းက လူပေါင်း တစ်သိန်းကျော် ဘာကြောင့် ဒီ ပွဲကို တက်တက်ကြွကြွ လာမတက်ရသလဲ စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ ပြောရရင် အဲဒီ လက်မှတ် တစ်သိန်း ဆိုတာဟာ အလိမ်အညာ တစ်ခု ဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ရင်လည်း သိနိုင်ပါတယ်။

အရင်က သာဓက

တကယ်တော့ အခု ပြည်ခိုင်ဖြိုး တဖြစ်လဲ အရင် စစ်အာဏာရှင်တွေနဲ့ တာဝန်ရှိသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မသမာနည်းမျိုးစုံသုံး၊ ကိန်းဂဏန်း အမျိုးမျိုးထုတ် လုပ်ခဲ့ဖူးခဲ့ပါပြီ။ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ် နှစ်ပေါင်း ၅၀ ကျော် ဒီအတိုင်း လုပ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ အခု ပြည်ခိုင်ဖြိုး စီအီးစီ ဆိုသူတစ်ယောက်က လုပ်တာ၊ အဲဒါကို ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်က လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံသုံးသပ်ရေး ကော်မတီက အချက်အလက်တွေ မခိုင်လုံမှန်း သိရက်နဲ့ လက်ခံလိုက်တာဟာ အဲဒီတုန်းက လုပ်ခဲ့တဲ့ အပြုအမူ အမူအကျင့်တွေအတိုင်းပဲလို့ သုံးသပ်ရပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုး အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ်စေ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုဖြစ်စေ ဘယ်လိုမသမာမှုတွေ လုပ်မယ် ဆိုတာကို ကနဦး ထုတ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကို မစစ်မဆေး ဆက်ပြီး မှတ်တမ်းတင်လိုက်တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုလွှတ်တော်ဟာလည်း အလားတူ အမူအကျင့်မျိုးကို လက်သင့်ခံလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်လို့သာ သူရဦးရွှေမန်းခေါင်းဆောင်နေတဲ့ လွှတ်တော်ဟာ ဒီ လိုစွတ်စွဲတာ မဟုတ်မမှန်ပါဘူး၊ ဒီ သဘောထား မရှိပါဘူးလို့ ပြသ ချင်ရင် အဲဒီ လက်မှတ် တစ်သိန်းကျော် ဟာ အစစ်အမှန်တွေ ဟုတ်မဟုတ်၊ တကယ်ပဲ ဖွဲ့စည်းပုံထဲက အဲဒီ အချက်တွေကို ပြင်ဆင်ချင်တဲ့ ဆန္ဒနဲ့ ရေးထိုးပေးခဲ့တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးသင့်ပါတယ်။ မမှန်ကန်ဘူးဆိုတာ ပေါ်ထွက်ခဲ့ရင် လွှတ်တော် ပူးပေါင်းကော်မတီကိုလည်း ပြစ်တင်ရှုတ်ချတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လွှတ်တော်ဆိုတာ အရင် စစ်အာဏာရှင်တွေ လုပ်ရပ်အတိုင်း အလိမ်အညာတွေ လက်ခံတဲ့ လွှတ်တော်၊ ဖွဲ့စည်းပုံ သုံးသပ်ရေး ကော်မတီ ဆိုတာဟာလည်း အလိမ်အညာတွေ ပူးပေါင်း လုပ်ကိုင်တဲ့ ကော်မတီအဖြစ် သတ်မှတ်ဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ မွန်းတည့်နေဂျာနယ်၊ ၇-၂-၁၄။

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းဒေသခံများအတွက် အကျိုးမဖြစ်ထွန်းဟု သူရဦးရွှေမန်းဆို



နေပြည်တော်၊ ဖေဖော်ဝါရီ ၆

တောင်သူလယ်သမားများထံမှ လယ်ယာမြေဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည်ဟု စွပ်စွဲခံနေရသော ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသ များရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းခြင်း မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ဒီလမ်းက ကားမောင်းနိုင်၊ သုံးနိုင်တဲ့ သူတွေအတွက်ပဲ အကျိုးရှိတယ်။ လမ်းဘေးဝဲယာက ဒေသခံတွေအတွက် အများကြီး ဒုက္ခရောက်ကြရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အမြန်လမ်း တစ်လျှောက်တွင် နေထိုင်သော ကျေးရွာ များရှိ ဒေသခံများသည် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ကိစ္စများအတွက် အမြန်လမ်းကို အသုံးပြုပါက တရားစွဲဆိုခံရခြင်း၊ ဒဏ်ရိုက်ခံရခြင်းများ ရှိနေသောကြောင့် ယင်းစီမံကိန်းသည် ဒေသခံများအတွက် အကျိုးမရှိသည့်အပြင် ဒုက္ခပါ ခံစားနေရကြောင်း သူရဦးရွှေမန်းက ဆိုသည်။

နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းကြောင့် ဒေသခံများ ဒုက္ခရောက်နေသည့်အတွက် လွှတ်တော်က သုံးစွဲခွင့်ပြုထားသော အသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကို အဆိုပါ ဒေသများတွင် လမ်းဖောက်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ စီမံကိန်းသည် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု မရှိကြောင်းကို ဇန်နဝါရီလ ၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ငွေကျပ် သိန်းတစ်ထောင် သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြစဉ် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

သူရဦးရွှေမန်းသည် အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော် စီမံကိန်းကို တည်ဆောက်ခဲ့သော တပ်မတော်အစိုးရ လက်ထက်တွင် တပ်မတော်တွင် တတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ နေပြည်တော် စီမံကိန်းကို ၂၀၀၂-၂၀၁၃ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်ကြောင်း တပ်မတော်အစိုးရက ကြေညာခဲ့သည်။

The Voice Weekly


ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း


ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေးမူဝါဒများ တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန (၅) ဝန်ကြီး ဦးတင်နိုင်သိန်း၏ ရုံးခန်းတွင် ဦးတင်နိုင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းတို့ သုံးဦး တွေ့ဆုံခဲ့ကြကြောင်း ၎င်းကဆိုသည်။

အစိုးရသစ် လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲရေးတွင် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် ပညာရေး သုတေသန ပညာရှင်များနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ ပူးပေါင်းရေး အတွက် တွေ့ဆုံကြခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
“အတည်ပြုမှာက ဥပဒေ တစ်ခုတည်း။ ဆွဲနေတဲ့အဖွဲ့က သုံးဖွဲ့။ နောက်ဆုံးတော့ အချိန်လည်းကုန်တယ်။ လူလည်း ပင်ပန်းတယ်။ ငွေလည်းကုန်တယ်” ဟု လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင် လုပ်သက် ဆယ်နှစ်ကျော်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

လက်ရှိတွင် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER)၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော် သမ္မတရုံး ဦးဆောင်သော လက်တွေ့ကျသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) အတွက် ပညာရေး မူဝါဒများ သီးသန့်ရေးဆွဲလျက် ရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

NLD ဦးဆောင်သည့် NNER က အရပ်ဘက် ကိုယ်စားလှယ်များဖြင့် ရေးဆွဲခြင်း ဖြစ်ပြီး တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဦးစားပေး ရေးဆွဲထားခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော် ပညာမြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဦးဆောင်သည့် ကော်မတီတို့ကမူ ယင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းနေရသော အနေအထား ရှိနေသည်။

The Voice Weekly

မလေးတွင် ပစ်ခတ်ခံခဲ့ရမှု ရခိုင်ခေါင်းဆောင်များ သတင်းစာရှင်းလင်း




မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းမှာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင် တို့အဖွဲ့ စီးလာတဲ့ကားကို သေနတ်နဲ့ လိုက်လံပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ အကြမ်းဖက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင် ဓမ္မာရုံမှာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေက ဒီနေ့မနက်ပိုင်း သတင်စားရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မလေးရှားစံတော်ချိန် ည ၁၁ နာရီခွဲ လောက်မှာ ဆိုင်ကယ်နဲ့ လူ ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်ပါလာသူတွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ကားမှာတော့ ကျဉ်ဆန် ၃ ချက်ထိမှန်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ

မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ် အနာကြီးရောဂါရှင် ငါးရာခန့်ပေါ်ထွက်ဟုဆို



မန္တလေးတိုင်းဒေသကြီးအတွင်း အနာကြီးရောဂါရှင်  တစ်နှစ်လျှင် ငါးရာဦးခန့်  ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ အထူးအရေပြားရောဂါကုဌာနနှင့် မတ္တရာမြို့နယ်အတွင်းရှိ ရေနံ့သာ အနာကြီးဆေးရုံမှ တစ်နှစ်လျှင် အနာကြီးရောဂါသည်အသစ် ပျမ်းမျှ တစ်ရာဝန်းကျင်နှင့်  ငါးဆယ်ဝန်းကျင်ခန့် အသီးသီးရှိနေပြီး  တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့နယ်ပေါင်း ၃၁ မြို့ နယ်တွင်  ရောဂါရှင်ပေါင်း နှစ်စဉ် ပျမ်းမျှ ၃၅၀ ဦး ခန့် ထွက်ပေါ်နေ၍ စုစုပေါင်း လူနာငါးရာခန့်အထိ ရှိနေကြောင်း  မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာန လက်အောက်တွင် ဇုန်များအလိုက် ဖွဲ့စည်းထားသည့် တိုက်ဖျက်ရေးအဖွဲ့ခြောက်ဖွဲ့မှ မြို့နယ်များ၊ ကျေးရွာများထဲသို့ အနာကြီးရောဂါရှိသူလူနာအသစ်များအား ကွင်းဆင်းရှာဖွေမှုများ ပြုလုပ်ပေးနေပြီး လူနာများကိုယ်တိုင်ကလည်း ပင်ကိုကျန်းမာရေးအသိစိတ်ဖြင့် ဌာနတွင်းသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်လာကြသည်ဟုဆိုသည်။

ယင်းသို့ စစ်ဆေးရာမှတစ်ဆင့် မိမိကိုယ်မိမိ အနာကြီးရောဂါဖြစ်ပွားနေသည်ကို သိရှိသွားကြသူများလည်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ထူးကပြောသည်။ ယင်းကဲ့သို့ နှစ်စဉ် စစ်ဆေးရာမှ ထွက်ပေါ်လာသည့် အချက်အလက်များအရ တစ်နှစ်လျှင် ပျမ်းမျှ လူနာသစ် ငါးရာခန့် ထွက်ရှိနေသည်ဟု    ဒေါက်တာမောင်မောင်ထူးကပြောသည်။

““ဌာနအနေနဲ့ ကျန်းမာရေးပညာပေးပွဲတွေ ရွာလုံးကျွတ်ရောဂါစစ်ဆေးပေးတာတွေ လုပ်ပေးတယ်။  ဒါပေမဲ့  သူတို့ကိုယ်တိုင်ကိုက သူတို့မှာရောဂါရှိနေတယ်ဆိုပြီး မရှက်မကြောက်လာပြကြတာပိုများတယ်””ဟု ဒေါက်တာ မောင်မောင်ထူးကပြောသည်။

နှစ်စဉ်ထွက်ပေါ်နေသည့် လူနာအသစ် ငါးရာအနက် သုံးပုံ နှစ်ပုံမှာ အမျိုးသားများဖြစ်ပြီး အသက်(၂၀)နှစ်ထက်ကြီးသူ အများစု ပါဝင်သည်။ ရောဂါဖြစ်ပွားသူများသောက်သုံးရမည့် ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှတစ်ဆင့် ဂျပန်နိုင်ငံအခြေစိုက် ဆာဆာကာဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း ယင်းဌာနမှ သတင်းရရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ် အနာကြီးရောဂါသည်  သုံးထောင်ကျော် ထွက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အများဆုံး ထွက်ပေါ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာမောင်မောင်ထူးက ပြောကြားသည်။

Author:  အေးမွန်ရာပြည့်
7day Daily


မန္တလေးတွင် ညသန်းခေါင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်




အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားလေ့ရှိသော မန္တလေးမြို့တော်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်က ဆိုင်ကယ်လေးစီးနှင့် လူရှစ်ဦးက ဆိုင်ကယ် စီးနင်းလာသည့် လူနှစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းရိုက်ကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လုယက်ခံရသူ စိန်လုံ တောင်တန်းကုမ္ပဏီ ကားမောင်းနှင်သူ ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ယင်းနေ့ ည ၁၂ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် သိပ္ပံလမ်းနှင့် ၅၈ လမ်းအနီးတွင် အဆိုပါ လူတစ်စုသည် ဆိုင်ကယ်များ ပိတ်ရပ်ကာ စကားမပြောဘဲ ရိုက်နှက် ထိုးကြိတ်ကြပြီး အိတ်ထဲတွင် ပါသော ကုမ္ပဏီငွေ တစ်သိန်းကျပ်နှင့် ကိုယ်ပိုင်ငွေ တစ်သိန်းကျပ်ခန့်ကို လုယူသွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ကျွန်တော်တို့လည်း သူတို့တွေကို မသိဘူး၊ ဘာရန်ငြိုးမှလည်း မရှိဘူး။ ကျွန်တော်တို့ နှစ်ယောက် ရုံးကနေပြန်ပြီး အောင်ပင်လယ်က အစ်ကို့အိမ် ခဏဝင်ပြီး ည ၁၂ နာရီ ဝန်းကျင်လောက်မှာ ပြန်ကြတာ။ ၅၈ လမ်းလောက်မှာမှ ကျွန်တော်တို့ ဆိုင်ကယ်ကို နောက်ကနေ သူတို့အဖွဲ့က ဆိုင်ကယ်နဲ့ ဝင်တိုက်မယ် လုပ်လို့၊ လမ်းဘေး ကပ်ပေးလိုက်တယ်။ ပြီးတော့ သူတို့တွေက အရှေ့ကနေ လမ်းပိတ်ရပ်ကြတော့ ကျွန်တော်တို့ ဆိုင်ကယ်လည်း ရပ်ပေးလိုက်ရော သူတို့တွေက ဘာမှမပြောဘဲ ကျွန်တော်တို့ နှစ်ယောက်ကို ဝင်ရိုက်တယ်။ ပြီးတော့ပါတဲ့ ပိုက်ဆံတွေကိုလည်း လုယူ သွားကြတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရိုက်နှက် လုယက် ခံရမှုကြောင့် ဦးအောင်ဆန်းဝင်းသည် မျက်ခုံး ပေါက်ပြဲ၊ မျက်လုံး ရောင်ရမ်းခြင်းများ ဖြစ်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း အတူပါလာသူမှာလည်း မျက်နှာ ဖူးရောင် ဒဏ်ရာရခဲ့ကြောင်း စိန်လုံတောင်တန်း ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ ဖြစ်ဖြစ်ချင်း ညမှာပဲ အောင်ပင်လယ် ရဲစခန်းကို အကြောင်းကြားထားတယ်။ ဖြစ်စဉ်ကို တင်ပြထားပါတယ်။ အမှုတော့ မဖွင့်ထားပါဘူး” ဟု အဆိုပါ ရိုက်နှက် လုယက် ခံခဲ့ရသူ တစ်ဦးဖြစ်သူ ဦးသက်နိုင်ဝင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့စခန်းထံသို့ လာရောက် အကြောင်း ကြားထားပြီး အမှုမဖွင့်ထားသော်လည်း စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပြည်ကြီးတံခွန်မြို့နယ် အောင်ပင်လယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

လားရှိုးတွင်သေနတ်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာများနှင့်လူသေ အလောင်းတွေ့ရှိ




ရှမ်းပြည် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊ တရုတ်နတ်စင်အ၀င် လမ်းဆုံတွင်ဒါဏ်ရာများဖြင့် သေဆုံးနေသော အလောင်းတစ်လောင်း တွေ့ရှိကြောင်းဖေဖော်ဝါရီ(၆)ရက် နံနက် ၇ နာရီအချိန် ဆယ်အိမ်စု မှူးတစ်ဦး၏ ဖုန်းဆက်သတင်း ပေးမှုအရ သိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊ တရုတ်နတ်စင်အ၀င် လမ်းဆုံတွင် ယင်းနေ့နံနက် (၂) နာရီခန့်က ကားသံနှင့်ဆိုင်ကယ် သံ၊ ခွေးဟောင်သံများကြားခဲ့ရ ကြောင်း၊နံနက်(၆း၃၀)ချိန်ခန့်တွင် လမ်းသွားသူအချို့မှ သတင်းပေး ပို့မှုကြောင့် ဆယ်အိမ်စုမှူး ဦးရန် နိုင်က သွားရောက်ကြည့်ရှုရာ ပက်လက်အနေထား၊ နှာခေါင်း နှင့် ဦးခေါင်းနောက်ဖက်မှ သွေး ကွက်ဒါဏ်ရာများဖြင့် သေဆုံးနေ သော တရုတ်လူငယ်တစ်ဦးကို တွေ့ရှိရသဖြင့် နယ်မြေရဲကင်းသို့ သတင်းပို့ခဲ့သည်ဟု ဆယ်အိမ်စု မှူးက ပြောကြားခဲ့သည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မအားစောက် ရက(၅)၊ နမ(၂၀)၊ အိမ်အမှတ်(၁၂၂)နေသူက ပြော ကြားရာတွင် ““ကျွန်မယောက်ျား မနေ့ည (၇) နာရီခန့်က လက်ဗို (၁၁၀) အနက်ရောင်ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားတယ်။ ည (၁၀)နာရီလောက်ဖုန်းဆက်ကြည့် တော့ စတားလိုက် ကာရာအိုကေ ဆိုင်မှာရှိနေတယ်လို့ ဖုန်းအဆက် သွယ်ရရှိခဲ့ပြီး ဒီနေ့နံနက်(၁) နာရီ လောက် ထပ်ဖုန်းဆက်တော့ (နောက်မှပြန်ဆက်ပါ)လို့ စာတို ပြန်ပို့ခဲ့တယ်။ ဒီနေ့ နံနက် (၇) နာရီကျော်မှ တခြားလူတွေ ပြော စကားအရ လာကြည့်တာ ကျွန်မ ယောက်ျား ကိုဝင်းနိုင်(ခ)ကျုံးရင် ဟိုက်(၂၄)နှစ်၊ (ဘ) ဦးတက်စိန်း သေဆုံးနေတာကို တွေ့ရတာ””ဟု
ပြောပြခဲ့သည်။

