ဦးပြင်အောင်၏ ဖွဲ့စည်းပုံမျိုးကတော့ မဟန်လှသေး

ပို့စ်တင်ချိန် - 2/07/2014 09:09:00 AM



Written by ဦးတင်ဦး( ကျူရှင်)

ဇန်န၀ါရီ ၂၁ ရက်ထုတ် မဇ္ဈိမသတင်းစာတွင် ကျွန်တော်ရေးသားခဲ့သော “ပြည်သူတွေကို လျှော့မတွက် ပါနဲ့” ဟူသော ဆောင်းပါးတွင် ကျွန်တော်တို့ရွာက နမက္ကာရ ဦးချိုအကြောင်းပုံပြင်ကို ကျွန်တော် ပြောပြ ခဲ့ပါသည်။

ယခုလည်း ကျွန်တော် ပုံပြင်တစ်ပုဒ် ပြောပြလိုပါသေးသည်။ ကျွန်တော်ကသာ “ပုံပြင်” ဟူ၍ ခေါ်ဝေါ်သုံး စွဲနေရသော်လည်း တကယ်တော့ ရုတ်တရက် နားထောင်လိုက်လျှင် မယုံချင်စရာမျိုး ဖြစ်နေ၍သာ ထိုသို့ သုံးရခြင်း ဖြစ်ပါ၏။ ဖြစ်ရပ်ကတော့ ဒဏ္ဍာရီ မဟုတ်ပါ။ တကယ့်ဖြစ်ရပ်ပါ။

ယခုပြောမည့် ပုံပြင်ကလည်း ဒဏ္ဍာရီ မဟုတ်။ တကယ့်ဖြစ်ရပ်ပါ။ ကျွန်တော် ပျဉ်းမနား သကြားစက်တွင် အလုပ်လုပ်နေစဉ် ၁၉၆၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်းကဖြစ်ရပ် ဖြစ်ပါသည်။

ထိုစဉ်က သကြားစက်များမှာ စက်မှုလက်မှု တိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်း (စ၊ တ၊ လ၊က) ၏ လက် အောက်တွင်ဖြစ်၍ ထိုနှစ်များအတွင်းက တစ်နှစ်တွင် စ၊ တ၊ လ၊ က ရုံးချုပ်ကစက်ရုံ၏ ဖွဲ့စည်းပုံ (Set- up) ကို အသစ်ရေးဆွဲတင်ရမည်ဟု ပျဉ်းမနားသကြားစက်သို့ ညွှန်ကြားစာ ပို့ပါသည်။ ထို့ကြောင့် စက်ရုံ မှူး (ထိုစဉ်ကတော့ မန်နေဂျာဟု ခေါ်သည်) ကဌာနကြီးမှူးများကို မိမိတို့ဌာန၏ ဖွဲ့စည်းပုံကို ရေးဆွဲတင် ပြရန် ဆက်လက်ညွှန်ကြားပါသည်။

ပျဉ်းမနားသကြားစက်တွင် ထိုစဉ်က အုပ်ချုပ်ရေးဌာန၊ ငွေစာရင်းဌာန၊ ကြံဝယ်ဌာန၊ ပစ္စည်းထိန်းဌာန၊ အလုပ်သမားဌာန၊ အင်ဂျင်နီယာဌာန၊ သကြားထုတ်လုပ်ရေး ဌာနဟူ၍ ဌာနအသီးသီးရှိပေရာ ထိုဌာန တွေ၏ ဌာနကြီးမှူးများက မိမိတို့ဌာန၏ ဖြစ်သင့်သော အဆိုပြု ဖွဲ့စည်းပုံမူကြမ်းကို အုပ်ချုပ်ရေးဌာနသို့ ပို့ပေးရပါသည်။ အုပ်ချုပ်ရေးဌာနက ဌာနအသီးသီး၏ ဖွဲ့စည်းပုံ မူကြမ်းများကိုစိစစ်၍ စက်ရုံမှူးထံ တင်ပြ ကာ သကြားစက်တစ်ခုလုံး၏ ဖွဲ့စည်းပုံကို ရေးဆွဲ၍ စ-တ-လ-က ရုံးချုပ်သို့ တင်ပြပေးရမည် ဖြစ်ပါ၏။

