ပုဂံလက်သစ်မှသည် ရန်ကုန်လက်သစ် ဖြစ်မလာစေဖို့

ဝန်ကြီးများရုံးအဆောက်အအုံကို အပေါ်စီးမှ မြင်တွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

အခုတစ်လော မြို့ထဲရောက်တိုင်း နှမြောစရာ၊ စိတ်ပျက်စရာ တွေပဲကြုံနေရတယ်။ စိတ်ပျက် မိတာက ရာသီဥတုပူပူမှာ ပိတ် ကျပ်နေတဲ့ ကားလမ်းတွေနဲ့ တရွေ့ရွေ့နဲ့သွားနေရတဲ့ ကားတွေကြောင့်။ နှမြောစရာဆိုတာက တစ်ချိန်က နယူးယောက်မြို့နဲ့ တောင် ရင်ပေါင်တန်းခဲ့တဲ့သက် တမ်းရင့် ရန်ကုန်မြို့ကြီးကိုပါပဲ။

ကျွန်မဟာ ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးခဲ့တဲ့သူ။ မွေးကတည်းက ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့အချက်အချာအကျဆုံး မြို့တော်အနေနဲ့ သိခဲ့တယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အချိန်မှာပဲ ရန်ကုန်ရဲ့ဂုဏ်ပုဒ်တွေကို ပိုပိုနားလည်လာတယ်။ ရွှေတိဂုံစေတီကို နေ့စဉ်သွားရင်းလာရင်း ဖူးမြင်နိုင်တဲ့မြို့၊ မြစ်ကမ်းကိုမေးတင်ထားပြီး ဆိပ်ကမ်းအရှည်ကြီးရှိတဲ့မြို့။ မြို့ရဲ့တည်ဆောက်ပုံအရ မြစ်ရိုးတစ်လျှောက်တိုက်လာတဲ့ လေပြည် လေညင်းက တောင်မြောက်တန်းနေတဲ့ လမ်းတစ်လျှောက် ဝင်ရောက်နိုင်လို့ လေဝင်လေထွက် အလွန်ကောင်းတဲ့မြို့၊ သမိုင်းဝင် အဖြစ်အပျက်တွေကို  ခန္ဓာကိုယ်ထဲမှာ သိမ်းထုပ်ထားတဲ့အတွင်းဝန်ရုံးလိုနေရာတွေအများကြီးရှိ တဲ့မြို့၊ ယာဉ်မျိုးစုံသွားလာနေရုံမက လမ်းလျှောက်ပြီးလေ့လာ ကြည့်ရှုလို့ကောင်းတဲ့မြို့၊ ဒါမျိုး ထူးခြားမှုတွေနဲ့ပြည့်စုံနေတဲ့မြို့။

ရန်ကုန်မြို့ကြီးဟာ အခု တစ်လောတော့ ဒဏ်ရာတွေများ များလာတယ်။ သူရဲ့တန်ဖိုးတွေ ကျကျလာတယ်။ မြို့တစ်မြို့ရဲ့ အားသာချက်တစ်ခု ဖြစ်ခဲ့တဲ့ ပလက်ဖောင်းကျယ်ကြီးတွေဟာ ဖြိုဖျက်ခံရပြီး ပြန်ဆောက်လိုက် တဲ့ပလက်ဖောင်းတွေကျပြန်တော့ လူနှစ်ယောက်လက်တွဲလျှောက်ဖို့တောင်မကျယ်။ တချို့နေရာများကျ မြင့်လွန်းလို့ ဘေးနားမှာအုတ်နီခဲတွေခုခံပြီးမှ ပလက်ဖောင်းပေါ်တက်ရတာ တောင်ရှိသေး။ သက်ကြီးရွယ်အိုတွေများ ပလက်ဖောင်းပေါ် အတက်အဆင်းလုပ်ဖို့ရာ ဆရာအော်ပီကျယ်ကာတွန်းထဲကလို မီးသတ်ကားခေါ်ပြီး လှေကားထောင်ခိုင်းရမလိုပဲ။