အနီးဝန်းကျင်မှ လူတစ်ဦးက ““ဘယ်ရင်အုံတွင် တွေ့ရသော အင်္ကျီ(၃)ထပ်ပေါ်မှ အပေါက်ငယ်၊ ရင်အုံပေါ်ကသွေး ထွက်နေတဲ့ အပေါက်ငယ်နှင့် နောက်ကျောမှ အပေါက်ငယ်၊ နောက်ကျောအင်္ကျီတို့မှအပေါက် ငယ်တို့တွေဟာသေနတ်သေးသေး ရဲ့ ဒါဏ်ရာလို့ ယူဆရတာပဲ။ ဦးခေါင်းနောက်စေ့မှလည်း သွေး နည်းနည်းထွက်ပြီး ဦးခွံကြေနေ တာကိုကြည့်ရင် အရိုက်ခံရတဲ့ပုံစံ ပဲလေ””ဟု ၎င်းက သုံးသပ်ပြော သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ လားရှိုးမြို့မရဲစခန်းတွင် (ပ) ၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

ထက်အောင်ကျော်(ရှမ်း/မြောက်)
Hot News Journal

အိပ်ရေးဝအောင် အိပ်လိုက်ပါ



ညအိပ်ရေးပျက်များတဲ့သူဟာ ဒေါသဖြစ်လွယ်တယ်
စိတ်ဓာတ်ကျလွယ်တယ်လို့ သိပ္ပံနည်းပညာအရ
သိရှိထားတာလေးက မှန်တယ်လို့ယူစရမယ်။
အိပ်ရေးပျက်တော့ စိတ်မကြည်လင်ဘူး
စိတ်မကြည်လင်တော့ စိတ်အနှောက်မခံချင်ဘူး
ဘာမဟုတ်တဲ့ ကိစ္စလေးကိုလည်း သည်းမခံနိုင်ဘူး။

မြတ်ဗုဒ္ဓပြောတဲ့ ဒေါသဖြစ်လွယ်တဲ့အချိန်ထဲမှာ အိပ်ရာထ ခါစလည်းပါတယ်၊
အိပ်ရာထခါစ အချိန်ဆိုတာ တနည်းအားဖြင့် အိပ်ရေးမဝတဲ့ အချိန် (သို့) မဝတဝ ဖြစ်နေတဲ့အချိန်လည်းပါတယ်။
ထခါစမှာဆိုတော့ စိတ်ကမကြည်လင်သေးဘူး၊
မဝတဝချိန် - အိပ်ရေးပျက်ချိန်ဆိုတော့ ပိုဆိုးနိုင်တယ်။
ဒါကြောင့်လည်း ထစ်ခနဲ့ဆို ဒေါသ ထွက်တတ်တယ်။

နောက်တစ်ခုက စိတ်မကြည်လင်တော့
Positive Thinking ထက် Negative Thinking တွေပိုဝင်တတ်တယ်။
ဒီလို အိပ်ရေးပျက်တာများတော့ Negative Thinking က ပိုပိုများလာတတ်ပြီး
ကိုယ့်အပေါ်ကိုယ် မကျေနပ်တဲ့ စိတ်တွေ၊
အတိုင်းအဝိုင်းပေါ် မကျေနပ်တဲ့ စိတ်တွေ၊
လောကကြီးအပေါ် မကျေနပ်တဲ့ စိတ်တွေ၊
တစ်နေ့ထက် တစ်နေ့ မသိမတာနဲ့
ပိုပို များလာတတ်တယ်။

နောက်ဆုံး စိတ်ဓာတ်ကျ ရောဂါလို ဖြစ်လာတယ်။
ဒါကြောင့် စိတ်ဓာတ်မကျလွယ်ဖို့ ဒေါသမဖြစ်လွယ်ဖို့ ဆိုတာလည်း
အိပ်ရေးဝဖို့လိုတယ်။

နောက်မြတ်ဗုဒ္ဓဟောထားတဲ့အတိုင်း ချမ်းသာလိုရင်
ပထမ ဦးဆုံးအနေနဲ့က ကျန်းမာရေးကောင်းအောင်နေရမယ်ဆိုတဲ့အချက်ကလည်း
အင်မတန်မှ မှန်ကန်တယ်၊
အဲ့ဒီ ကျန်းမာရေးဆိုတာ အိပ်ရေးဝဖို့လည်းပါတယ်။
အိပ်ရေးပျက်များရင် ဒေါသဖြစ်လွယ်မယ်၊
Negative Thinking ပိုများမယ်
စီးပွါးရေး လူမူရေးကို ထိခိုက်နှစ်နာစေမယ်။
ကျန်းမားရေးကိုလည်း ထိခိုက်စေမယ်
ရှာသမျှလည်း ဆေးဖိုးနဲ့ ပြန်ကုန်နိုင်တယ်။
ဒါကြောင့် ချမ်းသာရာ မရောက်ပဲ ဆင်းရဲရာရောက်နိုင်တယ်။

အမှန်တကယ် ချမ်းသာ ကျန်းမာသူဖြစ်ဖို့လည်းလိုတယ်၊
ဖြစ်ဖို့လည်း မြတ်ဗုဒ္ဓက ပေးတဲ့နည်းလမ်းလေးကို
ဘက်စုံရှူ့ထောင့်ကနေ မြင်တတ် ကြည့်တတ်အောင်ကြိုးစားပြီး
အလယ်အလတ် လမ်းစဉ်ကို ရွေးချယ်နိုင်ဖို့လည်း ကြိုးစားရမယ်။

ဒါကြောင့် အိပ်ရေးပျက်တာများသူကို သည်းခံပေးဖို့
အကြံဉာဏ်ပေးဖို့ သတိပေးဖို့၊ ဒီစာကို မေတ္တာနဲ့ D-eXistence မှ ရေးသားပြုစု တင်ပြလိုက်ပါတယ်။

တဆက်ထဲမှာ ဓမ္မစာပေလာအရ ဒေါသဖြစ်လွယ်တဲ့ အချိန်နဲ့ ချမ်းသာစေသော အကြောင်းတရားကိုလည်း တင်ပြအပ်ပါသည်။

"ဒေါသဖြစ်လွယ်သည့်အခါ ၆ ပါး"
***********

၁။ ခရီးသွားရာမှ ပြန်လာသော အခိုက်
၂။ ထမင်းစားခါစ အခိုက်
၃။ အိပ်ယာထစ အခိုက်
၎။ ဆာလောင် မွတ်သိပ်နေသော အခိုက်
၅။ ဝေဒနာခံနေရသော အခိုက်
၆။ စိတ်တွင် အငြိုးဖြစ်နေသော အခိုက် (၀ါ) စိတ်တိုနေခိုက်

(သုခမှတ်စု မှ)

Credit To : အနှိုင်းမဲ့စာတိုပေစများ

6 Situations Which Can Make You Angry So Easily
***********************

1. When you just arrived from Journey or Outside.
2. When you are eating.
3. When you just woke up.
4. When you are very hungry.
5. When you are in pain or suffering.
6. When you are upset about something.

ချမ်းသာစေသော တရား (၆) ပါး
****************

(၁) ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ်။
(ကျန်းမာရေး ကောင်းရမယ်။)

(၂) ကိုယ်ကျင့်သီလကိုလည်း အလိုရှိရမယ်။
(ကိုယ်ကျင့်တရား ကောင်းရမယ်။)

(၃) ပညာရှိတို့ရဲ့ ဩဝါဒတရားကို အလိုရှိရမယ်။
(နာခံမှတ်သားရမယ်။)

(၄) အမြင်အကြားကိုလည်း အလိုရှိရမယ်။
(ဆည်းပူးရှာဖွေရမယ်။)

(၅) သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ်။
(ကုသိုလ်အမြဲပြုနေရမယ်။)

(၆) မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ်။
(မပျင်းရိရဘူး။)

( မြတ်ဗုဒ္ဓ )

the eXistence မှ မှတ်သားထိုက်သည့် စကားအလင်္ကာ - စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာမျက်နှာ (၁၃)

6 Things To Follow To Be Rich
***************

1. You should try to be Healthy.
2. You should try to keep good morals.
(eg. Trust, play main role in Business if you cannot be trust no one would want to do business with you.)
3. You should listen and follow the wise person advice.
4. You should try to keep yourself updated to the new world and try to learn new things by always opening your eyes and listening always.
5. You should do good things or do merit or help others.
6. You should not be lazy.

( Buddha )

Translated by : D-eXistence ( မှ ဘာသာပြန်ပူဇော်သည်။ )

အောက်ပါ Link တွင်လည်း ဝင်ရောက်ဖတ်ရှူ့နိုင်ပါသည်။
World Of Wisdom

(03) Valentine's Day မှာ မိမိ ချစ်သူ ကို ပေးဖို့ $$ လည်း မကုန်တဲ့ အကောင်းဆုံး လက်ဆောင် .... ( For Android )



Valentine's Day နီးလာတာနဲ့ အမျှ .... ကျွန်တော်တို့တော်တော်များများ ကို့ချစ်သူ ကောင်လေး / ကောင်မလေး ကို ဘာလက်ဆောင် ပေးမလဲ ဆိုတဲ့ မေးခွန်းက အမြဲတမ်း ခေါင်းစားစေပါတယ် ... ။ မနှစ်ကနဲ့မတူတဲ့ လက်ဆောင် ဘာပေးမလဲပေါ့ ... ။ အံသြ လောက်အောင် ကောင်းတဲ့ လက်ဆောင်လည်း ဖြစ်ရမယ် ... ။ ငွေကုန်ကြေးကျလည်း သိပ်မများဘူး ဆိုရင် .. အဲ့လက်ဆောင် ကို သူ့ ကို ပေးဖြစ်မှာလားးးး ဆိုတာ စဉ်းစားစရာပါ ... ။

အဲ့တော့ .. အားလုံးအတွက် အဆင်ပြေအောင် .. Software တစ်ခု တွေ့လို့ Share လိုက်ပါတယ် ... ။

နှစ်ယောက် အတူတူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ၊ အမှတ်တရ တွေ အတွက် ... ဖုန်းထဲမှာတင် .. သီချင်း လေး တစ်ပုဒ် လုပ် ၊ ကို့ စိတ်ကြိုက် effect တွေ အမျိုးမျိုး ထည့်ပြီး အမှတ်တရလေး ဖြစ်သွားအောင် လုပ်ပေးရအောင် ... ။ ( အဲ့လို လုပ်ဖို့ အတွက် Software တွေ အမျိုးမျိုး ရှိတဲ့ အထဲက မှ ဒီ Software လေးက လွယ်လည်း လွယ် ပိုလည်း အဆင်ပြေသလားလို့ပါ )

မိမိ စိတ်ကြိုက် ဓာတ်ပုံများ ရွှေးခြယ် ထည့်နိုင်ခြင်း ၊ မိမိ စိတ်ကြိုက် Template Design များ ၊ effect များ ရွေးချယ် ထည့်နိုင်ခြင်းး ၊ မိမိ စိတ်ကြိုက် သီချင်း ရွေးချယ် ထည့်နိုင်ခြင်း ၊ အလွယ်တကူ ပြန်သိမ်းလို့ရခြင်း နဲ့ တစ်ခြားသော features များစွာလည်း ပါဝင်တာကြောင့် .. အခုပဲ ဒေါင်းလုပ်ဆွဲပြီး Video File တစ်ခု Create လုပ်လိုက်ပါ ... ။

မိမိ Create လုပ်ထားတဲ့ Video file ကို gallery ထဲကို mp4 file အနေနဲ့ Export လုပ်ပေးတာကြောင့် .. မိမိ ချစ်သူ ကို Bluetooth , Zapya အစ ရှိတဲ့ file sharing system အမျိုးမျိုးနဲ့ ပြန် Share ပေးလို့ လည်း လွယ်ကူပါတယ် ... ။

မိမိ စိတ်ကြိုက် ဓာတ်ပုံတွေ အပြင် Video File တွေကိုပါ စိတ်ကြိုက် တည်းဖြတ်လို့ ရနိုင်ပါသေးတယ် .... ။

ကဲ .. အဲ့ဒါဆို ..... အမြဲတမ်း အတွက် အမှတ်တရလည်း ဖြစ် ၊ သူ့အကြိုက်ဆုံး သီချင်းလေး တစ်ပုဒ်နဲ့ ..... ချစ်သူ နှစ်ယောက် ရဲ့အမှတ်တရ ဓာတ်ပုံတွေ ပေါင်းစည်းထားတဲ့ လက်ဆောင်လေး နဲ့ .... $$ လည်း မကုန်ပဲ .. အကောင်းဆုံး ဖြည့်ဆည်းပေးလိုက်ရအောင် .... ။

http://www.mediafire.com/download/evz84xd3qokj0oj/VivaVideo%28photo+slide+show+by+todays+technology%29.rar

ဒေါင်းပီး ဖုန်းထဲကို Install လုပ်လိုက်ပါ ... ။

Htet Zaw

(Valentine's Day မှာ ချစ်သူတိုင်း ပျော်ရွှင်နိုင်ကြပါစေ ... ။ )
Myawady News


ငပလီမှာ အေးအေးလူလူ အပန်းဖြေကြမယ်


ငပလီမှာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် အဓိက ဦးတည်တဲ့ Hotel Zone နဲ့ ပြည်တွင်း ခရီးသွားတွေအတွက် ဈေးနှုန်း သင့်တင့်တဲ့ Local Zone ဆိုပြီး ၂ မျိုး ရှိပါတယ်။ (ဓာတ်ပုံ- မြတ်စုမွန်/ဧရာဝတီ)
လှိုင်းတွေ တဖွေးဖွေးနဲ့ ကမ်းခြေတွေဆီကို အပန်းဖြေ ထွက်ချင်သူတွေအတွက် အခုလိုအချိန်မျိုးဟာ အသင့် လျော်ဆုံးနဲ့ အဆင်အပြေဆုံး ရာသီဥတုပဲလို့ ပြောရမှာပါ။ သွားဖို့သင့်လျော်တဲ့ ရာသီဥတုကို ရွေးပြီးပြီ ဆိုရင် ဘယ်ကမ်းခြေကို သွားကြမလဲဆိုတာကလည်း ထပ်စဉ်းစားရဦးမယ်။ ဘင်္ဂလားပင်လယ်နဲ့ ကပ္ပလီပင်လယ်တို့ က အနားသတ်ထားတဲ့ မြန်မာပြည်မှာ သဘာဝက ပေးထားတဲ့ ကမ်းခြေတွေ သိပ်များတော့ ရွေးချယ်စရာတွေ ကလည်း များပါတယ်။ ဧရာဝတီတိုင်းမှာ ငွေဆောင်၊ ချောင်းသာ၊ တနင်္သာရီတိုင်းထဲမှာ မောင်း မကန်၊ မွန် ပြည်နယ်မှာ စက်စဲနဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ကမ်းသာယာ၊ ငပလီတို့ကတော့ လူသိများပြီး နာမည်ကျော်ကြား တဲ့ ကမ်းခြေတွေပေါ့။

အဲဒီထဲမှာ ရန်ကုန်ကနေ သွားရ၊ လာရ လွယ်ကူပြီး အချိန်တိုတိုနဲ့ ရောက်နိုင်တဲ့ ဧရာဝတီတိုင်းက ကမ်းခြေ ၂ ခုကို အများစုက ရွေးချယ်လေ့ ရှိပါ တယ်။ အပန်းဖြေခရီးထွက်ဖို့ ဝါသနာပါလှတဲ့သူတွေ အတွက် ချောင်းသာနဲ့ ငွေဆောင် တခုခုကိုတော့ ရွေးချယ်ဖူးမှာ သေချာပါတယ်။ ဧရာဝတီတိုင်းထဲက ကမ်းခြေတွေကို သွားလည်ဖူး ပြီးပြီ၊ ဒီတခါတော့ မြန်မာပြည် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကမ်းခြေ တခုခုကို ရွေးချယ်ချင်တယ်လို့ စိတ်ကူး ပေါ်နေသူတွေအတွက် ငပလီကမ်းခြေကို လမ်းညွှန်လိုက်ပါရစေ။

လမ်းပန်း ဆက်သွယ်ရေး ဝေးလွန်းမယ်ထင်လို့ ဒါမှမဟုတ် ငွေကုန်ကြေးကျ သိပ်များလွန်းမယ်ထင်လို့ ပြည်တွင်းခရီးသွား တော်တော်များများက ငပလီ ခရီးစဉ်ကို ရွေးချယ်ဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ တကယ် တော့ ဒီနေ့ညနေ ကားကိုစီးရင် နောက်နေ့ နံနက်မိုးမလင်းခင်မှာပဲ ငပလီနဲ့ ၄ မိုင် ၃ ဖာလုံပဲ ဝေးတဲ့ သံတွဲမြို့ကို ရောက်ပါပြီ။ သံတွဲမြို့ကနေ တဆင့် ငပလီကို သုံးဘီးတက္ကစီနဲ့ဖြစ်စေ၊ ဆိုင်ကယ် ကယ်ရီနဲ့ဖြစ်စေ ခရီးဆက် ရမှာ ဖြစ်ပါတယ်။ ၁၀ မိနစ်လောက် မောင်းရင် ငပလီကိုရောက်ပါပြီ။

တချို့က ငပလီကို ဒီလိုအဓိပ္ပာယ်ဖွင့်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ အချိန်ကာလတုန်းက ငပလီဖြစ် လာမယ့်နေရာကို အီတလီလူမျိုးတယောက် ရောက်ရှိလာပါသတဲ့။ အဲဒီချိန်မှာ အီတလီက နေပယ်လ်ကမ်းခြေ နဲ့ တူနေတဲ့အတွက် နေပယ်လ်လို့ အမည်ပေးခဲ့ရာက ငပလီဖြစ်လာတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ၁၉၉၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒွါရာဝတီ မဂ္ဂဇင်းထဲမှာတော့ ဆောင်းပါးရှင် ပံသုဥက္ကာက သူ့ရဲ့ လေ့လာတွေ့ရှိချက်ကို ကျမ်းကိုးတွေနဲ့အတူ ဒီလိုဖော်ပြခဲ့ပါတယ်။

“သီရိဝိဇယ ဗိုလ်မင်းလက်ထက် (ကောဇာ သက္ကရာဇ် ၃၈ ခုနှစ်) တွင် ဒွါရာဝတီ သံတွဲမြို့၌ ပိုက်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြ သည်။ ပင်လယ်ကမ်းခြေတွင် ရေလုပ်သားများ ရွာတည်၍ နေထိုင်ကြ သည်။ ၎င်းပင်လယ်ကမ်းခြေတွင် “ငါးပါးနီ”ဟု ခေါ်သော ပါးနီနီနှင့် ငါးများ ပေါများလှသည်။ ငါးပါးနီများသည် အရသာကောင်းမွန်၏။လူကြိုက်များလှ၏။ ရခိုင်ပြည်အနှံ့သာမက အနောက်ပြည်ဖြစ်သော မောက်သူဇာ၊ စစ်တကောင်း၊ ပန်းဝါ၊ ဖလောင်းချိတ် စသည့် ဒေသများထိအောင်ပင် နာမည်ကြီး၍ လူကြိုက်များလှသည်။

“ယခု မျက်မှောက်ခေတ်မှာပင် ငါးပါးနီနှင့် ပတ်သက်၍ လုပ်သားသတင်းစာ၊ နောက် မြန်မာ့အလင်း သတင်းစာ များတွင် “ပင်လယ်ငါးများ အလို ရှိသည်” ဟူသော ကြော်ငြာကို တွေ့ရှိနိုင်သည်။ ထိုကြော်ငြာတွင် ငါးပါးနီ အပါ အဝင် ပင်လယ်ငါး အချို့ကို နိုင်ငံခြားသို့ တင်ပို့ရန် ဝယ်ယူနေကြောင်း ဖတ်ရှုရသည်။ ၎င်း ငါးပါးနီများသည် အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်လုပ်ငန်းအဖြစ် ဒွါရာဝတီ သံတွဲမြို့တွင် လုပ်ကိုင်နေကြကြောင်း သီရိဝိဇယ ဗိုလ်မင်း လက်ထက်မှာပင် တွေ့မြင်နိုင်သည်။ ထို ပါးနီနီနှင့် ငါးများကို ရခိုင်လို ဒွါရာဝတီ အသံထွက် အားဖြင့် ငပနီဟု ခေါ်ကြသည်။”

“ထိုငါးပါးနီထွက်ရှိရာ နေရာဒေသဖြစ်သည့် ပင်လယ်ကမ်းခြေရွာလေးကို “ငပနီရွာ”ဟု ခေါ်ကြသည်။ ထိုခေတ် အခါမှစ၍ ခေတ်အမျိုးမျိုးကို ကျော်ဖြတ်လာခဲ့သည်။ ကာလရှည်ကြာသောအခါ ငပနီမှ ငပလီ ဖြစ်လာခဲ့ကြောင်း သမိုင်းရာဇဝင်နှင့် မှတ်စုများ၊ သုတေသီများ၏ ရှာဖွေလေ့လာမှုတွင် တွေ့ရှိရ ပါသည်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ငပနီကနေ ဆင်းသက်လာတဲ့ ငပလီမှာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် အဓိက ဦးတည်တဲ့ Hotel Zone နဲ့ ပြည်တွင်း ခရီးသွားတွေအတွက် ဈေးနှုန်း သင့်တင့်တဲ့ Local Zone ဆိုပြီး ၂ မျိုး ရှိပါတယ်။ Hotel Zone မှာ တော့ နှစ်ယောက်ခန်း တခန်းကို အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၅၀ ဝန်း ကျင်နဲ့ အထက်မှာရှိပါတယ်။ Local Zone မှာ တော့ မြန်မာကျပ်ငွေ တသောင်းခွဲဝန်းကျင်လောက်နဲ့ နှစ်ယောက်ခန်းတခန်း ငှားရမ်းနိုင်ပါတယ်။ ဟိုတယ်ကြီးတွေလောက် ဝန်ဆောင်မှု မပြည့်စုံပေမယ့် ဈေးနှုန်းသင့်တင့်ပြီး အနီးဝန်းကျင်မှာ ပင်လယ်စာ အစုံ ရတဲ့ စားသောက်ဆိုင်ငယ်လေးတွေလည်းရှိတော့ ငပလီလမ်းဆုံမှာရှိတဲ့ Local Zone က အတိုင်း အတာတခု အထိ စိတ်ကျေနပ်မှုပေးနိုင်မှာပါ။

ငပလီကို လိုင်းကားနဲ့ သွားမယ်ဆိုရင် ကား ထွက်ချိန်နဲ့ ကားလက်မှတ်နှုန်းထားက ကားအမျိုးအစားပေါ် မူတည်ပြီး ကွာသေးတယ်။ ရိုးရိုးကားနဲ့ အဲယားကွန်း-လေအိတ်ကား ဆိုပြီး ခွဲခြားထားပါတယ်။ နောက်ပြီး ငပလီကိုရောက်ဖို့အတွက် လမ်းကြောင်း ၂ ခုရှိပါတယ်။ ကိုယ်ပိုင်ကားနဲ့ပဲ သွားသွား၊ လိုင်းကားနဲ့ပဲ သွားသွား ပြည်-ပန်းတောင်း-တောင် ကုတ်လမ်းက သွားမလား၊ ဒါမှမဟုတ် ဧရာဝတီတိုင်း ဘက်ကဖြတ်ရတဲ့ ရေကြည် – ငါးသိုင်းချောင်း – ဂွ တောင်ကြားလမ်းက ဖြတ်သွားမလား ဆိုတာ အရင် ဆုံး ရွေးချယ်ဖို့လိုပါတယ်။

ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင်တော့ ပတ်ဝန်းကျင် ရှုခင်းအလှအပတွေကို မြင်နိုင်ဖို့အတွက် နေ့ခင်းပိုင်းမှာ ခရီးနှင်နိုင်ပါတယ်။ ရခိုင်ရိုးမကို ဖြတ်သန်းရတဲ့ ပြည် – ပန်းတောင်း – တောင်ကုတ် လမ်းကို ရွေးချယ်မယ်ဆိုရင်တော့ မြင့်မားတဲ့ တောင်တန်းတွေကို တိမ်တွေ၊ မြူတွေ၊ နှင်းတွေနဲ့အတူ ကျော်ဖြတ်ရမယ်။ ရိုးမပေါ်က ဆောင်း ရဲ့ အငွေ့အသက်နဲ့ အလှအပကို ခံစားရပါမယ်။

တောင်ပေါ်ကိုရောက်ရင် ညောင်ကျိုးစခန်းမှာ ခဏနားရတယ်။ တောင်ခါးပန်းက ဖြတ်တိုက်လာတဲ့ အေးစက်စက် လေတိုးဒဏ်ကို အန်တုဖို့အတွက် အာပူရှာပူ အနံ့တထောင်းထောင်းထနေတဲ့ ရခိုင်မုန့်တီ ပူပူနွေးနွေးလေးကို လွေးလိုက်ရတဲ့အရသာက သင့်ရဲ့ ငပလီခရီးစဉ် အမှတ်တရတွေထဲက တခုဖြစ်လာပါ လိမ့်မယ်။ ရိုးမရဲ့ တဖက် တောင်ခြေရင်းမှာ ရခိုင်ပြည်နယ်ရဲ့ တံခါးပေါက်လို့ တင်စားကြတဲ့ တောင်ကုတ်မြို့ ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ကုန်း လမ်း ထွက်ပေါက်မြို့တမြို့ဖြစ်တဲ့ တောင်ကုတ်မြို့ကနေ သံတွဲကို နောက် ထပ် မိုင် ၄၀ ဆက်မောင်းရင် သံတွဲမြို့ကို ရောက်ပါပြီ။

အဲလိုမဟုတ်ဘဲ ဧရာဝတီတိုင်းကို ဖြတ်ပြီး ရေကြည်-ငါးသိုင်းချောင်း-ဂွ တောင်ကြားလမ်းကို ရွေးချယ်မယ်ဆိုရင် လမ်းခရီးပိုနီးပြီး၊ အချိန်မြန်မြန် နဲ့ ရောက်နိုင်တာက အားသာချက်ပါ။ အကွေ့ အကောက်ပိုများပြီး တောင်ကုတ် ရိုး ထက်နိမ့်တဲ့ တောင်တန်းတကြောကို ဖြတ်ပြီးရင် တဖက်ခြမ်းမှာ ဂွမြို့ကို ရောက်ပါမယ်။ ဂွမြို့ကနေ သံတွဲမြို့ ကို ရောက်ဖို့အတွက် နောက်ထက် မိုင် ၈၀ ဝန်းကျင် ထပ်ပြီး မောင်းနှင်ရဦးမယ်။

ဂွမြို့ကနေ သံတွဲကို မောင်းနှင်တဲ့ လမ်းမှာ ၁၉၉၀ နောက်ပိုင်းမှ ဖွင့်လှစ်ခဲ့ပြီး အခုချိန်မှာ ပျက်စီးယိုယွင်းစ ပြုနေတဲ့ ကမ်းသာယာစခန်းကို ဖြတ်သန်းရပါမယ်။ ပြီးတော့ ပင်လယ်ကမ်းနံဘေးက ရွာတန်းရှည်တွေကို ဖြတ် ရမယ်။ တခါတခါ အုန်း ပင်တွေကြားထဲကနေ ပင်လယ်ကြီးကို လှစ်ခနဲမြင်ရတဲ့ အရသာက သိပ်ကိုခံစားလို့ ကောင်းပါတယ်။

ကဲ … အခု ငပလီကို လက်တွေ့သွားကြည့် ရအောင်ပါ။ ဒီလမ်းညွှန်ကို ဖတ်ရင်း စိတ်ကူးလေးနဲ့ အတူ လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေ။

ပုံမှန်အားဖြင့်ဆိုရင်တော့ ရောင်နီမသမ်းသေးတဲ့ နံနက်အစောကြီးမှာ သံတွဲမြို့အဝင်ကို ကားရောက်ပါပြီ။ ဒါပေမယ့် မြို့ထဲကို ဝင်လို့မရသေးဘဲ နံနက် ၆ နာရီထိုးအောင် ကားရပ်ပြီး စောင့်ရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိအချိန်မှာ သံတွဲမြို့ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ကြောင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ထားခံရတဲ့ မြို့တမြို့ဖြစ်နေတဲ့အတွက်ပါ။ ဒီအချက်ကတော့ စိတ်အနှောင့် အယှက်ဖြစ်စရာ ကိစ္စတခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ညမထွက်ရအမိန့်ရှိတဲ့နေရာကို အပန်းဖြေ ခရီးထွက်လာမိတာ မှားပြီလို့ တွေးနေမိမှာစိုးလို့ ရှင်းပြပါရစေဦး။

ငပလီဟာ သံတွဲမြို့နဲ့ မိုင်အနည်းငယ်သာ ဝေးပေမယ့် ညမထွက်ရအမိန့် သက်ရောက်မှု မရှိဘဲ၊ လွတ်လပ်စွာ သွားလာလည်ပတ်လို့ ရပါတယ်။ ကြယ်တွေစုံလင်လှတဲ့ ကောင်းကင်အောက်မှာ မီးပုံပွဲလုပ်ရင်း ငပလီရဲ့ အရသာကို လွတ်လွတ်လပ်လပ် ခံစားနိုင်ပါတယ်။ ညနေ ၆ နာရီကျော်ရင် သံတွဲမြို့ထဲကို ဝင်လို့မရတော့ တာက လွဲရင် အေးအေးချမ်းချမ်းပါပဲ။ လက်ရှိအချိန်မှာ ပုဒ်မ ၁၄၄ ထုတ် ပြန်ချက် ရှိနေဆဲဖြစ်ပေမယ့် သံတွဲမြို့ပေါ်မှာလည်း အေးအေးချမ်းချမ်း ရောင်းဝယ်ဖောက်ကားနေတဲ့ အခြေအနေမျိုးမို့ မူလ ကြိုတွေး ထားသလောက် မဆိုးလှဘူးဆိုတာ မြင်နိုင်မှာပါ။

ငပလီကို ရောက်ရင် Local Zone မှာဆိုရင် အထင်ကရ ရေသူမ ရုပ်တုနဲ့ မောင်တော်ကျောက်၊ နှမတော် ကျောက်ဆိုတဲ့ သဘာဝ ကျောက်တုံးကြီး တွေကို သွားပြီးလည်ပတ်နိုင်ပါတယ်။ ပြီးတော့ ငပလီကမ်းခြေရဲ့ အစွန်ဆုံးမှာရှိတဲ့ ဂျိတ္တော ငါးဖမ်းလုပ်ငန်းဇုန်က မဒေးတောင်ဆိုတဲ့ တောင်မြင့်ပေါ်ကို သွားလည်နိုင်သေး တယ်။ ပင်လယ်ကမ်းကွေ့အလှကို တောင်အမြင့်ပေါ်က ကြည့်ရတဲ့အရသာကို တွေ့ရပါလိမ့်မယ်။

ရန်ကုန်ငါးပြတိုက်ထဲမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဝေလငါးအရိုးစုဟာ အဲဒီဂျိတ္တောကျေးရွာ ပင်လယ်ကွေ့မှာလာပြီး သောင်တင်တဲ့ ဝေလငါးကြီးဆီက ရတာပေါ့။

မဒေးတောင်က အပြန်မှာ Hotel Zone ကို ဖြတ်ပြန်ရမှာဆိုတော့ လင်းသာကျေးရွာက ကမ်းခြေ တလျှောက်မှာ တန်းစီပြီး ဖွင့်ထားတဲ့ ပင်လယ်စာ ဆိုင်လေးတွေမှာ ထူးထူးဆန်းဆန်း အစားအစာတွေ မြည်းစမ်းနိုင်ပါသေး တယ်။ ပြီးတော့ တနေကုန် ပင်လယ်ရေထဲ ဆင်းစိမ်ထားလို့ ညောင်းညာနေတာ တွေ ပြေချင်တယ်ဆိုရင်လည်း ကျန်းမာရေးအကြောပြေ အနှိပ်ခန်းလေးတွေလည်း အဲဒီဆိုင်နီးနားမှာပဲ ဖွင့်ထားကြတာဆိုတော့ တချက်ခုတ် နှစ်ချက်ပြတ် တာပေါ့နော့။

တကယ်လို့များ အချိန်ရလို့ ဘင်္ဂလားပင်လယ်ထဲက သန္တာကျောက်တန်းနဲ့ ရေအောက်ငါးတွေရဲ့ အလှအပကို ကြည့်ရင်း၊ Boat Trip ထွက်ချင်တယ် ဆိုရင်လည်း ခရီးစဉ်တခါတည်း ထည့်ဆွဲထားနော်။ Boat Trip ဆိုတာက လည်း တနေကုန်မယ့် ခရီးစဉ်ဖြစ်နေတော့လေ။

နောက်ပြီး ဒေသခံတွေရဲ့ အဆိုအရ ပုလဲနက်တောင် ထုတ်လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ပုလဲကျွန်းနဲ့ ငပလီနေဝင် ချိန်က ပနံသင့်စွာ လှပနေတာကို သင်မြင်တွေ့ရမှာပါ။