ထိုစဉ်က ကျွန်တော်သည် အင်ဂျင်နီယာဌာနနှင့် အလုပ်သမားဌာနတို့၏ ၀န်ထမ်းရေးရာကိစ္စများကို ကိုင် တွယ်ဆောင်ရွက်ရသည့် စာရေးဖြစ်၍ ထိုဌာနကြီးမှူးကြီးများ ရေးဆွဲတင်ပြလာသော ဖွဲ့စည်းပုံများကို လက်ခံ၍ စိစစ် တင်ပြပေးရပါသည်။

ကျွန်တော်ကိုင်သည့် နှစ်ဌာနအနက် အလုပ်သမားဌာန၏ လက်ရှိဖွဲ့စည်းပုံ အင်အားမှာ အလုပ်သမား အရာရှိတစ်ဦး၊ အထက်တန်းစာရေးတစ်ဦး၊ အမြဲတမ်း အောက်တန်းစာရေးတစ်ဦးနှင့် ရုံးအကူတစ်ဦးတို့ ဖြစ်ပါသည်။

အစိုးရဌာနများ၏ ဖွဲ့စည်းပုံရေးဆွဲရာ ၌ မည့်သည့်ဌာနတွင် မည်သည့်ရာထူးက အရေအတွက် ဘယ်မျှ၊ လစာနှုန်း ဘယ်လောက်၊ ရာထူးအလိုက် လိုအပ်သည့် အရည်အချင်းနှင့် တာဝန်များကဘာ စသည်ကို လည်း ဖော်ပြရမြဲ ဖြစ်ပါသည်။

ဤတွင် အလုပ်သမားအရာရှိ လက်အောက်၌လုပ်နေသူ လက်ရှိ အထက်တန်း စာရေးကြီး သူ့အမည်ကို ဦးပြင်အောင်ဟု မှတ်လိုက်ပါစို့။) က ထိုဌာနအတွက် ဖွဲ့စည်းပုံကို ရေးဆွဲပေးပြီး အလုပ်သမားအရာရှိက လက်မှတ်ထိုး၍ အုပ်ချုပ်ရေးဌာနကို ပို့ပေးသည်ကို ကျွန်တော်က စိစစ်တင်ပြရခြင်း ဖြစ်ပါသည်။

ဦးပြင်အောင်သည် သူ့ဖွဲ့စည်းပုံအသစ်တွင် လက်ရှိ ရှိပြီးရာထူးများအပြင် ဌာနခွဲစာရေးကြီး ရာထူးတစ်နေ ရာကိုလည်း တိုးဖြည့်ရေးဆွဲထားကာ ထိုရာထူးများအတွက် လိုအပ်သော ပညာအရည်အချင်းများကို လည်း သတ်မှတ်ပေးထားပါသည်။

အောက်တန်းစာရေးအတွက် လိုအပ်သော ပညာအရည်အချင်းမှာ တက္ကသိုလ် ၀င်တန်းအောင် သို့မဟုတ် အနည်းဆုံး အထက်ကျောင်းထွက်လက်မှတ် (S.L.C) ဖြစ်စေ၊ ဟိုက်စကူးဖိုင်နယ် စာမေးပွဲအောင်လက် မှတ် (H.S.F) ဖြစ်စေရသူ ဖြစ်ရပါမည်။