တစ်ချိန်က ကမ္ဘာ့မျက်နှာစာ မှာ cosmopolitan city အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရန်ကုန်ရဲ့ အ နှစ်သာရထဲမှာ မြို့ထဲတစ်ခွင် ဘယ်နေရာမှာမဆို အေးအေးလူ လူ လမ်းလျှောက်သွားလာလို့ ရခြင်းဆိုတာလည်း တစ်ခုအပါအဝင်ပါ။ လမ်းဘေးပလက် ဖောင်းကြီးတွေများဆို ကျယ် ကျယ်ပြန့်ပြန့်နဲ့။ မုန့်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စာအုပ် ဆိုင်တွေနဲ့ ရန်ကုန်ကအသက်ဝင် ခဲ့ပါတယ်။ ပန်းဆိုးတန်းတောက် လျှောက်ဆို စာအုပ်အဟောင်း ဆိုင်၊ အသစ်ဆိုင်တန်းတွေ တရုတ်တန်း တောက်လျှောက်ဆို မုန့်ဆိုင်တန်းတွေ၊ မဂိုလမ်းလို့ အရင်ကခေါ်တဲ့ ရွှေဘုံသာလမ်း ဆို အိန္ဒိယ အစားအသောက်၊ အသုံးအဆောင်တွေ . . .ဈေးဆိုင် တွေ ဘယ်လောက်ပဲများပါစေ။ လူတွေလမ်းလျှောက်စရာနေရာ တော့ ကျန်နေသေးတာပဲ။ အခု ကော အရင်လိုလွတ်လွတ်လပ် လပ်လမ်းလျှောက်သွားလာလို့ရ သေးရဲ့လား။

အခုများတော့ ယာဉ်ကြော ရှုပ်ထွေးတာကိုလျှော့ချနိုင်ဖို့ မြို့ တော်စည်ပင်က ပလက်ဖောင်း တွေကိုဖဲ့ချ၊ ဖြိုချနဲ့ ပလက်ဖောင်း ကျဉ်းမြောင်းမြောင်းတွေပေါ်မှာ ဈေးသည်တွေနဲ့ လမ်းသွားလမ်း လာတွေခမျာ ထုပ်ဆီးတိုးနေရ တယ်။ လမ်းလျှောက်တဲ့လူတွေ မှာလည်း ဈေးဗန်းပဲတက်နင်းရ တော့မလို၊ ကားလမ်းမပေါ်တက် ပြီးပဲလမ်းလျှောက်ရတော့မလို။ ပလက်ဖောင်းမဆံ့လို့ လမ်းမပေါ် လမ်းတက်လျှောက်ရင်း ကား တိုက်ခံရတာ ဘယ်နှဦးများရှိမလဲ စာရင်းပြုစုချင်သေးတယ်။

 ဒီနည်းလမ်းဟာ ယာဉ် ကြောပိတ်ဆို့မှုကို အထောက် အကူဖြစ်တဲ့အပြင် လူတွေကို လည်းအသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုတွေလုပ်ခိုင်း နေသလို ပဲဆိုတာ ပညာရှင်တွေ အကြိမ် ကြိမ်ထောက်ပြနေခဲ့ကြပေမယ့် ပလက်ဖောင်းတွေကတော့ ဖြိုချ ခံနေရတုန်းပဲ။

 ရန်ကုန်မြို့လယ်ဆိုတာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အချက်အချာကျတဲ့နေရာ။ ဒါပေ မဲ့ မြို့ကိုစီမံခန့်ခွဲမှုမကောင်းခဲ့ လေတော့ အဆောက်အအုံတွေ ဆိုတာ ဆောက်ချင်တဲ့နေရာမှာ ဆောက်ချင်တဲ့ပုံစံနဲ့ဆောက်နေ ကြတယ်။ ရွှေတိဂုံရဲ့မြင်ကွင်းဟာ အန္တရာယ်ရှိနေပြီ။ လူဦးရေ ပိုမို ထူထပ်သိပ်သည်းလာတာနဲ့အမျှ အခုခံစားနေရတဲ့ ယာဉ်ကြော ပိတ်ဆို့မှုသာမက ရေ၊ မီး ပြဿနာတွေ၊ သန့်ရှင်းမှုပြဿနာတွေကို မလွဲမသွေ ရင်ဆိုင်လာရတော့ မယ်။