ငပလီက အပြန်မှာ သံတွဲမြို့အဝေးပြေးကားဝင်း ကနေ ကားပြန်စီးရမှာဆိုတော့ အိမ်ပြန်လက်ဆောင် အဖြစ် ဒေသထွက် ရခိုင်လုံချည်၊ ငါးပိ ငါးခြောက်နဲ့ ပုစွန်ခြောက်တွေ၊ စားစရာတွေ ဝယ်ယူချင်တယ် ဆိုရင် ဒွါရာဝတီ မြို့မဈေးကို ဝင်လည်ဖို့လည်း အခန့်သင့်ပါတယ်။

ကဲ … အသွားနဲ့ အပြန် ၅ ရက်လောက်နဲ့ အပန်းလည်းပြေ၊ အချိန်လည်း လုံလောက်တဲ့ ငပလီ ကမ်းခြေခရီးကို စတင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ပုံမှန်ပြေးနေတဲ့ ယာဉ်လိုင်းတွေ၊Local Zone နဲ့ Hotel Zone မှာရှိနေတဲ့ ဘန်ဂလိုတွေနဲ့ ဆက်သွယ်လို့ရနိုင်မယ့် အငှားယာဉ်တွေရဲ့ ဖုန်းနံပါတ်တွေကို လက်လှမ်းမီ သလောက် ဖော်ပြပေး လိုက်မယ်နော်။

ငပလီကမ်းခြေကို ငပလီမြို့အဖြစ် သတ်မှတ်ဖို့ စီစဉ်နေကြပြီမို့၊ သဘာဝအတိုင်း လှနေသေးတဲ့ ငပလီကိုမှ သွားလည်ပတ်ချင်သူတွေအတွက် စိတ်ကျေနပ်စရာ အပန်းဖြေခရီးဖြစ်ပါစေ။
irrawaddy


လက်အိတ်တွေအတွက် Touchscreen ပေါ်မှာ အဆင်ပြေစေမဲ့ nonotips အရည်




လက်အိတ်အထူကြီးဝတ်ပြီး Touchscreen ကို အသုံးပြုရတာ အဆင်ပြေပါရဲ့လား ?
နည်းနည်းတော့ ခက်ပါလိမ့်မယ်။
အထူးသဖြင့် အမြဲတမ်း လက်အိတ်နဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ၀င်နေတဲ့ သူတွေ၊ လက်အိတ်မရှိမဖြစ်လိုတဲ့ အအေးပိုင်းဒေသကသူတွေ၊ ဆိုင်ကယ်စီး
ရင် လက်အိတ်အသုံးပြုတဲ့ လူတွေအတွက် ဖြစ်ပါတယ်။ ထိုကဲ့သို့သောသူတွေဟာ ဖုန်းတွေ၊ Touchscreen ပါဝင်သုံးပြုရတဲ့ ပစ္စည်းတွေမှာ အခက်အခဲ ရှိတတ်ကြပါတယ်။

ထို့ကဲ့သို့ အခြေအနေမျိုးတွေကို ထို nanotips လို့ခေါ်တဲ့ အရည်လေးက လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ရိုးရှင်းစွာနဲ့ tuchscreen တွေမှာ လက်အိတ်ဝတ်ထားပေမဲ့လည်း တကယ်လက်နဲ့ ထိတွေ့နေရသလို ဖြစ်စေပါလိမ့်မယ်။ ဒီလိုဆိုတော့ စတိုင်မပျက်ပဲ လက်အိတ် ချွတ်စရာလည်းမလိုတော့ဘူးပေါ့။

မော်တော်ဆိုင်ကယ်စီးရင်နဲ့လည်း ဖုန်းထဲက အီးမေးလ်တွေကို ကြည့်လို့ရပါတယ်။ တကယ်လို့ စိတ်ဝင်စားရင်တော့ အမည်းရောင် nanotips တစ်ဘူးအတွက် ဒေါ်လာ (၂၀)လောက် ပေးဖို့ရှိပါတယ်။ သူက ရာဘာလက်အိတ်နဲ့ အခြားပါးလွှာတဲ့
လက်အိတ်တွေက်ု ၀တ်ဆင်တဲ့သူတွေအတွက် ဖြစ်ပြီး ပလတ်စတစ်အသားတွေအတွက် ရည်ရွယ်တဲ့ အပြာရောင် nanotips ကတော့ ဒေါ်လာ (၂၇) ဖြစ်ပါတယ်။

နှစ်မျိုးစလုံးကို ဖော်ဝါရီလနဲ့ မတ်လကြားထဲမှာ ၀ယ်ယူရရှိမှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )
Smart Pro Journal

စိတ်ညစ်နေစဉ် facebook မှာ Status တင်ခြင်းဟာ စိတ်ပြေလျော့နိုင်ခြင်း ရှိ / မရှိ



တစ်ခါတစ်ရံမှာ လူတိုင်းလူတိုင်းဟာ စိတ်ညစ်တတ်ကြ ပါတယ်။ ဒီအတွက် စိတ်ထွက်ပေါက်ကို လိုက်လံရှာဖွေ ကြပါတယ်။ သူငယ်ချင်း ၊ မိတ်ဆွေ၊ ညီအကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက် စတဲ့ သူတွေကို ရင်ဖွင့်လေ့ ရှိကြပါတယ်။

စိတ်ညစ်တဲ့ အခါမှာ ရင်ဖွင့်လိုက်ရလို့ စိတ်ကိုပြောလျော့နိုင်ပါတယ်။ ဒါကြောင့် စိတ်ညစ်တဲ့ အခါမှာ ရင်ဖွင့်ဖို့ လူမရှိဘူးဆိုရင် ယနေ့ခေတ်မှာတော့ facebook မှာ Status တွေကို တင်ကြပါတယ်။ လူတိုင်းမဟုတ်သော်လည်း အတော်များများ Status တွေကို တင်ကြပါတယ်။

ဒီလိုမျိုး facebook ပေါ်သို့ Status တင်ခြင်းကြောင့် လူတစ်ယောက်ကို ဖွင့်ပြောပြ လိုက်ရသလိုမျိုး ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အပြန်အလှန် comment တွေကိုပေးခြင်း ကြောင့် ပြဿနာအတွက် နည်းလမ်းကောင်းတွေကို ရနိုင်တဲ့ အပြင် သီငယ်ချင်းတွေရဲ့ စနောက်မှုတွေကို ပျော်ရွှင်မှုတွေကိုပါ ရရှိနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ မိမိတင်လိုက်တဲ့ Status အပေါ် ရိုင်းဆိုင်းစွာ ဝေဖန်ပြောဆိုသော သီငယ်ချင်း တစ်ချို့ကြောင့် ပိုမိုပြီး ခံစားရနိုင်ပါတယ်။

ဒါပေမယ့်လည်း အကြမ်းမျဉ်း အရတော့ စိတ်ညစ်နေစဉ် facebook မှာ Status တင်ခြင်းဟာ စိတ်ကို ပြေလျော့နိုင်ပါတယ်။


ကျော်လင်းနိုင် (www.smart.com.mm)
Smart Pro Journal

စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ


အင်တာနက်စာမျက်နှာတွေမှာ စမတ်ဖုန်းပေါက်ကွဲမှုကြောင့် အသုံးပြုသူတွေ ထိခိုက် ဒဏ်ရာ ရတဲ့ သတင်းတွေ မကြာခဏ တွေ့နေရပါတယ်။ ဒီလို စမတ်ဖုန်းပေါက်ကွဲမှု တွေ ဖြစ်ပေါ်နေတာ နှစ်တွေ ကြာမြင့်နေပြီဖြစ်ပါတယ်။ ပေါက်ကွဲတဲ့ စမတ်ဖုန်း တွေ ဟာ ထုတ်လုပ်သူ ရဲ့ မှားယွင်းမှု လည်း တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် အသုံးပြုသူရဲ့ မပြုလုပ်သင့် တဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေ ရှောင်ကြဉ် သင့် တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ စမတ်ဖုန်း ကို ဖြစ်စေ ဘက်ထရီ ကိုဖြစ်စေ အပူချိန်များတဲ့ နေရာ မှာ မထားသင့်ပါ။ အထူးသဖြင့် နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

၂။ စမတ်ဖုန်းကို Overclock ပြုလုပ်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ စမတ်ဖုန်း ဟာ အလွန်ပူနေရင် အလုပ်မခိုင်းစေဘဲ အနားပေးထားသင့်ပါတယ်။

၃။ လူတော်တော်များများက ညဘက် အိပ်ရာ ၀င်ရင် အားသွင်းလေ့ရှိကြပြီး အိပ်ယာ နားမှာ ပဲ အားသွင်းတတ်ကြပါတယ်။ အားသွင်းတဲ့ နေရာ ကို အိပ်ယာ နဲ့ ဝေးဝေး ထားသင့်ပါတယ်။ အိပ်ယာ မ၀င်ခင်အားသွင်းသင့်ပြီး အိပ်ယာ ၀င် မှ အားသွင်းခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။

၎။ ထုတ်လုပ်သူ ရဲ့ Battery, Charger တွေကို ပဲ အသုံးပြုသင့်ပါတယ်။

၅။ စမတ်ဖုန်း ကို ရေနဲ့ မထိမိစေရန် ဂရုစိုက်သင့်ပါတယ်။

ဒါတွေကတော့ စမတ်ဖုန်း အသုံးပြုသူတိုင်း ဂရုစိုက် သင့် တဲ့ အကြောင်းအရာတွေ ပဲဖြစ်ပါတယ်။

Ref:Myanmar Digital Life Journal

တယ်လီနောနှင့် အူရီဒူးတို့က ခြောက်လနှင့် ရှစ်လအတွင်း ဆင်းမ်ကတ်များ ရောင်းချမည်ဖြစ်ရာ လက်ရှိ ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် ပြင်ပဈေး လျော့ကျ




ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် အူရီဒူးနှင့် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီတို့မှ မိုဘိုင်းဆင်းမ်ကတ်များကို ခြောက်လမှ ရှစ်လအတွင်း ရောင်းချပေးမည့်အတွက် လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးလျက်ရှိသည့် မိုဘိုင်းဆင်းမ်ကတ်များမှာ ၀ယ်ယူမှု နည်းပါးလာပြီး ဈေးနှုန်းများမှာလည်း လျှော့ကျလာကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့မှ ရောင်းချသည့် ကျပ်၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များ လုံလောက်မှု မရှိသည့်အတွက် အပြင်ဈေးနှုန်း မြင့်မားစွာပေး၍ ၀ယ်ယူအသုံးပြုရသည်။ ယခုအခါ အဆိုပါ မိုဘိုင်ဆင်းမ်ကတ်များမှာ ဈေးနှုန်းများ လျော့ကျပြီး ၀ယ်ယူမှု နည်းပါးလာကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် ကတ်တွေရှိရင် ရှိသလောက်ကုန်တယ်။ ပေါက်ဈေးက CDMA ဆိုရင် ကျပ်ရှစ်သောင်း ကိုးသောင်းလောက် ပေါက်တယ်။ ပြီးတော့ WCDMA ဆိုရင် ကျပ်တစ်သိန်း ကျော်လောက်ပေါက်တယ်။ အခုဆို ရင်အဲဒီလောက် မရှိတော့ဘူး။ လာဝယ်တဲ့သူလည်း နည်းတယ်။ ဈေးတွေလည်း လျော့လာတယ်။ CDMA ဖုန်းဆိုရင်အခု ကျပ် ၆၀၀၀၀ လောက်ပဲ ရှိတော့တယ်။ WCDMA ဆိုရင် ကိုးသောင်းလောက်ပဲရှိတယ်။ ကိုယ်ပြန်ရောင်းရင် နည်းတယ်။ ကိုင်ဖို့ဝယ်မယ် ဆိုရင်တော့ ဈေးများတယ်” ဟု ယုဇနပလာဇာ ပထမထပ်ရှိ မိုဘိုင်းအရောင်းဆိုင်မှ သိရသည်။

အဆိုပါမိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် တစ်သိန်းကျော်ထိ ဈေးပေးရပြီး ဈေးကွက်တွင်လည်း ၀ယ်ယူရန်ရှားပါးသည်။ ယခုအခါမိုဘိုင်း ဆင်းမ်ကတ်များမှာ ၀ယ်ယူသူ မရှိသလောက် နည်းပါးပြီး ဈေးကွက်အတွင်း ကတ်များမှာ လိုသလောက် ၀ယ်ယူနိုင်ကြောင်း တော်ဝင်ပလာဇာရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

“ဖုန်းကတ်တွေက ဈေးပေါပေါနဲ့ မကြာခင် ရောင်းပေးတော့မှာဆိုတော့ လူတွေက ဒါကိုပဲ စောင့်နေကြတယ်။ အရင်တုန်းကလို မ၀ယ်တော့ဘူး။ ဆိုင်တိုင်းမှာ ကတ်တွေရှိတယ်။ ရောင်းမထွက် ကြတော့ဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Credit to::Eleven Media Group

လင်မယားချင်းစကားများစဉ် ဇနီးဖြစ်သူကိုဓါးဖြင့်ထိုး၍ သေဆုံး



ရန်ကုန်၊ ဖေဖော်ဝါရီ ၇

၆.၂.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန် လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်နေ ဆယ်အိမ်မှူး ဦးထွန်းလှသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရှိနေစဉ် (၂၀)ရပ်ကွက်၊ ရွှေတလေးလမ်းနေ စိုးနိုင်(ဘ)ဦးလှကြိုင်နှင့် ၎င်း၏ဇနီးမစိုးခိုင်တို့သည် မိသားစုကိစ္စဖြင့် စကားများရန်ဖြစ်စဉ် စိုးနိုင်မှ အရိုးအသွား ၈လက်မခန့်ရှိ ဓါးဖြင့်ထိုးခဲ့၍ မစိုးခိုင်တွင် ၀မ်းဗိုက်၌ဒဏ်ရာ (၁)ချက်ရရှိခဲ့ပြီး စိုးနိုင်မှာ ထွက်ပြေးသွားကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထိုသို့သွားရောက်ကြည့်ရှုရာ မစိုးခိုင်မှာ နေအိမ်ပေါ်၌ ၀မ်းဗိုက်တွင်
ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် လဲကျနေသည်ကိုတွေ့ရ၍ အင်းစိန်ဆေးရုံ သို့ပို့အပ်ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်ကုသနေရသောကြောင့် စိုးနိုင်အား အရေးယူပေးပါရန် ဦးထွန်းလှမှ တရားလိုပြုလုပ်တိုင်တန်း ခဲသဖြင့် သောင်ကြီးနယ်မြေရဲစခန်း (ပ)၈၂/၂၀၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော မစိုးခိုင်မှာ ယင်းနေ့
၁၄၄၀ အချိန်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားသောကြောင့်
ပုဒ်မ ၃၂၆ မှ ၃၀၂ သို့ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

ချင်းတောင်ပေါ်က ဇိုမျိုးနွယ်စု ပျောက်ကွယ်သွားနိုင်သလား



အစိုးရသတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးမှာ ချင်း မျိုးနွယ်စုဝင် တိုင်းရင်းသား ၅၃ မျိုး ပါဝင်တယ်။

အဲဒီထဲက တမျိုးဖြစ်တဲ့ ဇိုမျိုးနွယ်စု ပျောက်ကွယ်သွားနိုင်ပါသလား။
 -


အဖြေက - ပျောက်ကွယ်သွားနိုင်ပါတယ် တဲ့။

ပျောက်သွားနိုင်စရာအကြောင်းတခုနဲ့ ပတ်သက်ပြီး   ဇိုမျိုးနွယ်စုဝင်တွေက ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာ သတင်းသမားတွေနဲ့ တွေ့ဆုံစဉ်  ပြောကြားလိုက်ပါတယ်။

အစိုးရက မကြာခင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်မယ်၊ အဲဒီအခါမှာ ဇိုလူမျိုးနွယ်တွေက အချက်အလက်ကို မှန်မှန်ကန်ကန် ဖြည့်စွက်ဖို့လိုတယ်၊ အကြောင်းကတော့  ဆင်တူယိုးမှားနာမည်တခု ရှိနေတာကြောင့်ပါပဲ တဲ့။
အဲဒီ ဆင်တူယိုးမှားနာမည်က ဇိုမီး(ZO MI) ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီအကြောင်းရှင်းပြသူများထဲက တဦးကတော့ ဇို(ZO) စာပေနှင့် ယဉ်ကျေးမှု  ကော်မတီ ဥက္ကဋ္ဌ ဦးမန်းခင်ထန် ဖြစ်ပါတယ်။

ဇို မျိုးနွယ်စုကို အစိုးရက တရားဝင် အသိအမှတ် ပြုထားတယ်၊  နံပတ်က ZO Code 421 ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်၊

အခုအချိန်မှာ  တီးတိန်လူမျိုး (Tiddin Code 424) က ဇိုမီးဒီမိုကရက်တစ်ပါတီ (Zomi Congress For Democracy) ဆိုတာကို ဖွဲ့စည်းထားတယ်၊ ဒေသတွင်း ဇိုမီး မျိုးနွယ်စု ပေါ်ထွက်လာရေးအတွက် စည်းရုံးတာတွေ ရှိနေတယ်လို့လည်း  ဦးမန်းခင်ထန်က ဧရာဝတီသတင်းဌာနကို ရှင်းပြပါတယ်။

