မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ် အနာကြီးရောဂါရှင် ငါးရာခန့်ပေါ်ထွက်ဟုဆို

ပို့စ်တင်ချိန် - 2/07/2014 09:17:00 PM



မန္တလေးတိုင်းဒေသကြီးအတွင်း အနာကြီးရောဂါရှင်  တစ်နှစ်လျှင် ငါးရာဦးခန့်  ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ အထူးအရေပြားရောဂါကုဌာနနှင့် မတ္တရာမြို့နယ်အတွင်းရှိ ရေနံ့သာ အနာကြီးဆေးရုံမှ တစ်နှစ်လျှင် အနာကြီးရောဂါသည်အသစ် ပျမ်းမျှ တစ်ရာဝန်းကျင်နှင့်  ငါးဆယ်ဝန်းကျင်ခန့် အသီးသီးရှိနေပြီး  တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့နယ်ပေါင်း ၃၁ မြို့ နယ်တွင်  ရောဂါရှင်ပေါင်း နှစ်စဉ် ပျမ်းမျှ ၃၅၀ ဦး ခန့် ထွက်ပေါ်နေ၍ စုစုပေါင်း လူနာငါးရာခန့်အထိ ရှိနေကြောင်း  မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာန လက်အောက်တွင် ဇုန်များအလိုက် ဖွဲ့စည်းထားသည့် တိုက်ဖျက်ရေးအဖွဲ့ခြောက်ဖွဲ့မှ မြို့နယ်များ၊ ကျေးရွာများထဲသို့ အနာကြီးရောဂါရှိသူလူနာအသစ်များအား ကွင်းဆင်းရှာဖွေမှုများ ပြုလုပ်ပေးနေပြီး လူနာများကိုယ်တိုင်ကလည်း ပင်ကိုကျန်းမာရေးအသိစိတ်ဖြင့် ဌာနတွင်းသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်လာကြသည်ဟုဆိုသည်။

ယင်းသို့ စစ်ဆေးရာမှတစ်ဆင့် မိမိကိုယ်မိမိ အနာကြီးရောဂါဖြစ်ပွားနေသည်ကို သိရှိသွားကြသူများလည်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ထူးကပြောသည်။ ယင်းကဲ့သို့ နှစ်စဉ် စစ်ဆေးရာမှ ထွက်ပေါ်လာသည့် အချက်အလက်များအရ တစ်နှစ်လျှင် ပျမ်းမျှ လူနာသစ် ငါးရာခန့် ထွက်ရှိနေသည်ဟု    ဒေါက်တာမောင်မောင်ထူးကပြောသည်။

““ဌာနအနေနဲ့ ကျန်းမာရေးပညာပေးပွဲတွေ ရွာလုံးကျွတ်ရောဂါစစ်ဆေးပေးတာတွေ လုပ်ပေးတယ်။  ဒါပေမဲ့  သူတို့ကိုယ်တိုင်ကိုက သူတို့မှာရောဂါရှိနေတယ်ဆိုပြီး မရှက်မကြောက်လာပြကြတာပိုများတယ်””ဟု ဒေါက်တာ မောင်မောင်ထူးကပြောသည်။

နှစ်စဉ်ထွက်ပေါ်နေသည့် လူနာအသစ် ငါးရာအနက် သုံးပုံ နှစ်ပုံမှာ အမျိုးသားများဖြစ်ပြီး အသက်(၂၀)နှစ်ထက်ကြီးသူ အများစု ပါဝင်သည်။ ရောဂါဖြစ်ပွားသူများသောက်သုံးရမည့် ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှတစ်ဆင့် ဂျပန်နိုင်ငံအခြေစိုက် ဆာဆာကာဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း ယင်းဌာနမှ သတင်းရရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ် အနာကြီးရောဂါသည်  သုံးထောင်ကျော် ထွက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အများဆုံး ထွက်ပေါ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာမောင်မောင်ထူးက ပြောကြားသည်။

Author:  အေးမွန်ရာပြည့်
7day Daily