ဆူးလေစေတီလို ရန်ကုန်ရဲ့ အမှတ်သင်္ကေတတွေဟာ ခေတ် မီမိုးမျှော်တိုက်ကြီးတွေရဲ့ အရိပ် မိုးခံနေရလို့ မြင်ကွင်းကမရှင်း လင်းတော့ဘူး။ ဗိသုကာလက်ရာ မြောက်လှတဲ့ လက်ကျန်အဆောက် အအုံတွေခမျာလည်း နှစ်ပေါင်း များစွာလျစ်လျူရှုပစ်ပယ်ထားခံခဲ့ရလို့ ပျက်စီးခဲ့ရတာနဲ့ ဘယ်တော့ များဖျက်ချခံရမလဲ၊ ဒါမှမဟုတ် ဘယ်ကြော်ငြာဘုတ်က လာကွယ်ပြီး အလှဖျက်မလဲ။ ဒါမှမဟုတ် ကွန်ပိုစစ်ပြားတွေနဲ့ပဲ ဖုံးအုပ်ခံရ လေမလား စိုးရိမ်နေရတဲ့ဘဝဖြစ် နေကြပြီ။ တန်ဖိုးမသိသူတွေ အတွက် နောင်ပြန်မရတော့တဲ့ အဖိုးတန်တွေကို လက်လွှတ်ခဲ့ရ တယ်။ လက်လွှတ်နေရတယ်။ နောက်ထပ် လက်လွှတ်ရလေဦး မလား။

မြို့တစ်မြို့ ဘယ်လောက် အောင်မြင်လဲဆိုတာဟာ တခြား မြို့တွေနဲ့မတူဘဲ ထူးခြားကွဲပြား နေတဲ့ သူမတူမှု (uniqueness) ဆိုတဲ့အချက်ပေါ်မှာလည်း မူတည် ပါတယ်။ ရန်ကုန်ဟာ ကိုလိုနီ ခေတ်ကတည်းကတည်ရှိခဲ့သလို စစ်ဒဏ်၊ ရာသီဥတုဒဏ်နဲ့ ငလျင် ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့တဲ့ အဆောက်အအုံတွေနဲ့ မြို့အခင်း အကျင်းက အာရှတိုက်မှာတောင် ရှာရခက်ခဲအောင် ရှားပါးတဲ့မြင် ကွင်းပါ။ ကျွန်မတို့ကလေးဘဝ ကတည်းကတွေ့မြင်ခဲ့ရတဲ့ ရန်ကုန်ရဲ့ မြင်ကွင်းတွေပေါ့။ ဒီအဆောက် အအုံတွေ၊ မြင်ကွင်းတွေကို ကာ ကွယ်ခြင်းအားဖြင့် ရန်ကုန်ဆိုတဲ့ တန်ဖိုးကို ထိန်းသိမ်းနိုင်မှာဖြစ်ပါ တယ်။ ထိန်းသိမ်းတယ်လို့ပြော ရင် မြန်မာနိုင်ငံသမိုင်းမှာ အလွန် ကိုတော်ပြီး ရဲရင့်တဲ့သမိုင်းပညာ ရှင် ဒေါက်တာသန်းထွန်းရေးခဲ့တဲ့ ပုဂံလက်သစ်စာတမ်းကို သတိရ မိတယ်။ မြန်မာတွေရဲ့အသည်း နှလုံးအဖြစ် တန်ဖိုးထားရာ၊ ဘာ သာတရားအရ အထွတ်အမြတ် ထားရာ၊ ယဉ်ကျေးမှုရဲ့ဗဟိုချက်မ ဖြစ်သလို စီးပွားရေးလုပ်ငန်း အများအပြားက မှီခိုရတဲ့ ရှေး ဟောင်းမြို့တော်ပုဂံကို ခေတ်အ ဆက်ဆက်က ကုသိုလ်ရှင်တွေနဲ့ မင်းအဆက်ဆက် ‘ပြုပြင်မွမ်းမံ ခြင်း’က ရှေးဟောင်းလက်ရာတွေ ကို ဖျက်ဆီးသလို ဖြစ်ခဲ့တာ ကြောင့် ‘ရှေးပုဂံပျောက်ပြီး အမြင်ဆန်း ပုံသစ်ဖြစ်သွားရတယ်’ဆိုတဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ထောက် ပြဝေဖန်ပြီး စာတမ်းအစောင် စောင်ပြုစုခဲ့တယ်။