    “ဇိုမီးဆိုတာ မရှိခဲ့ဘူး။ ချင်းလူမျိုး ဇိုလို့ပဲ ဟိုးအရင်ထဲက ရှိခဲ့တယ်။ မီး ဆိုတဲ့ အဓိပ္ပါယ်က လူမျိုးကို ခေါ်တာ။ မြန်မာဆိုရင် လူတိုင်းသိကြတယ်။ မြန်မာလူမျိုး ဆိုပြီး ထပ်ထည့်စရာ မလိုတော့ဘူး။ အခုဟာက တိုင်းရင်းသားထဲက ခွဲထွက်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်နေတယ်။ ရှိပြီးသား ဇိုလူမျိုးတွေကို ထိခိုက်နိုင်တယ်”

  ဇိုမီး မျိုးနွယ်စုဆိုပြီး ပေါ်ထွက်လာရင်  ဇို တွေ   နစ်နာမှာဖြစ်လို့ ဒီ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး  သမ္မတရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့ကို ဆက်သွယ်  တိုင်ကြားမယ်လို့လည်း သိရပါတယ်။

အစိုးရက မကြာခင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ဖို့ ပြင်ဆင်နေပြီ ဆိုတော့ ခုကတည်းက ရှင်းရှင်းလင်းလင်း ဖြစ်အောင် သက်ဆိုင်ရာဒေသတွေမှာရော စာနယ်ဇင်းတွေကတဆင့်ပါ ရှင်းလင်းပြောကြားနေကြတာပါ။

ဒါဆိုရင်      ဇိုမီး မျိုးနွယ်စုအမည်ပေါ်ပေါက်ရေး ဆောင်ရွက်နေသူတွေဘက်ကရော ဘယ်လို တုန့်ပြန်မလဲ။ သူတို့လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ကောင်း လုပ်လာနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မင်းဗညား
Irrawaddy

တပ်သိမ်းမြေ ပြန်ပေးမှု ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ် – သုံးသပ်ချက်


မြန်မာ့တပ်မတော်က သိမ်းထားတဲ့ လယ်မြေဧက ၂ သိန်းကျော် ပြန်ပေးမယ်လို့ ဖေဖော်ဝါရီ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

တရက်တည်း ထွက်လာတဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတချို့မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက တပ်မတော်အနေနဲ့ မြေသိမ်းလမ်းစဉ်အစား မြေစွန့်လမ်းစဉ်ပဲ ကျင့်သုံးတော့မယ်လို့ လွှတ်တော်ထဲ ပြောသွားတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးရာမှာ လွှတ်တော်ရဲ့ လယ်ယာမြေ ကော်မရှင်က ပေးပို့လာတဲ့ လယ်မြေအမှုပေါင်း ၅၀၀ ကျော်ထဲက ၃၀၀ ကျော် ပြန်ပေးတာလို့ သတင်းက ဆိုပါတယ်။
လွှတ်တော်လယ်မြေစုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်း အဆိုအရ တပ်သိမ်းအမှုပေါင်း ၂ ထောင်ကျော် ဖြေရှင်းဖို့ ကျန်သေးတယ်လို့ သိရပါတယ်။

တပ်သိမ်းလယ်တွေကို ဘယ်ပုံဘယ်နည်း ပြန်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဆပ်ကော်မတီရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ခုလို ရှင်းပြပါတယ်။

“ပြည်ထဲရေးကနေ သိမ်းတာတွေရှိတယ်။ ပြည်ထဲရေးကနေ မြေသိမ်းမိန့်နဲ့ ထုတ်ပေးရတာတွေ ရှိတယ်။ ဟိုးတုန်းကဆိုရင် တိုင်းအစီအစဉ်နဲ့ မြေသိမ်းမိန့်တွေ လုပ်ပေးရတာ ရှိတယ်။ တပ်က သိမ်းမယ်ဆိုရင် သိမ်းဖို့အတွက် မြေကို လျှောက်ရတယ်။ လျှောက်တဲ့အခါမှာ သူတို့က မြေသိမ်းဖို့ကို ပြန်လုပ်ပေးတယ်။ အခုက ကျနော်တို့ ပြန်အပ်ရမယ်ဆိုရင် ကျနော်တို့ရဲ့ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့မှူးတွေ ရှိမယ်။ သူတို့တွေက သက်ဆိုင်ရာ နယ်မြေခံ ခရိုင်၊ ပြည်ထဲရေးအမိန့်နဲ့ သိမ်းခဲ့တဲ့ဟာဆိုရင် ပြည်ထဲရေးက ခရိုင်အုပ်ချုပ်ရေးမှူးကို သွားပြီးတော့ ဒီမြေကို ပြန်အပ်ပါမယ်ဆိုပြီး အရင်မြေသိမ်းခဲ့တဲ့ အမှုတွဲကို သွားပြန်ပေးရတယ်။ အဲဒီအခါမှာ ခရိုင်ကနေ ပြည်ထဲရေးအောက်ကဆိုတော့ ပြည်ထဲရေးကို တင်မယ်။ ပြည်ထဲရေးက မြေလွှဲမိန့်ချ ပေးမယ်။ အဲဒါပြန်ချပေးရင် ခရိုင်အုပ်ချုပ်ရေးမှူးဆီကို သက်ဆိုင်ရာ မြေထဲမှာ ၀င်နေတဲ့ သူတွေက ပြန်လျှောက်ရမယ်။ ကျနော်တို့ တပ်ကတော့ ပြန်အပ်လိုက်တာပေါ့။ ပြည်သူတွေက ပြန်လျှောက်ပေါ့။ သူတို့ မူလအမည်ပေါက်တွေက ဘယ်လိုရှိတယ်ဆိုတာကတော့ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးဆီမှာ ရှိမှာပေါ့။ စပြီးသိမ်းစဉ်က အမည်အပေါက်တွေအတိုင်းပဲ သူက ပြန်ပြီး ချပေးမှာပေါ့။”
တပ်သိမ်းလယ်တွေ ပြန်ပေးတယ်ဆိုပေမယ့် မူလပိုင်ရှင်တွေ မြေပြန်မရသေးဘူး ဆိုတာချည်း ကြားသိရပါတယ်။ ဧရာဝတီတိုင်း တောင်သူလယ်သမားများ သမဂ္ဂကွန်ရက်က ညှိနှိုင်းရေးမှူး ဦးတင်ကိုလင်းကတော့ လယ်မြေ ပြန်ပေးတဲ့နေရာမှာ စနစ်ကျတဲ့ ပုံစံ မရှိတာကြောင့်လို့ ပြောပါတယ်။

“ကျနော်မှာ စနစ်ကျတဲ့ပုံစံ ရှိလား မရှိလားလို့ ကျနော့်ကို မေးရင်တော့ မရှိဘူးလို့ပဲ ဖြေမယ်။ ဘာလို့ စနစ်ကျတဲ့ ပုံစံ မရှိဘူးလဲဆိုတော့ လက်ရှိက သူတို့ ပြန်ပေးမယ်ဆိုရင် ဘယ်ကို ပေးလည်းဆိုတော့ တိုင်းတွေမှာရှိတဲ့ ပြည်နယ်အစိုးရဆီ ချပေးတယ်။ ချပေးတော့ ပြည်နယ်အစိုးရက ချပေးရမယ်ဆိုပြီးတော့ စာရွက်စာတမ်းတွေနဲ့ အောက်ခြေကို ပြန်ပြီးပေးပါတယ်။ ပေးတဲ့အခါမှာ ဘယ်လိုပေးလဲဆိုတော့ အောက်ခြေကို ပေးတယ်ဆိုတဲ့ စာရွက်သာ ရပြီးတော့ လယ်သမားတွေဆီကို တိုက်ရိုက် မရဘူး။ ဥပမာ – မအူပင်မှာ ဖြစ်နေတဲ့ ပြဿနာပေါ့။ မအူပင်မှာ လယ်သမားတွေကို ပြန်ပေးပါဆိုပြီးတော့ စာရွက်စာတမ်းတွေနဲ့ သူတို့ရဲ့ တာဝန်ရှိတဲ့သူတွေက လုပ်နေပြီး သူတို့ရဲ့အမိန့်ကို မလိုက်နာပဲ လုပ်နေတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒီလို ကိစ္စတွေ ရှိနေတာဖြစ်တဲ့အတွက် သူတို့က စာရွက်တွေ သတင်းစာတွေပေါ်မှာသာ အော် နေသော်ငြားလည်း အောက်ခြေကို အမှန်တကယ် မရောက်သေးတာ ဖြစ်တဲ့အတွက် မထိရောက်ဘူးလို့ ပြောလို့ရတယ်။”

စစ်တပ်က သိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးမယ်ဆိုနေချိန်မှာ တချို့ဒေသတွေမှာ တပ်ပိုင်မြေ ကျုးကျော်လို့ဆိုပြီး အိမ်တွေ ဖျက်နေတာ ရှိတော့ မယုံရသေးဘူးလို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်မြေရေးရာတာဝန်ခံတဦးဖြစ်တဲ့ ဦးမျိုးသန့်က သုံးသပ်ပါတယ်။
“အခုအချိန်အထိတော့ ကျနော်က လုံးဝ မယုံသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ကြေညာတဲ့ နေ့မှာ သမီးလေးရွာကို တရွာလုံး ဖျက်လိုက်တာ။ အဲဒါလည်း တပ်ပိုင်မြေဆိုပြီး သိမ်းထားတဲ့ မြေပဲလေ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တပ်ပိုင်မြေနဲ့ ပတ်သက်လို့ ပြန်ပေးနေတဲ့ ကိစ္စတွေ တော်တော်များများ ကြားနေရတယ်။ တကယ်တော့ အဲဒီလို ပေးပုံ ပေးနည်းက လက်သိပ်ထိုး နားလည်မှုနဲ့ ကဲ… ခင်ဗျားတို့ ပြန်ယူလိုက်ပါဗျာဆိုပြီး ပေးလိုက်တဲ့ ပုံစံ။ လောလောဆယ်ဆယ်မှာ မြေကို ပြန်ပြီး တချို့တွေ စိုက်ခွင့် ပျိုးခွင့် ရတာက လွဲလို့ ပိုင်ပိုင်နိုင်နိုင် ဘာမှ မရခဲ့သေးဘူး။ အဲဒီလို ဖြစ်နေတာ။ ကျနော်က အမြဲတမ်း ပြောခဲ့ဘူးတယ်။ စစ်တပ်က လုံးဝ စွန့်လွှတ်လိုက်ပါတယ်ဆိုတဲ့ အနေအထားမျိုးကို ပြောနိုင်ဖို့အတွက် တိုက်တွန်းခဲ့တယ်။ သို့သော် အခုလိုပုံစံမျိုးနဲ့တော့ စွန့်လွှတ်ခိုင်းလို့ မရဘူး။ အမှန်က တပ်ကသိမ်းခဲ့တဲ့ မြေရဲ့ တော်တော်များများက နဂို မူလပိုင်ရှင်တွေ ရှိပြီးသားပဲ။ အဲဒီ မူလပိုင်ရှင်တွေ လက်ထဲကို ကဲ မင်းတို့ဘာသာလုပ်တော့ကွာဆိုပြီး မြို့နယ် မြေစာရင်း အဆင့်လောက်ကို အာဏာကုန် လွှဲပေးလိုက်ရင် တပ်သိမ်းမြေကိစ္စက ပြီးသွားနိုင်တယ်။ အခုတော့ မဟုတ်ပဲနဲ့ အစိုးရပိုင်းကနေ ပတ်ပြီးတော့ ပြည်ထောင်စုအစိုးရ၊ ပြီးတော့ တိုင်းဒေသကြီး အစိုးရ အဲဒီလိုမျိုး ဆင့်ကဲ ဆင့်ကဲ ပတ်ပြီးတော့ ကော်မတီမျိုးစုံကနေတဆင့် ပြန်ပေးနေတဲ့ ပုံသဏ္ဌာန်က ဘယ်လိုနည်းနဲ့မှ မူလပိုင်ရှင်လက်ထဲကို ပြန်မရောက်နိုင်တဲ့ နည်းဖြစ်ပါတယ်။ ကြားထဲမှာ ယိုပေါက်ဖိတ်ပေါက်တွေ အများကြီးဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းက ချစားမှုတွေ အများကြီး ကြုံရမယ့် ကိစ္စတွေ ဖြစ်တဲ့အတွက် ကျနော်တို့က တိုက်ရိုက်စွန့်လွှတ်ခြင်းကို ပြောတာ။”

ကာကွယ်ရေးဆပ်ကော်မတီရဲ့ ပြောကြားချက်အရ တပ်သိမ်းမြေ ဧကပေါင်း ၂ သိန်း ၄ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒီစာရင်းက တိုင်ကြားလာလို့ သိရတဲ့စာရင်းဖြစ်လို့ ဒီထက်ပိုသိမ်းထားဖို့ ရှိပါတယ်။

လွှတ်တော်ကော်မရှင်ရဲ့အဆိုအရလည်း မြေသိမ်းမှုပေါင်း ၂ ထောင်ကျော် တပ်က ရှင်းရ အုန်းမယ် ဆိုတာကြောင့် ပြန်ပေးရင်း သိမ်းရင်း ဖြစ်ဖို့အကြောင်းတွေလဲ တွေ့မြင်ရပါတယ်။

လွှတ်တော်မှာတော့ မြေပြန်ပေးတဲ့ကိစ္စ ပွင်းလင်းမြင်သာမှုရှိရှိ လုပ်ဆောင်ဖို့ ပြင်နေတဲ့ အကြောင်း မြေယာကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းက ခုလို ပြောပြပါတယ်။

“ကော်မရှင်အနေနဲ့က သိပ်ပြီးတော့ ပီပီပြင်ပြင်ရှင်းပြတာလည်း မရှိသေးဘူး။ နောက်တခုက ဖြေရှင်းတဲ့အမှုကလည်း နည်းတဲ့အတွက် ကျနော်တို့က အဲဒီအပေါ်မှာ ထပ်ပြီး အဆိုတခု တင်မယ်။ သ၀ဏ်လွှာအပိုင်း ၁၊၂၊၃ အပေါ်မှာ သူတို့ ဖြေရှင်းပြီးသား အမှုတွဲတွေက နည်းတာလည်းပါတယ်၊ စွန့်လွှတ်တာလည်း နည်းတယ်၊ နောက် အသေးစိတ် ကျနော်တို့ကို ပြန်လည်မရှင်းတဲ့အတွက် အဲဒါတွေကို ဆက်ပြီး ဆွေးနွေးဖို့ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးပြီးပြတ်စွာဆောင်ရွက်ပေးရေး အဆိုတခု ထပ်တင်မယ်။ လွှတ်တော်ကိုတော့ တင်ပြီးသွားပြီ၊ နောက်တပတ်ထဲ ပါမလားမသိဘူး။ အဲဒီအဆိုမှာ ၀ိုင်းပြီးဆွေးနွေးကြဦးမယ်။”

မြန်မာ့တပ်မတော်အနေနဲ့ သိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးတဲ့နေရာမှာ တိကျမှန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆောင်တာ ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ကြရအုန်းမှာ ဖြစ်ပါတယ်။

DVB Burmese

ကမ္ဘာနဲ့ လကို အင်္ဂါဂြိုလ်ပေါ် က ရိုက်ကူးတဲ့ဓာတ်ပုံ နာဆာ ဖြန့်ချိ




 အင်္ဂါဂြိုလ်ပေါ်က ကမ္ဘာဂြိုလ်ကို မြင်ရတဲ့ မြင်ကွင်း ဓာတ်ပုံ- နာဆာ

ကောင်းကင်ကို ကြည့်လိုက်ရင် အခြား ဂြိလ်တွေ၊ ကြယ်တွေတွေကို မြင်တွေ့ကြတာ မထူးဆန်းတော့ပေ မယ့် လူသားတွေ နေထိုင်ကြတဲ့ ကမ္ဘာဂြိလ်ကို အင်္ဂါဂြိုလ် မျက်နှာပြင်ပေါ်ကနေ မြင်တွေ့ရတဲ့ မြင်ကွင်း ကတော့ ထူးခြားပါတယ်။

အခု ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ အင်္ဂါဂြိုလ် မျက်နှာပြင်ကနေ ကမ္ဘာဂြိုလ်ကို လှမ်းမြင်တွေ့ရတာကို ပထမဆုံး ရိုက်ကူး မှတ်တမ်းတင် ထားတာပါ။

တကယ်တော့ ဂြိုလ်နီကြီးလို့ ခေါ်ကြတဲ့ အင်္ဂါဂြိုလ်နဲ့ ကမ္ဘာဂြိုလ်ဟာ မိုင်ပေါင်း ၃၄ သန်း ကျော် ကွာဝေးပါ တယ်။

NASA က ဂြိုလ်နီကြီးပေါ် ကမ္ဘာကနေ လွှတ်တင်ထားတဲ့ Cruiosity Rover ဆိုတဲ့ မစပ်စု အမည်ရ ဂြိုလ်ပေါ်သွား သုတေ သန ယာဉ်ငယ်က လွန်ခဲ့တဲ့ တပတ်က ရိုက်ကူးထားတာကို မနေ့ညကပဲ ဒီဓာတ်ပုံကို တွတ်တာ လူမှု ကွန်ရက်နဲ့ ဖြန့်ချိခဲ့ တာ လို့ The Mirror သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