အထက်တန်း စာရေးအတွက် ဥပစာ (သိပ္ပံ) သို့မဟုတ် ဥပစာ(၀ိဇ္ဇာ) (ယခုခေတ် လိုဆိုလျှင် ၀ိဇ္ဇာ ၊ သိပ္ပံ ဒုတိယနှစ်အောင်) သို့မဟုတ် အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်သူ ဖြစ်ရပါမည်။ ရာထူးသစ်ဌာနခွဲ စာရေးကြီး ရာထူးအတွက် လိုအပ်သော အရည်အချင်းမှာမူ အထက်တန်း စာရေးရာထူးတွင် လုပ်သက် အနည်းဆုံး ငါးနှစ်ရှိသူဖြစ်ပြီး ပညာ အရည်အချင်းက အင်္ဂလိပ်မြန်မာ ခုနစ်တန်း အောင်သူ ဖြစ်ရပါမည်။
စာဖတ်သူများက “ဘယ်လိုကြီးလဲဟ အောက်တန်းစာရေးရာထူးတောင် တက္ကသိုလ်ဝင်တန်း အောင်ဖို့ လိုအပ်ပြီး သူ့ထက် နှစ်ဆင့်မြင့်ရာထူးဖြစ်သည့် ဌာနခွဲစာရေးကြီး ရာထူးကျတော့ အထက်တန်းစာရေး လုပ်သက် ငါးနှစ်နှင့် ခုနစ်တန်းအောင်သာ ဖြစ်နေပါကလားဟု တွေးမိချင် တွေးမိကြလိမ့်မည်။

အံ့သြမိကြလိမ့်မည်။ မအံ့သြကြပါ နှင့်။ ထိုဖွဲ့စည်းပုံရေးဆွဲသူ ဦးပြင်အောင်က အထက်တန်း စာရေးလုပ် သက် ငါးနှစ်ရှိနေသူဖြစ်ပြီး ခုနစ်တန်းသာအောင်သူ ဖြစ်ပါသည်။ ထို့ကြောင့် သူ့၏ဖွဲ့စည်းပုံသစ်မှာ ဌာန ခွဲစာရေးကြီး ရာထူးတစ်နေရာကို ထို အရည်အချင်း သတ်မှတ်ချက်နှင့် ရေးဆွဲခြင်း ဖြစ်ပါသည်။

ကျွန်တော်က ဦးပြင်အောင် ရေးဆွဲသည့်ဖွဲ့စည်းပုံကို အလွန်သဘောကျသဖြင့် ရုံးအုပ်ဖြစ်သူအား “ဆရာ၊ ဦးပြင်အောင်ရဲ့ ဌာနခွဲစာရေးကြီးရာထူးအတွက် သတ်မှတ်ချက် အရည်အချင်းထဲမှာ တစ်ချက်ဖြည့်လိုက် ချင်တယ်” ဟုပြောရာ “မင်းက ဘယ်လိုဖြည့်ချင်လို့တုန်း” ဟု ကျွန်တော့်ဆရာ ရုံးအုပ်ကြီးက မေးပါသည်။

“ဌာနခွဲစာရေးကြီး ရာထူးတွင် တာဝန်ထမ်းဆောင်မည့်သူသည် ဦးပြင်အောင် ဖြစ်ရမည်လို့ ဖြည့်ချင်တာ ပါ” ဟု ဖြေလိုက်သောအခါ “မင်းကလည်းကွာ ဒီကောင် ပြင်အောင်က ခုနစ်တန်းလောက်သာ အောင် ပေမယ့် ပညာရှိကွ” ဟု ပြန်ပြောပါသည်။

ယနေ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စကို အုန်းအုန်းကျွက်ကျွက် ပြောဆိုနေကြသံများကို ကြားရသည့်အခါ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် စာရေးကြီး ဦးပြင်အောင်ကို သတိရမိစရာ ဖြစ်ပါသည်။ ဦးပြင်အောင် သည် ညောင်နှစ်ပင် မပေါ်ခင် ကွယ်လွန်သွားပြီဖြစ်သော်လည်း ညောင်နှစ်ပင်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲကြသည့်အခါ ဦးပြင်အောင်၏ ပညာမျိုးတွေ အများကြီးရှိသူများ ပေါ်ထွက်ခဲ့သည်ဟု ဆိုရပေ မည်။