‘သူတို့ဖျက်လို့ပျက်ရတဲ့ ပစ္စည်းဟာ ဘယ်လောက်အဖိုး တန်တယ်ဆိုတာသူတို့ဂရုမစိုက် ပါ။ အများစုကအဟောင်းကို ဖယ်ပြီး အသစ်နဲ့လဲတာဟာ ဘုရားကြည်ညိုသပ္ပာယ်စရာပိုဖြစ်တယ်လို့ ယုံကြည်ပြီး ဒီလိုလုပ်တာကို ရဟန်းရှင်လူအများ သိပ်ပြီးဝမ်းမြောက်ဝမ်း သာသာဓုအနုမော ဒနာပြုကြပါတယ်’လို့ ရင်နာစရာ ကောင်းတဲ့ပုဂံရဲ့ဖြစ်ရပ်ကို ဖော် ညွှန်းခဲ့သူပါ။

  ၁၉၉၅ ကရေးသားခဲ့တဲ့ ဒီစာတမ်းဟာ အခုလက်ရှိအနေ အထားတွေကိုပါ ထင်ဟပ်နေဆဲ ပဲ။ တစ်လောက နိုင်ငံရဲ့ဝန်ကြီး ချုပ်ဟောင်းတစ်ယောက်ကိုယ် တိုင်က ဘုရားမှန်ရင်ရွှေရှိရမယ်။ ဟောင်းနေရင် ပြင်ရမယ်လို့ ရုပ်သံအင်တာဗျူးတစ်ခုမှာဖြေ သွားတာတွေ့ကတည်းက ပုဂံ လက်ရာတွေရဲ့ကံကြမ္မာဟာ ဒီလိုတလွဲဆံပင်ကောင်းစီမံခန့်ခွဲမှုတွေကို ဘယ်ထောက်ထိနစ်မွန်း ခံခဲ့ရလေသလဲ။ဒီလိုလွဲမှားတဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေက ပုဂံတင်မက ရန်ကုန်မြို့ကလက်ရာတွေအပါအဝင်နိုင်ငံအနှံ့ပြားက သမိုင်းအမွေအနှစ်တွေကိုဘယ်လောက်ထိပွန်းပဲ့ပျက်စီးစေခဲ့ပြီလဲ။

ဖွံ့ဖြိုးတိုးတက်မှုလှိုင်းတံပိုး ထဲမှာ အလိုက်သင့်စီးမျောရင်း ပြောင်းလဲလာနေတဲ့ရန်ကုန်မြို့မှာနဂိုကတည်းက ပိုင်ဆိုင်ခဲ့တဲ့တန် ဖိုးတွေကို ဒီလှိုင်းတံပိုးတွေကြား မှာ နစ်မြုပ်ဆုံးရှုံးရတော့မလားဆို တာ စိုးရိမ်စရာပါ။ အခုအချိန်မှာ စင်ကာပူတို့၊ ဟောင်ကောင်တို့ လိုမြို့တွေမရနိုင်တော့တဲ့ တန်ဖိုး နဲ့အလှအပတွေကို ပိုင်ဆိုင်ထား ဆဲ ရန်ကုန်မြို့။ အဲဒီတန်ဖိုးတွေ ကို မပျက်စီးစေဘဲ အကျိုးရှိရှိ အသုံးချမယ်ဆိုရင် အဲဒီမြို့တွေ ထက်သာတဲ့ မြို့ပြတစ်ခုဖန်တီး နိုင်မယ့်အခြေခံတွေကို ပိုင်ဆိုင် ထားဆဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ ထိန်းသိမ်းမှု (conservation) ဟာ ဖွံ့ဖြိုးတိုး တက်မှု (development) ကို အရောင်တင်ပေးမယ့် အရာဆိုတာကိုနားလည်ပြီး အသုံးချနိုင်ဖို့လိုပါတယ်။