အင်္ဂါဂြိုလ် မျက်နှာပြင်ကနေ နေဝင်ချိန် အလှကို ရိုက်ကူးပြီး ၁ နာရီကျော်ကြားမှာ အခုပုံကို ရိုက်ကူးတာလို့ ဆိုပါတယ်။

နာဆာက ပြောခွင့်ရသူ တဦးကတော့ “လူသား တဦးဟာ သာမန်အမြင်မျက်စေ့နဲ့ပဲ အင်္ဂါဂြိုလ်ပေါ် က ရပ်ကြည့် လိုက်ရင် လ၊ နဲ့ ကမ္ဘာ ကို သိပ်မဝေးကွာတဲ့ တောက်တောက်ပပ ညနေခင်း ကြယ်တွေ အဖြစ် လွယ်လွယ်ကူကူမြင်နိုင်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။




အင်္ဂါဂြိုလ်က ပေးပို့လာတဲ့ ဓာတ်ပုံမှာ ကမ္ဘာရဲ့ အောက်မှာ လ ကို လင်းလက်တဲ့ ကြယ်တွေအဖြစ်နဲ့ မြင်ရ ပါတယ်။

အခု တော့ ကျမတို့ နေထိုင်တဲ့ ကမ္ဘာဂြိုလ်ကို ကျမတို့ ကိုယ်တိုင် ဓာတ်ပုံက တဆင့် မြင်ရပြီပေါ့။

ကား အရွယ်အစားရှိတဲ့ Curiosity Rover ကို နာဆာက ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က Cape Canaveral ကနေ လွှတ်တင်ခဲ့ပြီး အင်္ဂါဂြိုလ်ပေါ်က ပစ်မှတ်ထားခဲ့တဲ့ နေရာဖြစ်တဲ့ Gale Crater ဆိုတာနဲ့ ၁ မိုင်ခွဲလောက် အကွာမှာ ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က အောင်အောင်မြင်မြင် ဆင်းသက်ခဲ့တာပါ။

Curiosity အစီအစဉ်အဖြစ် နာဆာက အင်္ဂါဂြိုလ်ပေါ်ကို ၁၉၉၆ ခုနှစ်ကတည်းက အမည်နာမမပေးခဲ့ပဲ စမ်းသပ် ပစ်လွှတ်ခဲ့တာ ၄ ကြိမ်ရှိတယ်လို့လည်း အဲဒီ သတင်းက ဖော်ပြထားပါတယ်။



အိမ့်သံစဉ် ~
Irrawaddy

ဂျာမနီက မြန်မာကို အကြွေးတ၀က် လျော်ပေးမည်



လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ့် ဂျာမနီသမ္မတ မစ္စတာ ဂျိုးအာချင် ဂတ်ခ်ျ (Mr. Joachim Gauck) ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဂျာမနီကို ပေးဖို့ရှိတဲ့ အကြွေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လျော်ပေးမယ့် သဘောတူ လက်မှတ်စာချုပ်တခု ရေးထိုးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။



ဂျာမနီသမ္မတရဲ့ ခရီးစဉ်အတွင်း ပါလီမန်အမတ်တွေနဲ့ စီးပွားရေးလုပ်ငန်း ဦးဆောင်နေသူတွေ ပါမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း ဂျာမနီသမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမယ့်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အန်အယ်လ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ဝင်တွေနဲ့ လည်း တွေ့ဆုံမယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ ဂျာမန်ကနေ မြန်မာနိုင်ငံအပေါ် အကြွေး ဘယ်လောက်တင်နေလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
DVB Burmese

ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့ အန္တရာယ်အား အထူးဂရုပြုရန် လိုအပ်လာပြီဟု ဝန်ကြီးဆို



ရန်ကုန်၊ ဖေဖော်ဝါရီ ၇။

မလေးရှားကွာလမ်ပူမြို့တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင် အပြင် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၄ ဦးတို့အား လုပ်ကြံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံတွင် ရှိနေသော  ရခိုင်တိုင်းသားများ အနေဖြင့် မိမိတို့ ၏ အန္တာရာယ်အား ဂရုစိုက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောလိုက်သည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၆ ဦးသည် ဖေဖော်ဝါရီ ၆ ရက်နေ့က မလေးရှားကွာလာလမ်ပူမြို့တော်တွင် ကားဖြင့် သွားလာနေစဉ်ပ လုပ်ကြံခံရခြင်းဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးမှ မရှိကြောင်းကိုလည်း သိရသည်။

“ဒီအဖြစ်ပျက်ပေါ်ကိုကြည့်ြ့ပီးတော့ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ အသိပညာအတက် ပညာရှင်တွေ အနေနဲ့ ကိုယ်ရဲ့လုံခြုံရေးတွေကို ဂရုစိုက်ရတော့မယ်”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံအား ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ ရောက်ရှိနေစဉ် ယင်းကဲ့သိုလုပ်ကြံမှုသည် အကြမ်းဖက်မှု ဆန်နေပြီး ရခိုင်တိုင်းရင်းသားများ၏ လုံခြုံကိုလည်း မီးမောင်းထိုးပြခြင်း ဖြစ်နေကြောင်းကိုလည်း ဦးဇော်အေးမောင်က ဆက်လက်ပြောဆိုသည်။

“ဒီအဖြစ်အပျက်ပေါ်ကိုကြည့်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အပြင်မှာတိုးရစ်တွေ သွားသလိုသွားချင်တိုင်းသွား လို့မရတော့ဘူး လုံခြုံရေးတွေဘာတွေကိုယူပြီးတော့မှ သွားရမယ်။ ဒီလိုလုပ်ကြံမှုကိုလည်း ကျွန်တော်တို့ အနေနဲ့  ရှံ့ချတယ် ” ဟု ဦးဇော်အေးမောင်က ထပ်လောင်းပြောဆိုသည်။

ယင်းကဲ့သို့ လုပ်ကြံခံခြင်းနှင့် ပတ်သက်ပြီး မလေးရှားကွာလာလပ်ပူမြို့ရှိ ရဲစခန်းတစ်ခုတွင် အမှုဖွင့်ထားလျက် ပြီး ယမန်နေ့ညအထိ ဖမ်းမိခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ရခြင်းမှာလည်း မလေးရှားနိုင်ငံရှိ ရခိုင်လူမှုကယ်ဆယ်ရေး တစ်ခုဖြစ်သည့် (ARRC) ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီ ၈ ရက်နေ့ကရောက်ရှိနေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ  ၆ ရက်နေ့တွင် လုပ်ကြံခံရခြင်းလည်းဖြစ်သည်။

နှင်းနွယ်
The Myanma Age

အီလက်ထရောနစ် သေနတ်လိုလည်း သုံးလို့ရမယ့် အိုင်ဖုန်းကာဗာ




အီလက်ထရောနစ် သေနတ်လို အသုံးပြုနိုင်မယ့် အိုင်ဖုန်း ကာဗာကို အမေရိကန်က တီထွင်သူ Seth Froom က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူအိမ်မှာနေရင်း သေနတ်နဲ့ ခြိမ်းခြောက် ဓါးပြ တိုက်ခံရပြီးနောက် ယခုလို  အိုင်ဒီယာရ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ် ။


ကာဗာမှာ လျှပ်စစ်ဗို့အား ၆၅၀၀၀ ရှိပါတယ်။ ဖုန်းအားသွင်းဖို့ အတွက်လည်း အသုံးပြုနိုင်သလို အရေးကြုံရင် ရဲတွေ သုံးတဲ့ လျှပ်စစ် သေနတ် အနေနဲ့ လည်း အသုံးပြုလို့ ရပါတယ်။ ဒီတော့ အိတ်ကပ်ထဲ ထည့်ထားရင် ရုတ်တရက် ခလုပ်ပွင့်မလားလို့ စိုးရိမ်စရာ ရှိပါတယ်။ ဒီအတွက် ပူစရာ မလိုပါဘူး။ တီထွင်ဖန်တီးသူက ဒီအတွက် ကြိုတင်ကာကွယ် ထားပေးပြီး လျှပ်စစ် သေနတ်အဖျြစ် အသုံးပြုဖို့အတွက် ပင်တစ်ခု အရင်ဖွင့်ပေးရအုံး မှာ ဖြစ်ပါတယ်။ ရုတ်တရက်အရေးကြုံရင်လည်း အလွယ်တကူ ဖွင့်လို့ ရပါတယ်။

ဗို့အား များတာကြောင့် သာမန် လျှပ်စစ် သေနတ်တွေနဲ့ အတူတူလောက် အသုံးပြုလို့ ရပါတယ်။ iPhone 5, iPhone 5C, iPhone 5S တို့အတွက် ထုတ်လုပ်ထားပြီး အမေရိကန်ဒေါ်လာ ၉၀ အထက်နဲ့ ရောင်းချ ပါတယ်။ သို့ပေမယ့် ယင်း ကာဗာကို နိုင်ငံအချို့မှာ ဝယ်ယူခွင့် တားမြစ် ထား ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း ( www.innewsmyanmar.com )


ဒုချီးရာတန်း စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီ



ရခိုင်ပြည်နယ် မောင်းတောမြို့ ဒုချီးရားတန်း ကျေးရွာကိစ္စ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းလိုက်ပါပြီ။ အပြည့် အစုံကိုတော့ ပြန်ကြားရေး ဝန်ကြီး ဌာန ၀က်ဆိုက်ပေါ်မှာ အခုလိုဖော်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ အမှတ်၊ ၁၆/၂၀၁၄
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်) စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

 ၁။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာနှင့်ဒုချီးရား တန်း(အနောက်)ကျေးရွာတို့တွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

(က) ဒေါက်တာသာလှရွှေ ဥက္ကဋ္ဌ ဥက္ကဋ္ဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း
(ခ) ဦးထွန်းအောင်ချိန် အဖွဲ့ဝင် အဖွဲ့ဝင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (ဂ) ဒေါက်တာငွန်ကျုံးလျန် အဖွဲ့ဝင် နိုင်ငံတကာဥပဒေပညာရှင်
(ဃ) ဒေါက်တာတင်သိန်းလွင် အဖွဲ့ဝင် ဒုတိယဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
(င) ဦးတင်ဦး အဖွဲ့ဝင် အငြိမ်းစားသံအမတ်ကြီး
(စ) ဟာဂျီဦးတင်မောင်ဝင်း အဖွဲ့ဝင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့
(ဆ) ဦးဝင်းတည် အဖွဲ့ဝင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
(ဇ) ဦးသာပွင့်(ရပ်မိရပ်ဖ) အဖွဲ့ဝင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်
(ဈ) ဦးလှသိန်း(ခ)မော်ဂျီဟူလာ(ရပ်မိရပ်ဖ) အဖွဲ့ဝင် မောင်တောမြို့၊ ရခိုင်ပြည်နယ် (ည) ဒေါက်တာကျော်ရင်လှိုင် အတွင်းရေးမှူး Myanmar Egress

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်
ပေါက် ရန် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

(က) ၁၃-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်းကျေးရွာ၌ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
သေဆုံးရသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း ၍ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်-မဟုတ်။

(ခ) ၂၈-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း(အနောက်)ကျေးရွာ မီး လောင်မှုဖြစ်ပွားရသည့် အကြောင်းရင်း
နှင့် မည်သူ့ ပယောဂကြောင့် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း။

(ဂ) ဒုချီးရားတန်း(အနောက်) ကျေးရွာ မီးလောင်သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအမြစ်မရှိသော မမှန်ကန် သည့် သတင်းထုတ် လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း။
(ဃ) ဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ နေအိမ်ဥစ္စာ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေ။

(င) ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက် များကို နိုင်ငံတော် သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံဆောင်ရွက်ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေး နိုင်သည့်အပြင် သက်သေများဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ် ခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို
ဆောင်ရွက်ခွင့်ရှိသည်။

စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အရောက် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။


(ပုံ)
သိန်းစိန်
 နိုင်ငံတော်သမ္မတ
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တိုယိုတာ ရဲ့  ပထမဆုံး Land Cruiser


ပုံမှာ မြင်တွေ့နေရတဲ့ ဂျစ်ကားကို ဂျပန် တိုယိုတာက ထုတ်တဲ့ Land Cruiser ကားဆိုရင် ဘယ်သူ ယုံမှာလဲ။ အဲဒါ တကယ် Land Cruiser ကား စစ်စစ်ပါ။ ဂျပန်နိုင်ငံမှ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ကနဦးမျိုးဆက် Land Cruiser ဖြစ်ပါတယ်။


၁၉၅၁ ခုနှစ်မှ ၁၉၅၅ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ကားတွေပါ။ သူ့ကို ပထမမျိုးဆက်လို့ သတ်မှတ်ပြီး စစ်ပွဲမှာ အသုံးပြုဖို့အတွက် ထုတ်လုပ်ဖြစ်ခဲ့ တာပါ။ BJ နဲ့ FJ ဆိုပြီး အင်ဂျင်အလိုက် ၂ မျိုးခွဲထုတ်ခဲ့ပါတယ်။ ကိုးရီးယား ကျွန်းဆွယ်စစ်ပွဲမှာ အသုံးပြုဖို့အတွက် အမေရိကန်မှ တိုက်ရိုက် အော်ဒါ မှာယူမှုအတွက် စတင် ထုတ်လုပ်ပေးခဲ့ပါတယ်။ အစီးရေ ၁၀၀ ကျော် ပါ။ နောက်တော့ စစ်ပွဲ အတွက်သာ မကတော့ပဲ နယ်ပယ်စုံမှာ အသုံးပြုရန် အတွက် ထုတ်လုပ်လာခဲ့ပါတယ်။ ပထမမျိုးဆက်မှာတင် အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဂျပန် ပြည်တွင်းမှာသာမက အမေရိကန် အထိတောင် ရောက်ရှိတဲ့ ကား ဖြစ်ခဲ့ရပြီး လူကြိုက်များခဲ့ပါတယ်။

အင်ဂျင်အရွယ် ၃.၄ လီတာ နဲ့ ၃.၉ လီတာ L ပုံစံ ဆလင်ဒါ ၆ လုံးပူး အမျိုးအစားကို အသုံးပြုပါတယ်။ ဓာတ်ဆီ အင်ဂျင်တွေပါ။ ပုံစံအရကော အကြမ်းခံသလို၊ အင်ဂျင်စွမ်းဆောင်ရည်ကလည်း မြင့်ပါတယ်။ ဒါကြောင့်လည်း စစ်ပွဲသုံး ကား ဖြစ်ခဲ့တာပါ။ နောက်တော့ သူ့ရဲ့  အောင်မြင်မှုကြောင့် ဒုတိယ မျိုးဆက်ထုတ်လုပ်ဖို့ အကြောင်းဖန်ခဲ့ပြီး 20 Series လို့ အမည်ခွဲပေးတဲ့ Land Cruiser ကားများကို ၁၉၅၅ နောက်ပိုင်း ဆက်ထုတ် ပါတယ်။ ယနေ့ချိန်မှာတော့ Land Cruiser ကားဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး SUV ကား Brand ထဲမှာ ပါဝင်လာပြီး ဂျပန်တိုယိုတာရဲ့  ဝင်ငွေ အရှာပေးနိုင်ဆုံး ကားတစ်မျိုး ဖြစ်လာစေခဲ့ ပါတယ်။
.
Ref: autoblog
အောင်ခမ်း ( www.innewsmyanmar.com )

ထိုင်းဆန္ဒပြပွဲများကြောင့် ၄ နှစ်ဗီဇာပြည့် အလုပ်သမားများ အခက်တွေ့


ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်နေတာ သုံးလကျော်ကြာမြင့်လာတဲ့အတွက် ဗီဇာသက်တမ်းပြည့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တိကျတဲ့ဝန်ဆောင်မှု လုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်လို့ အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၄ နှစ်ပဲ အလုပ်လုပ်ခွင့် ရှိပြီး ၄ နှစ်ပြည့်ရင် ပတ်စပို့အသစ်၊ ဗီဇာအသစ် ပြန်လဲရမယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ရက်ဆက်ဆန္ဒပြပွဲတွေကြောင့် နယ်စပ် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းတွေ မဖွင့်နိုင်သေးလို့ အလုပ်သမားတွေ အခက်တွေ့ နေရတာဖြစ်ပါတယ်။

ဗီဇာသက်တမ်းလွန် အလုပ်သမားတွေရဲ့ အခက်အခဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ခုလိုပြောပါတယ်။
“၄ နှစ်ဗီဇာပြည့်တာနဲ့ သူတို့မှာ သက်တမ်းကုန်ပြီ၊ သက်တမ်းကုန်ရင် နံပါတ် ၁ အလုပ်ရှင်က ပြဿနာရှာတယ်။ နံပါတ် ၂ ပွဲစားတွေက နည်းအမျိုးမျိုးနဲ့ သူတို့အားနည်းချက်ကို အခွင့်ကောင်းယူပြီးမှ လုပ်ပေးမယ် ဘာညာပြောပြီး ပိုက်ဆံယူတယ်။ နံပါတ် ၃ က အဲဒီ အားနည်းချက်ရှိတာမှာ နဂိုကတည်းကိုက ဗမာဆိုရင် ဖမ်းချင်နေတဲ့ ထိုင်းပုလိပ်တွေက စာအုပ်တောင်းကြည့်ပြီး စာအုပ်လှန်ကြည့်တယ်။ ၂ နိုင်ငံအစိုးရက ထောက်ခံပေးတဲ့ လက်မှတ်မရှိ ရင် ငွေတောင်းတော့တာပေါ့။ သူတို့မှာ အဲလိုဖြစ်နေတာ။”

မဟာချိုင်မှာ အလုပ်သမား ၁၄ ယောက်က ပတ်စပို့လုပ်ဖို့ ပွဲစားဆီငွေ ၁ ယောက် ဘတ် ၄ ထောင် ပေးထားပေးမယ့် ခုထိ လက်မှတ်မရလို့ ငွေပြန်တောင်းတဲ့အခါ ပြဿနာဖြစ်ကြောင်း၊ ပွဲစားက အကွက်ဆင်အမှုလုပ်တဲ့အတွက် ၁ ဦးကို ရဲက ဖမ်းထားကြောင်း သူက ရှင်းပြပါတယ်။

၎ နှစ်ပြည့်ဗီဇာလွန်တဲ့ အလုပ်သမားတွေထံက အခက်အခဲတွေကို နေ့စဉ် ကြားနေရကြောင်းနဲ့ ဒီကိစ္စတွေကို နှစ်နိုင်ငံ တာဝန်ရှိသူတွေကသာ ဖြေရှင်းပေးမှ ဖြစ်မယ်လို့ ပြောပါတယ်။
အလုပ်သမားတွေက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိကို ဆက်သွယ်ကြပေမယ့် မထိရောက်ကြောင်း၊ ထိုင်းနိုင်ငံရောက် သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမား ပြဿနာတွေကို သံအရာရှိတဦးတည်းနဲ့ ဖြေရှင်းမပေးနိုင်တာကြောင့် သံအရာရှိဦးရေ တိုးမြှင့် ခန့်ထားဖို့ လိုအပ်ကြောင်း ဦးကျော်သောင်းက အကြံပြုပါတယ်။

အလုပ်သမားတွေဟာ ၄ နှစ်ဗီဇာပြည့်သွားပြီဆိုရင် အလုပ်ရှင်နဲ့အတူ သက်ဆိုင်ရာ အလုပ်သမားရုံးကို သွားပြီး သတင်းပို့ထားဖို့ နယ်စပ် ၂ ဘက်နိုင်ငံ လ၀က ရုံးမှာသွားပြီး တံဆိပ် ထုဖို့ ထိုင်း-မြန်မာသံရုံးကကော ထိုင်းအလုပ်သမားရုံးတွေကပါ သတိပေးထားတာတွေရှိပေမယ့် လက်တွေ့မှာ လိုက်နာဖို့ အခက်အခဲတွေ ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ခုလိုပြောပါတယ်။

“အခုလို လုပ်လို့ရတယ်ဆိုတာက မှန်တယ်။ သို့သော် ထိုင်းနိုင်ငံအစိုးရက တရားဝင် သတ်မှတ်ပြီးမှ နယ်စပ်မှာ ၀မ်းစတော့ပ်ဆားဗစ်စင်တာတွေ ဖွင့်ပြီးမှသာလျှင် အဲဒီ အလုပ်သမားက ထွက်လို့ဝင်လို့ရမှာ ခုလောလောဆယ် ထိုင်းအစိုးရကိုယ်တိုင်ဘာမှ အလုပ် မလုပ်နိုင်ဘူး။ ယန္တရားတွေ အကုန်လုံးရပ်ဆိုင်းထားရတဲ့ အတွက်ကြောင့်၊ ဒီလူတွေက ထွက်သွားပြီးရင်လည်း ပြန်ဝင်လို့မရတော့ဘူး။ ကိုယ့်နိုင်ငံမှာလည်း အလုပ်အကိုင်က အဆင်မပြေသေးဘူး။ အဲဒါကြောင့် အလုပ်သမားတွေက ဒီမှာပဲ ပေကပ်ပြီးနေနေရတာပါ။”

ထိုင်းနိုင်ငံမှာ လက်ရှိ ၄ နှစ်ဗီဇာပြည့် မြန်မာအလုပ်သမားတွေ သိန်းဂဏန်းထိ ရှိသွားပြီလို့ ဦးအောင်ကျော်က ပြောပါတယ်။
ဒီပြဿနာတွေ ဖြေရှင်းရေးနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်း ၅ ခု ဖွင့်လှစ်မယ့် နောက်ဆုံးဆောင်ရွက်မှု အခြေအနေတွေ သိရဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

DVB Burmese

ပုဆိုးချွတ်ခံရသည်ကို ရှက်သဖြင့် ကျောင်းသားတစ်ဦး ဆွဲကြိုးချသတ်သော


မင်္ဂလာဒုံမြို့နယ်တွင် ခုနစ်တန်း ကျောင်းသား တစ်ဦး စာသင်ကျောင်းတွင် အချင်းချင်း ပုဆိုးချွတ်စနောက် ခံရသဖြင့် အရှက်ရကာ နေအိမ်တွင် မိမိကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှုတစ်ခု ဖေဖော်ဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံရဲစခန်း တာဝန်ရှိသူများသည် စမ်းဝကြီးရပ်ကွက်၊ ဇေယျာသီရိလမ်း၊ အမှတ် (၁၆) နေ အိမ်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ညနေ ၄ နာရီခွဲအချိန် သတင်းအရ သွားရောက်စစ်ဆေး ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ် အထက (၅)တွင် တက်ရောက်ပညာသင်ကြားနေသည့် ခုနစ် တန်းကျောင်းသား မောင်အောင်ဇင်ဦး (၁၃)နှစ် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းသည် နေအိမ်အပေါ်ထပ် ၈ ပေခန့်အမြင့်ရှိ ထုပ်တန်းတွင် (၁၄) ပေအရှည် ရှိ ချည်ကြိုးအဖြူအား နှစ်ခေါက်ခေါက်လျက်နှစ်စတွဲ တစ်ဖက်ချည်ထားပြီး ကျန်နှစ်တွဲတစ်ဖက်တွင် ကွင်းချောပုံသဏ္ဍာန်ပြု လုပ်၍ လည်ပင်းစွပ်လျက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ဆေးရာ သေဆုံးသူသည် ကျောင်းတွင် ကျောင်းသားအချင်းချင်း နောက်ပြောင်ရာမှ ပုဆိုး ချွတ်ခံရသည့်အတွက် အရှက်ရကာ စိတ်ထိခိုက်ပြီး ဆွဲကြိုးချသေဆုံးခြင်း ဖြစ်သည်ဟု ကနဦးအနေဖြင့် သိရှိထားရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် သေဆုံးသူအလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ထားပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မ ဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် မင်္ဂလာဒုံရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၄ဖြင့် အမှုစစ် ဒု-ရဲမှူးဝင်မြင့် (စခန်းမှူး)က စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ရွှေတိဂုံဘုရားပေါ်တွင် အမျိုးသမီးတစ်ဦးသေကြောင်းကြံ


အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ရွှေတိဂုံစေတီပေါ်တွင် မိမိကိုယ်ကို သတ်သေရန် ကြိုးစားအားထုတ်ခဲ့ သဖြင့် ဒဂုံရဲစခန်းက ဖေဖော်ဝါရီ ၅ ရက်တွင် အမှုဖွင့်ပြီး သေကြောင်းကြံသူကို အရေးယူရန် လုပ်ဆောင် လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရွှေတိဂုံစေတီတော်ရင်ပြင် ရေကြည်တော်အသင်း တန်ဆောင်းတွင် ဇန်န၀ါရီလ ၃၀ ရက်က ဖြစ်ပွားထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တန်ဆောင်းတွင် အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးသောက်၍ မေ့မြောနေကြောင်း သတင်းအရ စေတီတော်လုံခြုံရေးတပ်ခွဲမှူး ဦးတင်အောင်မိုး ခေါင်းဆောင်သည့်အဖွဲ့ က သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သေကြောင်းကြံစည်သူမှာ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားဂရာလမ်း၊ အမှတ် (၇၈)နေ မဇာခြည်ဝင်း(၂၅)နှစ်၊ စက်ချုပ်ဖြစ်သည်ဟု အတည်ပြုထားသည်။

သူမကို အသုံပြုပြီး ပိုလိုပိုးသတ်ဆေး ပုလင်းခွံအသေးနှစ်ပုလင်း၊ အသုံးမပြုရသေးသည့် ပိုလိုပိုးသတ်ဆေး တစ်ပုလင်းတို့ဖြင့် တွေ့ရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ ကုသပေး ခဲ့ရသည်။

ထိုသေကြောင်းကြံစည်မှုကြောင့် သူမကို အရေးယူပေးရန် ဒု-ရဲအုပ် သန်းကျော်က တိုင်တန်းသဖြင့် ဒဂုံ ရဲစခန်းက (ပ)၂၆ /၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးသွားမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ဦးပြင်အောင်၏ ဖွဲ့စည်းပုံမျိုးကတော့ မဟန်လှသေး



Written by ဦးတင်ဦး( ကျူရှင်)

ဇန်န၀ါရီ ၂၁ ရက်ထုတ် မဇ္ဈိမသတင်းစာတွင် ကျွန်တော်ရေးသားခဲ့သော “ပြည်သူတွေကို လျှော့မတွက် ပါနဲ့” ဟူသော ဆောင်းပါးတွင် ကျွန်တော်တို့ရွာက နမက္ကာရ ဦးချိုအကြောင်းပုံပြင်ကို ကျွန်တော် ပြောပြ ခဲ့ပါသည်။

ယခုလည်း ကျွန်တော် ပုံပြင်တစ်ပုဒ် ပြောပြလိုပါသေးသည်။ ကျွန်တော်ကသာ “ပုံပြင်” ဟူ၍ ခေါ်ဝေါ်သုံး စွဲနေရသော်လည်း တကယ်တော့ ရုတ်တရက် နားထောင်လိုက်လျှင် မယုံချင်စရာမျိုး ဖြစ်နေ၍သာ ထိုသို့ သုံးရခြင်း ဖြစ်ပါ၏။ ဖြစ်ရပ်ကတော့ ဒဏ္ဍာရီ မဟုတ်ပါ။ တကယ့်ဖြစ်ရပ်ပါ။

ယခုပြောမည့် ပုံပြင်ကလည်း ဒဏ္ဍာရီ မဟုတ်။ တကယ့်ဖြစ်ရပ်ပါ။ ကျွန်တော် ပျဉ်းမနား သကြားစက်တွင် အလုပ်လုပ်နေစဉ် ၁၉၆၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်းကဖြစ်ရပ် ဖြစ်ပါသည်။

ထိုစဉ်က သကြားစက်များမှာ စက်မှုလက်မှု တိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်း (စ၊ တ၊ လ၊က) ၏ လက် အောက်တွင်ဖြစ်၍ ထိုနှစ်များအတွင်းက တစ်နှစ်တွင် စ၊ တ၊ လ၊ က ရုံးချုပ်ကစက်ရုံ၏ ဖွဲ့စည်းပုံ (Set- up) ကို အသစ်ရေးဆွဲတင်ရမည်ဟု ပျဉ်းမနားသကြားစက်သို့ ညွှန်ကြားစာ ပို့ပါသည်။ ထို့ကြောင့် စက်ရုံ မှူး (ထိုစဉ်ကတော့ မန်နေဂျာဟု ခေါ်သည်) ကဌာနကြီးမှူးများကို မိမိတို့ဌာန၏ ဖွဲ့စည်းပုံကို ရေးဆွဲတင် ပြရန် ဆက်လက်ညွှန်ကြားပါသည်။

ပျဉ်းမနားသကြားစက်တွင် ထိုစဉ်က အုပ်ချုပ်ရေးဌာန၊ ငွေစာရင်းဌာန၊ ကြံဝယ်ဌာန၊ ပစ္စည်းထိန်းဌာန၊ အလုပ်သမားဌာန၊ အင်ဂျင်နီယာဌာန၊ သကြားထုတ်လုပ်ရေး ဌာနဟူ၍ ဌာနအသီးသီးရှိပေရာ ထိုဌာန တွေ၏ ဌာနကြီးမှူးများက မိမိတို့ဌာန၏ ဖြစ်သင့်သော အဆိုပြု ဖွဲ့စည်းပုံမူကြမ်းကို အုပ်ချုပ်ရေးဌာနသို့ ပို့ပေးရပါသည်။ အုပ်ချုပ်ရေးဌာနက ဌာနအသီးသီး၏ ဖွဲ့စည်းပုံ မူကြမ်းများကိုစိစစ်၍ စက်ရုံမှူးထံ တင်ပြ ကာ သကြားစက်တစ်ခုလုံး၏ ဖွဲ့စည်းပုံကို ရေးဆွဲ၍ စ-တ-လ-က ရုံးချုပ်သို့ တင်ပြပေးရမည် ဖြစ်ပါ၏။

ထိုစဉ်က ကျွန်တော်သည် အင်ဂျင်နီယာဌာနနှင့် အလုပ်သမားဌာနတို့၏ ၀န်ထမ်းရေးရာကိစ္စများကို ကိုင် တွယ်ဆောင်ရွက်ရသည့် စာရေးဖြစ်၍ ထိုဌာနကြီးမှူးကြီးများ ရေးဆွဲတင်ပြလာသော ဖွဲ့စည်းပုံများကို လက်ခံ၍ စိစစ် တင်ပြပေးရပါသည်။

ကျွန်တော်ကိုင်သည့် နှစ်ဌာနအနက် အလုပ်သမားဌာန၏ လက်ရှိဖွဲ့စည်းပုံ အင်အားမှာ အလုပ်သမား အရာရှိတစ်ဦး၊ အထက်တန်းစာရေးတစ်ဦး၊ အမြဲတမ်း အောက်တန်းစာရေးတစ်ဦးနှင့် ရုံးအကူတစ်ဦးတို့ ဖြစ်ပါသည်။

အစိုးရဌာနများ၏ ဖွဲ့စည်းပုံရေးဆွဲရာ ၌ မည့်သည့်ဌာနတွင် မည်သည့်ရာထူးက အရေအတွက် ဘယ်မျှ၊ လစာနှုန်း ဘယ်လောက်၊ ရာထူးအလိုက် လိုအပ်သည့် အရည်အချင်းနှင့် တာဝန်များကဘာ စသည်ကို လည်း ဖော်ပြရမြဲ ဖြစ်ပါသည်။

ဤတွင် အလုပ်သမားအရာရှိ လက်အောက်၌လုပ်နေသူ လက်ရှိ အထက်တန်း စာရေးကြီး သူ့အမည်ကို ဦးပြင်အောင်ဟု မှတ်လိုက်ပါစို့။) က ထိုဌာနအတွက် ဖွဲ့စည်းပုံကို ရေးဆွဲပေးပြီး အလုပ်သမားအရာရှိက လက်မှတ်ထိုး၍ အုပ်ချုပ်ရေးဌာနကို ပို့ပေးသည်ကို ကျွန်တော်က စိစစ်တင်ပြရခြင်း ဖြစ်ပါသည်။

ဦးပြင်အောင်သည် သူ့ဖွဲ့စည်းပုံအသစ်တွင် လက်ရှိ ရှိပြီးရာထူးများအပြင် ဌာနခွဲစာရေးကြီး ရာထူးတစ်နေ ရာကိုလည်း တိုးဖြည့်ရေးဆွဲထားကာ ထိုရာထူးများအတွက် လိုအပ်သော ပညာအရည်အချင်းများကို လည်း သတ်မှတ်ပေးထားပါသည်။

အောက်တန်းစာရေးအတွက် လိုအပ်သော ပညာအရည်အချင်းမှာ တက္ကသိုလ် ၀င်တန်းအောင် သို့မဟုတ် အနည်းဆုံး အထက်ကျောင်းထွက်လက်မှတ် (S.L.C) ဖြစ်စေ၊ ဟိုက်စကူးဖိုင်နယ် စာမေးပွဲအောင်လက် မှတ် (H.S.F) ဖြစ်စေရသူ ဖြစ်ရပါမည်။

အထက်တန်း စာရေးအတွက် ဥပစာ (သိပ္ပံ) သို့မဟုတ် ဥပစာ(၀ိဇ္ဇာ) (ယခုခေတ် လိုဆိုလျှင် ၀ိဇ္ဇာ ၊ သိပ္ပံ ဒုတိယနှစ်အောင်) သို့မဟုတ် အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်သူ ဖြစ်ရပါမည်။ ရာထူးသစ်ဌာနခွဲ စာရေးကြီး ရာထူးအတွက် လိုအပ်သော အရည်အချင်းမှာမူ အထက်တန်း စာရေးရာထူးတွင် လုပ်သက် အနည်းဆုံး ငါးနှစ်ရှိသူဖြစ်ပြီး ပညာ အရည်အချင်းက အင်္ဂလိပ်မြန်မာ ခုနစ်တန်း အောင်သူ ဖြစ်ရပါမည်။
စာဖတ်သူများက “ဘယ်လိုကြီးလဲဟ အောက်တန်းစာရေးရာထူးတောင် တက္ကသိုလ်ဝင်တန်း အောင်ဖို့ လိုအပ်ပြီး သူ့ထက် နှစ်ဆင့်မြင့်ရာထူးဖြစ်သည့် ဌာနခွဲစာရေးကြီး ရာထူးကျတော့ အထက်တန်းစာရေး လုပ်သက် ငါးနှစ်နှင့် ခုနစ်တန်းအောင်သာ ဖြစ်နေပါကလားဟု တွေးမိချင် တွေးမိကြလိမ့်မည်။