ဦးပြင်အောင်က ဌာနခွဲစာရေးကြီး ရာထူးကို ငါပဲယူမည်ဟု သူ့ဖွဲ့စည်းပုံထဲတွင် ထည့်မရေးထားသော် လည်း အထက်တန်းစာရေး လုပ်သက်ငါးနှစ်ရှိရမည်နှင့် ခုနစ်တန်းအောင်ရမည်ဆိုတာများနှင့် ချုပ်ထား လိုက်သည်။ ထိုရာထူးကိုလုပ်လို၍ ဘီအေအောင်သူက လာလျှောက်တောင်မှ အထက်တန်း စာရေး လုပ်သက် ငါးနှစ်မရှိတာနှင့် ဌာနခွဲစာရေးကြီး ဖြစ်ခွင့်ရမည် မဟုတ်ပေ။

၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲသူများသည်လည်း ဦးပြင်အောင်ကဲ့သို့ပင် ပညာရှိကြပါပေသည်။ ဒေါ်အောင်ဆန်း စုကြည် နာမည်ကိုကား ပုဒ်၅၉ (စ) တွင် ရေးမထားခဲ့ကြပါ ပေ။ ပုဒ်မ ၅၉(ဃ) ကိုလည်း စစ်ဗိုလ်ချုပ်ကြီးများမှအပ သာမန်ပြည်သူများ သမ္မတဖြစ်ခွင့်မရှိစေရဟု ရေးမထားခဲ့ကြပါပေ။

(၃-၂-၂၀၁၄) နေ့ထုတ် ဤသတင်းစာတွင် ဖော်ပြထားသော “ပုဒ်မ ၅၉(စ) ကို မပြင်သင့်ဟု ဟောပြော” ဟူသော သတင်းနှင့်ဆက်စပ်၍ တွေ့ဆုံမေးမြန်းသူများ၏ ဖြေကြားချက်များကို ဖတ်ရှုမိသည့်အခါ ထို လူပုဂ်္ဂိုလ်၊ ရဟန်းပုဂ်္ဂိုလ်များ၏ အလိုအရ နိုင်ငံ၏ အနာဂတ်အတွက် အမြော်အမြင် နှင့်ရေးဆွဲထားသော ပုဒ်မ ၅၉(စ) ကို ပြင်လိုသူများသည် မိုက်မဲရာကျမည့်သဘော ရှိနေသည်။

ကျွန်တော်သည် ထိုထိုပုဂ်္ဂိုလ်များ၏ အာဘော်ကို ဖမ်းကြည့်လိုက်သည့်အခါ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတုန်းက ယခု၂၀၀၈ ဥပဒေထဲက ပုဒ်မ ၅၉(စ) လို ကန့်သတ်ချက်တွေကို ထည့်မရေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် တော်တော် အမြော်အမြင် နည်းသူပေတကား။ ၁၉၇၄ ခုနှစ် ဥပဒေတွင်လည်း ယခု ၅၉(စ) လိုမျိုးကို ထည့်ရေးမဆွဲခဲ့သည့် ဦးနေ၀င်းသည် တော်တော်ညံ့သော စစ်ခေါင်းဆောင်ကြီးပေ တ ကားဟု တွေးချင်ချင် ဖြစ်လာမိသည်။

ပုဂ်္ဂိုလ်ရေးကိုရည်ရွယ်ပြီး ဆွဲထားတာ မှန်းထင်ရှားနေသော ဥပဒေပုဒ်မကို ပြင်ရေး မပြင်ရေး ပြောကြရာတွင် “ဥပဒေမပြင်ရေးဆိုတာ ပုဂ်္ဂိုလ်ရေး မပါ,ပါဘူး” ဆိုသော နိုင်ငံရေးသမားများ ပေါ်ထွက်လာတာကို ကြည့်ရသောအားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် အားရစဖွယ် ရင့်ကျက်လာချေပြီ တကားဟုပင် တွေးစရာ ဖြစ်လာပါသည်။