ပုဂံနဲ့နှိုင်းယှဉ်ပြောရမယ်ဆို ယနေ့ကစလို့ ရှေ့ဆက်ပြုလုပ် မယ့် ‘ပြုပြင်မွမ်းမံမှု’တွေ၊‘ထိန်း သိမ်းမှု’ မှာမူလလက်ရာမပျက် ဖို့ဟာ အသက်တမျှအရေးကြီးပြီး ဒါမှသာ ကျွန်မတို့ရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ပုဂံအစစ်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်သလို ဒါကိုနမူနာယူပြီးနိုင်ငံရဲ့ အချက်အချာ ရန်ကုန်မှာလည်းဒီလိုအမှားမျိုးတွေ ထပ်မမှားကြ ဖို့ဆိုတာတွေကိုရှင်းပြဖို့ ဒေါက်တာသန်းထွန်း နောက် တစ်ယောက်လိုနေပြီလား။ ဆုံးပါးသွားပြီဖြစ်တဲ့ သမိုင်းပညာ ရှင်ကြီးဒေါက်တာသန်းထွန်းက တာဝန်ကျေခဲ့ပြီ။ အခု သက်ရှိ ထင်ရှားရှိနေတဲ့ ပညာရှင်တွေ လည်း တတ်နိုင်သမျှထောက်ပြ သတိပေးနေကြပြီ။ တာဝန်ရှိသူ တွေအနေနဲ့ ကိုယ့်လက်ထဲကမြို့၊ အားလုံးချစ်တဲ့မြို့၊ တစ်မူထူးခြား လှပတဲ့မြို့ရဲ့တန်ဖိုးကို ချမပစ်ကြ ပါနဲ့။ တန်ဖိုးတက်အောင်လုပ်နိုင် မယ့်နည်းလမ်းတွေက လက်တစ် ကမ်းမှာပါ။ ပုဂံလက်သစ်လိုမျိုး ရန်ကုန်လက်သစ်မဖြစ်ဖို့ ကာကွယ်နိုင်မယ့်အချိန်တွေ သိပ်မကျန်တော့ပါဘူး။။

Author: နေခြည်ဦး
7Day News Journal

ရာဇ၀င်တွင်တဲ့ မကွေး


စာရေးဆရာများနှင့် နယ်ခံတွေစုထိုင်ပြီး နိုင်ငံရေးလည်း နည်းနည်းပါးပါး ပါကောင်းပါနိုင်သည့် စကားများ ပြောခဲ့သည့် လက်ဖက်ရည်ဆိုင်ပိတ်ရသည်။

တက္ကသိုလ်ကျောင်းသားများ စီစဉ်သည့် စာစောင်များ မည်သူမျှ တာဝန်ခံပြီး ပုံမနှိပ်ပေးရဲ။

တောင်သူလယ်သမားများအား ရာသီဥတုပြောင်းလဲမှုအကြောင်း ထုတ်ဖော်ပြောမည့် မိုးလေ၀သပညာရှင်ကို ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ခံရသည်။

ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံသူ တရားစွဲခံရသည်။

အထက်ပါအကြောင်းအရာများကို ဖတ်ကြည့်ပြီး ဦးနေ၀င်း (သို့မဟုတ်) ဦးသန်းရွှေလက်ထက် အတွေ့အကြုံများ ပြောနေသည်ဟု လွယ်လွယ်မထင်လိုက်ပါနှင့်။ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနေပြီဟု ကမ္ဘာကို ကြေညာနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းသုံးနှစ်တာ ကာလအတွင်း နိုင်ငံ၏ မြေလတ်ဒေသ မကွေးတိုင်းဒေသကြီးတွင် ကြုံတွေ့ခဲ့သည့် အခြေအနေများပင်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးမှ ပြည်သူအများစုအတွက်တော့ အစိုးရသစ် သက်တမ်းသုံးနှစ်တာကာလ၏ အချိန်အများစုသည် စာပေဟောပြောပွဲမှအစ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆွေးနွေးပွဲများအလယ်၊ နိုင်ငံရေးလှုပ်ရှားမှုများအဆုံး ဖွဲ့စည်းပုံဥပဒေအရ ပေးထားသည့် အခွင့်အရေးများရရှိရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။

ယခင်အစိုးရအဆက်ဆက် စာပေဟောပြောပွဲများကို တင်းကျပ်စွာ စိစစ်စောင့်ကြည့်ခဲ့သည့် စနစ်ကို သမ္မတဦးသိန်းစိန် တက်လာခဲ့ပြီးနောက်တွင် ဖျက်သိမ်းခဲ့ပြီး စာရေးဆရာများကို လုံးဝနီးပါးလွတ်လပ်သည်ဟု ဆိုနိုင်လောက်သည့် အတိုင်းအတာလောက်အထိ ဟောပြောခွင့်ပေးခဲ့ကြောင်း စာရေးဆရာများက ဆိုသည်။

စာရေးဆရာများကို စစ်တက္ကသိုလ်အချို့သို့ ဖိတ်ခေါ်ပြီး ကိုယ်ပိုင်အမြင်များကို လွတ်လွတ်လပ်လပ်နှင့် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ရန် ယဉ်ကျေးစွာ ကမ်းလှမ်းခဲ့သည့် တပ်မတော်အရာရှိများ၊ စာပေဟောပြောပွဲများကို ရှေ့ဆုံးခုံတန်းမှ လာရောက်အားပေးသည့် တပ်မတော်အရာရှိဟောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်များပင် ဦးသိန်းစိန်လက်ထက်တွင် ပေါ်ပေါက်နေပြီဖြစ်ကြောင်း စာရေးဆရာမောင်သာချိုက ပြောသည်။

