ရွှေတိဂုံဘုရားပေါ်တွင် အမျိုးသမီးတစ်ဦးသေကြောင်းကြံ

ပို့စ်တင်ချိန် - 2/07/2014 04:13:00 PM


အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ရွှေတိဂုံစေတီပေါ်တွင် မိမိကိုယ်ကို သတ်သေရန် ကြိုးစားအားထုတ်ခဲ့ သဖြင့် ဒဂုံရဲစခန်းက ဖေဖော်ဝါရီ ၅ ရက်တွင် အမှုဖွင့်ပြီး သေကြောင်းကြံသူကို အရေးယူရန် လုပ်ဆောင် လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရွှေတိဂုံစေတီတော်ရင်ပြင် ရေကြည်တော်အသင်း တန်ဆောင်းတွင် ဇန်န၀ါရီလ ၃၀ ရက်က ဖြစ်ပွားထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တန်ဆောင်းတွင် အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးသောက်၍ မေ့မြောနေကြောင်း သတင်းအရ စေတီတော်လုံခြုံရေးတပ်ခွဲမှူး ဦးတင်အောင်မိုး ခေါင်းဆောင်သည့်အဖွဲ့ က သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သေကြောင်းကြံစည်သူမှာ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားဂရာလမ်း၊ အမှတ် (၇၈)နေ မဇာခြည်ဝင်း(၂၅)နှစ်၊ စက်ချုပ်ဖြစ်သည်ဟု အတည်ပြုထားသည်။

သူမကို အသုံပြုပြီး ပိုလိုပိုးသတ်ဆေး ပုလင်းခွံအသေးနှစ်ပုလင်း၊ အသုံးမပြုရသေးသည့် ပိုလိုပိုးသတ်ဆေး တစ်ပုလင်းတို့ဖြင့် တွေ့ရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ ကုသပေး ခဲ့ရသည်။

ထိုသေကြောင်းကြံစည်မှုကြောင့် သူမကို အရေးယူပေးရန် ဒု-ရဲအုပ် သန်းကျော်က တိုင်တန်းသဖြင့် ဒဂုံ ရဲစခန်းက (ပ)၂၆ /၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးသွားမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese