ချင်းတောင်ပေါ်က ဇိုမျိုးနွယ်စု ပျောက်ကွယ်သွားနိုင်သလား

ပို့စ်တင်ချိန် - 2/07/2014 08:27:00 PM



အစိုးရသတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးမှာ ချင်း မျိုးနွယ်စုဝင် တိုင်းရင်းသား ၅၃ မျိုး ပါဝင်တယ်။

အဲဒီထဲက တမျိုးဖြစ်တဲ့ ဇိုမျိုးနွယ်စု ပျောက်ကွယ်သွားနိုင်ပါသလား။
 -


အဖြေက - ပျောက်ကွယ်သွားနိုင်ပါတယ် တဲ့။

ပျောက်သွားနိုင်စရာအကြောင်းတခုနဲ့ ပတ်သက်ပြီး   ဇိုမျိုးနွယ်စုဝင်တွေက ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာ သတင်းသမားတွေနဲ့ တွေ့ဆုံစဉ်  ပြောကြားလိုက်ပါတယ်။

အစိုးရက မကြာခင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်မယ်၊ အဲဒီအခါမှာ ဇိုလူမျိုးနွယ်တွေက အချက်အလက်ကို မှန်မှန်ကန်ကန် ဖြည့်စွက်ဖို့လိုတယ်၊ အကြောင်းကတော့  ဆင်တူယိုးမှားနာမည်တခု ရှိနေတာကြောင့်ပါပဲ တဲ့။
အဲဒီ ဆင်တူယိုးမှားနာမည်က ဇိုမီး(ZO MI) ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီအကြောင်းရှင်းပြသူများထဲက တဦးကတော့ ဇို(ZO) စာပေနှင့် ယဉ်ကျေးမှု  ကော်မတီ ဥက္ကဋ္ဌ ဦးမန်းခင်ထန် ဖြစ်ပါတယ်။

ဇို မျိုးနွယ်စုကို အစိုးရက တရားဝင် အသိအမှတ် ပြုထားတယ်၊  နံပတ်က ZO Code 421 ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်၊

အခုအချိန်မှာ  တီးတိန်လူမျိုး (Tiddin Code 424) က ဇိုမီးဒီမိုကရက်တစ်ပါတီ (Zomi Congress For Democracy) ဆိုတာကို ဖွဲ့စည်းထားတယ်၊ ဒေသတွင်း ဇိုမီး မျိုးနွယ်စု ပေါ်ထွက်လာရေးအတွက် စည်းရုံးတာတွေ ရှိနေတယ်လို့လည်း  ဦးမန်းခင်ထန်က ဧရာဝတီသတင်းဌာနကို ရှင်းပြပါတယ်။

    “ဇိုမီးဆိုတာ မရှိခဲ့ဘူး။ ချင်းလူမျိုး ဇိုလို့ပဲ ဟိုးအရင်ထဲက ရှိခဲ့တယ်။ မီး ဆိုတဲ့ အဓိပ္ပါယ်က လူမျိုးကို ခေါ်တာ။ မြန်မာဆိုရင် လူတိုင်းသိကြတယ်။ မြန်မာလူမျိုး ဆိုပြီး ထပ်ထည့်စရာ မလိုတော့ဘူး။ အခုဟာက တိုင်းရင်းသားထဲက ခွဲထွက်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်နေတယ်။ ရှိပြီးသား ဇိုလူမျိုးတွေကို ထိခိုက်နိုင်တယ်”

  ဇိုမီး မျိုးနွယ်စုဆိုပြီး ပေါ်ထွက်လာရင်  ဇို တွေ   နစ်နာမှာဖြစ်လို့ ဒီ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး  သမ္မတရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့ကို ဆက်သွယ်  တိုင်ကြားမယ်လို့လည်း သိရပါတယ်။

အစိုးရက မကြာခင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ဖို့ ပြင်ဆင်နေပြီ ဆိုတော့ ခုကတည်းက ရှင်းရှင်းလင်းလင်း ဖြစ်အောင် သက်ဆိုင်ရာဒေသတွေမှာရော စာနယ်ဇင်းတွေကတဆင့်ပါ ရှင်းလင်းပြောကြားနေကြတာပါ။

ဒါဆိုရင်      ဇိုမီး မျိုးနွယ်စုအမည်ပေါ်ပေါက်ရေး ဆောင်ရွက်နေသူတွေဘက်ကရော ဘယ်လို တုန့်ပြန်မလဲ။ သူတို့လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ကောင်း လုပ်လာနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မင်းဗညား
Irrawaddy