‘‘ဆရာ လွတ်လွတ်လပ်လပ်ပြောပါ။ သူ့အမြင် ကိုယ့်အမြင်ရှိမှာပေါ့တဲ့။ ပြောခွင့်ရှိတယ်တဲ့။ ဆရာတို့အမြင်က ကျွန်တော်တို့နဲ့တူချင်မှတူမှာပေါ့တဲ့။ ကျွန်တော်တို့လည်း လက်သင့်ခံနိုင်ရင်ခံမယ်။ မခံရင် မခံဘူးပေါ့တဲ့’’ဟု လူသိများသည့် စာရေးဆရာဦးအောင်သင်းအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်း၏ တိုင်းဒေသကြီးအတွင်း ကျင်းပသည့် စာပေဟောပြောပွဲတစ်ခုတွင် ယဉ်ကျေးစွာဆက်ဆံပုံကို စာရေးဆရာမောင်သာချိုက ပြန်လည်ပြောသည်။

သို့သော် စာရေးဆရာများ ချီးကျူးအသိအမှတ်ပြုသည့် ဒေသများတွင် မကွေးတိုင်းဒေသကြီးတော့ မပါဝင်။ နိုင်ငံတစ်ဝန်း စာပေဟောပြောပွဲများတွင် အောင်မြင်နေကြသည့် စာရေးဆရာငါးဦးကို 7Day မှ ဆက်သွယ်မေးမြန်းရာ အားလုံးက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စာပေဟောပြောပွဲများနှင့် ပတ်သက်သည့်မူဝါဒများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အစိုးရသစ်တက်လာပြီးနောက်ပိုင်း မကွေးတိုင်းအတွင်း ကျင်းပသည့် စာပေဟောပြောပွဲများတွင် အာဏာပိုင်များ၏ ကန့်သတ်ချက်များကြောင့် ဟောပြောခွင့်ဆုံးရှုံးခဲ့ဖူးသူများဖြစ်သည်။

‘‘မကွေးတိုင်းကတော့ ရာဇ၀င်နဲ့လို့ပဲ ပြောရမလားမသိဘူး။ စာရေးဆရာအတော်များများ ထိတယ်’’ ဟု ပြီးခဲ့သည့်နှစ်များအတွင်းက မကွေးတိုင်းဒေသကြီးအတွင်း ၎င်းပါဝင်ဟောပြောမည့် စာပေဟောပြောပွဲအချို့ ပိတ်ပင်ခံခဲ့ရသူ စာရေးဆရာမသန်းမြင့်အောင်က မှတ်ချက်ပေးသည်။

စာပေဟောပြောပွဲများ ကျင်းပရာတွင် စတင်စီစဉ်ကတည်းက ကျင်းပခွင့်မပေးမှုများရှိသလို အခမ်းအနားစတင်ရန် မိနစ်ပိုင်းအလိုကျမှ ကပ်ပြီးပွဲဖျက်ခိုင်းခြင်းမျိုးလည်းရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သည့် စာရေးဆရာများက ပြောသည်။

‘‘လူတွေရောက်လာပြီး ပွဲခင်းထဲထိုင်တဲ့အချိန်မှ တောင်းပန်ရတယ်။ ကျွန်တော်တို့ ဒီညပွဲပျက်တယ်ပြောတော့ အကုန်လုံးက ချုံးပွဲချငိုကြတာပေါ့။ အဲဒါမျိုးက ကျန်တဲ့တိုင်းနဲ့ပြည်နယ်မှာ တစ်ခါမှ မတွေ့ဖူးသေးဘူး’’ဟု မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ၂၀၁၂ အတွင်း ဟောပြောမည့်ညမှ ပိတ်ပင်ခံခဲ့ရသည့် စာပေဟောပြောပွဲအကြောင်းနှင့် ပတ်သက်ပြီး သူ၏အတွေ့အကြုံကို စာရေးဆရာမောင်သာချိုက ပြောသည်။