အံ့သြမိကြလိမ့်မည်။ မအံ့သြကြပါ နှင့်။ ထိုဖွဲ့စည်းပုံရေးဆွဲသူ ဦးပြင်အောင်က အထက်တန်း စာရေးလုပ် သက် ငါးနှစ်ရှိနေသူဖြစ်ပြီး ခုနစ်တန်းသာအောင်သူ ဖြစ်ပါသည်။ ထို့ကြောင့် သူ့၏ဖွဲ့စည်းပုံသစ်မှာ ဌာန ခွဲစာရေးကြီး ရာထူးတစ်နေရာကို ထို အရည်အချင်း သတ်မှတ်ချက်နှင့် ရေးဆွဲခြင်း ဖြစ်ပါသည်။

ကျွန်တော်က ဦးပြင်အောင် ရေးဆွဲသည့်ဖွဲ့စည်းပုံကို အလွန်သဘောကျသဖြင့် ရုံးအုပ်ဖြစ်သူအား “ဆရာ၊ ဦးပြင်အောင်ရဲ့ ဌာနခွဲစာရေးကြီးရာထူးအတွက် သတ်မှတ်ချက် အရည်အချင်းထဲမှာ တစ်ချက်ဖြည့်လိုက် ချင်တယ်” ဟုပြောရာ “မင်းက ဘယ်လိုဖြည့်ချင်လို့တုန်း” ဟု ကျွန်တော့်ဆရာ ရုံးအုပ်ကြီးက မေးပါသည်။

“ဌာနခွဲစာရေးကြီး ရာထူးတွင် တာဝန်ထမ်းဆောင်မည့်သူသည် ဦးပြင်အောင် ဖြစ်ရမည်လို့ ဖြည့်ချင်တာ ပါ” ဟု ဖြေလိုက်သောအခါ “မင်းကလည်းကွာ ဒီကောင် ပြင်အောင်က ခုနစ်တန်းလောက်သာ အောင် ပေမယ့် ပညာရှိကွ” ဟု ပြန်ပြောပါသည်။

ယနေ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စကို အုန်းအုန်းကျွက်ကျွက် ပြောဆိုနေကြသံများကို ကြားရသည့်အခါ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် စာရေးကြီး ဦးပြင်အောင်ကို သတိရမိစရာ ဖြစ်ပါသည်။ ဦးပြင်အောင် သည် ညောင်နှစ်ပင် မပေါ်ခင် ကွယ်လွန်သွားပြီဖြစ်သော်လည်း ညောင်နှစ်ပင်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲကြသည့်အခါ ဦးပြင်အောင်၏ ပညာမျိုးတွေ အများကြီးရှိသူများ ပေါ်ထွက်ခဲ့သည်ဟု ဆိုရပေ မည်။

ဦးပြင်အောင်က ဌာနခွဲစာရေးကြီး ရာထူးကို ငါပဲယူမည်ဟု သူ့ဖွဲ့စည်းပုံထဲတွင် ထည့်မရေးထားသော် လည်း အထက်တန်းစာရေး လုပ်သက်ငါးနှစ်ရှိရမည်နှင့် ခုနစ်တန်းအောင်ရမည်ဆိုတာများနှင့် ချုပ်ထား လိုက်သည်။ ထိုရာထူးကိုလုပ်လို၍ ဘီအေအောင်သူက လာလျှောက်တောင်မှ အထက်တန်း စာရေး လုပ်သက် ငါးနှစ်မရှိတာနှင့် ဌာနခွဲစာရေးကြီး ဖြစ်ခွင့်ရမည် မဟုတ်ပေ။

၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲသူများသည်လည်း ဦးပြင်အောင်ကဲ့သို့ပင် ပညာရှိကြပါပေသည်။ ဒေါ်အောင်ဆန်း စုကြည် နာမည်ကိုကား ပုဒ်၅၉ (စ) တွင် ရေးမထားခဲ့ကြပါ ပေ။ ပုဒ်မ ၅၉(ဃ) ကိုလည်း စစ်ဗိုလ်ချုပ်ကြီးများမှအပ သာမန်ပြည်သူများ သမ္မတဖြစ်ခွင့်မရှိစေရဟု ရေးမထားခဲ့ကြပါပေ။

(၃-၂-၂၀၁၄) နေ့ထုတ် ဤသတင်းစာတွင် ဖော်ပြထားသော “ပုဒ်မ ၅၉(စ) ကို မပြင်သင့်ဟု ဟောပြော” ဟူသော သတင်းနှင့်ဆက်စပ်၍ တွေ့ဆုံမေးမြန်းသူများ၏ ဖြေကြားချက်များကို ဖတ်ရှုမိသည့်အခါ ထို လူပုဂ်္ဂိုလ်၊ ရဟန်းပုဂ်္ဂိုလ်များ၏ အလိုအရ နိုင်ငံ၏ အနာဂတ်အတွက် အမြော်အမြင် နှင့်ရေးဆွဲထားသော ပုဒ်မ ၅၉(စ) ကို ပြင်လိုသူများသည် မိုက်မဲရာကျမည့်သဘော ရှိနေသည်။

ကျွန်တော်သည် ထိုထိုပုဂ်္ဂိုလ်များ၏ အာဘော်ကို ဖမ်းကြည့်လိုက်သည့်အခါ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတုန်းက ယခု၂၀၀၈ ဥပဒေထဲက ပုဒ်မ ၅၉(စ) လို ကန့်သတ်ချက်တွေကို ထည့်မရေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် တော်တော် အမြော်အမြင် နည်းသူပေတကား။ ၁၉၇၄ ခုနှစ် ဥပဒေတွင်လည်း ယခု ၅၉(စ) လိုမျိုးကို ထည့်ရေးမဆွဲခဲ့သည့် ဦးနေ၀င်းသည် တော်တော်ညံ့သော စစ်ခေါင်းဆောင်ကြီးပေ တ ကားဟု တွေးချင်ချင် ဖြစ်လာမိသည်။

ပုဂ်္ဂိုလ်ရေးကိုရည်ရွယ်ပြီး ဆွဲထားတာ မှန်းထင်ရှားနေသော ဥပဒေပုဒ်မကို ပြင်ရေး မပြင်ရေး ပြောကြရာတွင် “ဥပဒေမပြင်ရေးဆိုတာ ပုဂ်္ဂိုလ်ရေး မပါ,ပါဘူး” ဆိုသော နိုင်ငံရေးသမားများ ပေါ်ထွက်လာတာကို ကြည့်ရသောအားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် အားရစဖွယ် ရင့်ကျက်လာချေပြီ တကားဟုပင် တွေးစရာ ဖြစ်လာပါသည်။

ကျွန်တော် နားလည်သလောက် ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သူသမ္မတဖြစ်ရေး၊ မဖြစ်ရေး ဆိုတာထက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပီပီပြင်ပြင် ပေါ်ထွက်ရေးအတွက် ဒီမိုကရေစီစံနှုန်းများနှင့် မညီ သော အခြေခံဥပဒေကိုပြင်ဖို့ ပြောနေခြင်း ဖြစ်သည်။ ပုဂ်္ဂိုလ်ရေးအမည်ဖြင့် တပ်ပြောရလျှင် ယနေ့ မြန်မာ့ နိုင်ငံရေး၏ မျက်နှစာတွင် ရှေ့တန်းရောက်နေကြသော ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦး ရွှေမန်းတို့သည် နောက်ထပ် အနှစ် ၃၀ အထိ မနေရတော့ဖို့ များသော အသက်အရွယ်တွေ ရောက်နေသူတွေချည်း ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင် ငယ်တော့သည့်အရွယ် မဟုတ်တော့ပါ။

မြန်မာနိုင်ငံတွင် ထိုသူတွေ ရှိသေးသည် ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှိနေ ရမည် ဖြစ်သည်။ အရှည်သဖြင့် တည်နေရမည့် အခြေခံဥပဒေက ဒီမိုကရေစီစံတွေနှင့် ဆန့်ကျင်ဖီလာ တွေ များနေသည်ဆိုလျှင် ဒီမိုကရေစီစကားကို ကျယ်ကျယ်လောင်လောင် မပြောကြသေးတာက ပို ကောင်းပါလိမ့်ဦးမည်။

တကယ်တော့ သမ္မတကြီး ဦးသိန်းစိန်စသော လက်ရှိခေါင်းဆောင်များက ဒီမိုကရေစီ စံနှင့်မညီသော အခြေခံဥပဒေကိုပဲ ဆက်လက်ရှိနေသေးချင်သည့်သဘောက ဤသို့ ဤသို့သော အကြောင်းတွေကြောင့်ပါဟု ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပြောမည် ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထား သော လေးပွင့်ဆိုင်ဆွေးနွေးပွဲကို လက်ခံပြီး ရှင်းပြဆွေးနွေးပြနိုင်ဖွယ် ရှိပါသည်။

ကျွန်တော် ခန့်မှန်းကြည့်မိသလောက် ပြောရသော် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာ့နိုင်ငံရေး တွင် လောလောဆယ်၌ တပ်မတော်၏အခန်းကဏ္ဍက ရှိသင့်သလောက် ရှိနေရဦးမှာဖြစ်မည်ဟု အမှန် အတိုင်း တွေးထားမိလောက်ဖွယ် ရှိပါသည်။ အရေးကြီးတာက ရိုးသားပွင့်လင်းပြီးနိုင်ငံကို တစ်ကယ်ချစ် ကြဖို့ ဖြစ်ပါသည်။ ကျွန်တော်တို့မိတ်ဆွေကြီး ဦးပြင်အောင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ(set up)နှင့် ပမာတူ သော ၂၀၀၈ အခြေခံဥပဒေ (constitution) ကို ဘဒ္ဒကမ္ဘာချဉ်းအောင် ကာကွယ် စောင့်ရှောက်သွားမည် ဟူသော အယူအဆမျိုးကို အတင်း ဆုပ်ကိုင်မထားကြပါနှင့်ဟု လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အပေါ် (မင်းမှာသစ္စာ လူမှာကတိဆိုပြီး အထပ်ထပ်) သစ္စာဆိုထားသော အမတ်မင်းများကိုလည်း မေတ္တာ ရပ်ခံလိုပါသည်။

မဇ္ဈိမ 

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ




မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။

အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်။
မြ၀တီ

သရုပ်ဆောင်ရဲတိုက်၏အမှု ရှစ်လနီးပါး ကြာမြင့်သည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆို



သရုပ်ဆောင်ရဲတိုက်၏ အမှုမှာ စတင်ဖမ်းဆီးချိန်မှ ယခုအထိ ရှစ်လနီးပါး ကြာမြင့်လာသော်လည်း အပြီးသတ်အမိန့် ချမှတ်နိုင်ခြင်းမရှိသေးဘဲ ရုံးချိန်းခေါ်ဆိုနေသည့် အဆင့်သာရှိနေကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက် (၃၀)နှစ် (ဘ) ဦးထွန်းညွန့်မော် (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင်၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ကျောက်တံခါးမြို့မရဲစခန်းမှ ပ-၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက်ဝယ်ထားရှိသူ မူးယစ်ပုဒ်မ-၁၅/၁၆(ဂ) ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် တရားရုံးမှရာကြီး ၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအက်ဥပဒေပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ဆက်လက် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆိုခဲ့သည်။သရုပ်ဆောင်ရဲတိုက်မှာ တောင်ငူမြို့ အကျဉ်းထောင်မှ ကျောက်တံခါးမြို့ မြို့မရဲစခန်းသို့ မွန်းတည့် ၁၂ နာရီ ခန့် ရောက်ရှိလာခဲ့သည်။ ထို့နောက် တရားရုံးသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြန်လည် ထွက်ခွာသွားသည်။

သရုပ်ဆောင်ရဲတိုက်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်းထပ်မံ ခေါ်ဆိုထားကြောင်း သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်အတွက် ကျောက်တံခါးမြို့နယ် တရားသူကြီးအား တွေ့ခွင့်တောင်းသော်လည်း မရရှိခဲ့ပေ။ မြို့နယ်ဥပဒေအရာရှိ ဦးဝေယံမြင့်နှင့် တွေ့ခွင့်ရခဲ့သော်လည်း ရဲတိုက်အမှုနှင့် ပတ်သက်၍ မည်သို့မျှပြောဆိုနိုင်ခြင်း မရှိကြောင်းသာ ပြန်လည်ပြောကြားခဲ့ပြီး ၎င်း၏ အကျိုးဆောင်ရှေ့နေကလည်း အမှုအကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

သရုပ်ဆောင်ရဲတိုက်အား တရားရုံးမှ ပြန်လည်ခေါ်ဆောင် သွားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်

Eleven Media Group

အမဇုံ တောက လူမျိုးစုတို့ ဘဝများ ( အပိုင်း ၁ )


သတင်းထောက် အဖွဲ့တဖွဲ့ဟာ သက်စွန့်စံဖျားခရီးတခုအဖြစ် အမဇုံ တောနက်တွင်းက ဗီဒီယိုမှတ်တမ်းတွေ ကို ပြုစုခဲ့ကြပါတယ်။ မနှစ်က မေလက စပြီး အပိုင်းလိုက် ထုတ်လွှင့်တင်ပြနေခဲ့တာပါ။
သတင်းမှတ်တမ်းပြုစုသူတွေဟာ ဇူးလူမျိုးစုတွေနဲ့ တွေ့ဆုံခဲ့ပြီး လူမျိုးစု ခေါင်းဆောင်ရဲ့ ခွင့်ပြုမှုနဲ့ အဲဒီ ဇူး လူမျိုးစု ရွာမှာ သူတို့ လူမျိုးစုတွေဘယ်လို စိုက်ပျိုးစားသောက် နေထိုင် အသက် ရှင်ကြတယ်။ ဘယ်လို အမဲလိုက်ကြတယ်ဆိုတာတွေကို မှတ်တမ်းပြုစုခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီမှတ်တမ်းရဲ့ အမည်ကို Tears of the Amazon လို့ အမည်ပေးထားပြီး အခန်းဆက် တင်ပြထားပါတယ်။



အိမ့်သံစဉ် ~
arrawady

ရခိုင်ခေါင်းဆောင် ၂ ဦး မလေးရှားမှာ သေနတ်ပစ်ခတ်ခံရမှုက လွတ်မြောက်




မလေးရှားနိုင်ငံကို ခေတ္တအလည်အပတ် ရောက်နေတဲ့ ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက ကွာလာလမ်ပူမြို့က ကုန်တိုက်တခုက အထွက်မှာ အမည် မသိ သေနတ်သမား တချို့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်ကယ်စီး သေနတ်သမားနဲ့ ကားတစီးပေါ်က သေနတ်သမား တို့ဟာ ကုန်တိုက်တခုက ထွက်လာတဲ့ အဆိုပါ ရခိုင် ခေါင်းဆောင် ၂ ဦးကို သေနတ်နဲ့ ၈ ချက် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ Coral Arakan News သတင်း တပုဒ်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ရခိုင်ခေါင်းဆောင်တွေဟာ ဘာမှ ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းလည်း မရှိခဲ့ဘူးပဲ မလေးရှားနိုင်ငံ
မြန်မာ သံရုံးမှာ လုံခြုံစွာ ရှိနေပြီလို့ သတင်းရပါတယ်။

သေနတ်သမားတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ မသိရပေမယ့် မြန်မာစကားနဲ့ “ ပြေး” လို့ အော်ဟစ် ထွက်ပြေးသွားကြတာဖြစ်တယ်လို့ အဆိုပါ သတင်းက ဖော်ပြထားပါတယ်။

မလေးရှားရောက် ရခိုင်များရဲ့ ဖိတ်ခေါ်မှုနဲ့ ဒေါက်တာ အေးမောင်နဲ့ ဦးအေးသာအောင် တို့ဟာ မလေးရှား ကို သွားရောက်ခဲ့ကြတာဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမှာဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

မလေးရှားက လာတဲ့ သတင်းတွေအရ ရခိုင် ခေါင်းဆောင် ၂ ဦးလုံးဟာ လုံခြုံတဲ့ နေရာမှာ ရောက်နေပြီ
ဖြစ်တယ်လို့ မလေးရှားက ရခိုင်သတင်းရပ်ကွက်တွေက ပြောပါတယ်။

အခု တိုက်ခိုက်ပစ်ခတ်မှုကြောင့် ရခိုင် ခေါင်းဆောင် ၂ ဦး စီးနင်းလိုက်ပါလာတဲ့ ကားမှာတော့ သေနတ် ကျည်ဆံတွေ ထိမှန်သွားခဲ့လို့ အနည်း ငယ်ပျက်စီးမှု ရှိတယ်လို့ ရခိုင်သတင်းရပ်ကွက်က ပြောကြပါတယ်။



အိမ့်သံစဉ် ~
Irrawaddy