ကျွန်တော် နားလည်သလောက် ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သူသမ္မတဖြစ်ရေး၊ မဖြစ်ရေး ဆိုတာထက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပီပီပြင်ပြင် ပေါ်ထွက်ရေးအတွက် ဒီမိုကရေစီစံနှုန်းများနှင့် မညီ သော အခြေခံဥပဒေကိုပြင်ဖို့ ပြောနေခြင်း ဖြစ်သည်။ ပုဂ်္ဂိုလ်ရေးအမည်ဖြင့် တပ်ပြောရလျှင် ယနေ့ မြန်မာ့ နိုင်ငံရေး၏ မျက်နှစာတွင် ရှေ့တန်းရောက်နေကြသော ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦး ရွှေမန်းတို့သည် နောက်ထပ် အနှစ် ၃၀ အထိ မနေရတော့ဖို့ များသော အသက်အရွယ်တွေ ရောက်နေသူတွေချည်း ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင် ငယ်တော့သည့်အရွယ် မဟုတ်တော့ပါ။

မြန်မာနိုင်ငံတွင် ထိုသူတွေ ရှိသေးသည် ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရှိနေ ရမည် ဖြစ်သည်။ အရှည်သဖြင့် တည်နေရမည့် အခြေခံဥပဒေက ဒီမိုကရေစီစံတွေနှင့် ဆန့်ကျင်ဖီလာ တွေ များနေသည်ဆိုလျှင် ဒီမိုကရေစီစကားကို ကျယ်ကျယ်လောင်လောင် မပြောကြသေးတာက ပို ကောင်းပါလိမ့်ဦးမည်။

တကယ်တော့ သမ္မတကြီး ဦးသိန်းစိန်စသော လက်ရှိခေါင်းဆောင်များက ဒီမိုကရေစီ စံနှင့်မညီသော အခြေခံဥပဒေကိုပဲ ဆက်လက်ရှိနေသေးချင်သည့်သဘောက ဤသို့ ဤသို့သော အကြောင်းတွေကြောင့်ပါဟု ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပြောမည် ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထား သော လေးပွင့်ဆိုင်ဆွေးနွေးပွဲကို လက်ခံပြီး ရှင်းပြဆွေးနွေးပြနိုင်ဖွယ် ရှိပါသည်။

ကျွန်တော် ခန့်မှန်းကြည့်မိသလောက် ပြောရသော် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာ့နိုင်ငံရေး တွင် လောလောဆယ်၌ တပ်မတော်၏အခန်းကဏ္ဍက ရှိသင့်သလောက် ရှိနေရဦးမှာဖြစ်မည်ဟု အမှန် အတိုင်း တွေးထားမိလောက်ဖွယ် ရှိပါသည်။ အရေးကြီးတာက ရိုးသားပွင့်လင်းပြီးနိုင်ငံကို တစ်ကယ်ချစ် ကြဖို့ ဖြစ်ပါသည်။ ကျွန်တော်တို့မိတ်ဆွေကြီး ဦးပြင်အောင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ(set up)နှင့် ပမာတူ သော ၂၀၀၈ အခြေခံဥပဒေ (constitution) ကို ဘဒ္ဒကမ္ဘာချဉ်းအောင် ကာကွယ် စောင့်ရှောက်သွားမည် ဟူသော အယူအဆမျိုးကို အတင်း ဆုပ်ကိုင်မထားကြပါနှင့်ဟု လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အပေါ် (မင်းမှာသစ္စာ လူမှာကတိဆိုပြီး အထပ်ထပ်) သစ္စာဆိုထားသော အမတ်မင်းများကိုလည်း မေတ္တာ ရပ်ခံလိုပါသည်။

မဇ္ဈိမ