မြေလတ်ဒေသရှိ ပြည်သူများအဖို့ စာပေဆိုင်ရာ အသိတရားများ လွတ်လပ်စွာကြားနာခွင့် တစ်ခုတည်း ပိတ်ပင်ခံခဲ့ရသည်တော့မဟုတ်ခဲ့။ အသက်တမျှ အရေးကြီးသည့် လာမည့် စိုက်ပျိုးရာသီတွင် မိုးရွာမည်လား (သို့တည်းမဟုတ်) နေပူမည်လားဆိုသည့် မိုးလေ၀သဆိုင်ရာ အသိပညာများ လွတ်လပ်စွာ လက်ခံရယူခွင့်ကိုပင် ဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲနှမ်းနိုင်ငံခြားတင်ပို့မှု အများဆုံး ထိပ်တန်းစာရင်းဝင်နိုင်ငံတစ်ခုဖြစ်ပြီး ထိုကဏ္ဍမှ နိုင်ငံအတွက် နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာသန်းချီပြီး ရှာဖွေပေးလျက်ရှိသည်။ ထို့အတွက် အဓိကကျသည့် ဇာတ်ဆောင်များက မကွေးတိုင်းဒေသကြီးမှ တောင်သူများ ဖြစ်သည်။

ပဲနှမ်းကဏ္ဍ အစဉ်တစိုက် ဖွံ့ဖြိုးရေးအတွက် တစ်နေ့တခြားပြောင်းလဲနေသည့် ကမ္ဘာ့ရာသီဥတုအခြေအနေကို တောင်သူများသို့ ရှင်းလင်းပြောပြရန် မိုးလေ၀သပညာရှင် ဦးထွန်းလွင်က မကွေးတိုင်းဒေသကြီးအတွင်း ကြိုးပမ်းမှုအချို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူ၏ဟောပြောပွဲ နှစ်ကြိမ်ထက်မနည်းကို အစိုးရိမ်ကြီးလွန်းသည့် ဒေသဆိုင်ရာ အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။

‘‘သူတို့ (အစိုးရ) လုပ်ရမယ့်အလုပ်ကို မလုပ်တဲ့အပြင်သူတို့ လုပ်တာကို မစောင့်နိုင်လို့ လူထုက သူ့ဟာသူ၊ သူ့အသိနဲ့သူ လုပ်တာကို တားမြစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်မှကိုမရှိဘူး။ လုံးဝကို စဉ်းစားဉာဏ်မရှိတဲ့ လုပ်ရပ်တွေပဲ။ တစ်နည်းပြောရရင် ဒီမိုကရေစီနိုင်ငံထူထောင်တဲ့ နေရာမှာ အဟန့်အတားတွေပဲ’’ ဟု ဦးထွန်းလွင်က ပြောသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းသို့ သူသွားရောက်ခဲ့သည့် ဟောပြောပွဲတစ်ခုကို ဖျက်သိမ်းရန် အာဏာပိုင်များက ညွှန်ကြားခဲ့သောကြောင့် စာရေးဆရာအချို့နှင့် ဒေသခံများက လက်ဖက်ရည်ဆိုင်တွင် စကားဝိုင်းတစ်ခုအသွင်ဖြင့် ၀ိုင်းဝန်းဆွေးနွေးခဲ့ရသည်။ ထိုဖြစ်ရပ်အပြီး တစ်လကျော်ခန့်အကြာတွင် ဦးထွန်းလွင်ထံရောက်လာသည့် သတင်းစကားက သူတို့ဆွေးနွေးပွဲပြုလုပ်ခဲ့သည့် လက်ဖက်ရည်ဆိုင် ပိတ်သိမ်းခံခဲ့ရသည့် သတင်းစကားပင်ဖြစ်သည်။

‘‘တော်တော် တရားလွန်လွန်းအားကြီးတယ်။ ငါတို့လည်း မကျေနပ်ဘူးပေါ့။ မကျေလည်း မကျေနပ်သလို နားမလည်တာလည်းပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ’’ ဟု ဦးထွန်းလွင်က မေးခွန်းထုတ်သည်။

ဦးထွန်းလွင် မေးသကဲ့သို့ ‘‘ဘာလို့ဒီလိုဖြစ်ရတာလဲ’’ဆိုသည့် မေးခွန်းကို စာရေးဆရာတော်တော်များများနှင့် ဒေသခံများကလည်း သိလိုကြသည်။

ထိုမေးခွန်း၏ အဖြေကိုရရှိရန် 7Day News မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ငါးခုထက်မနည်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့။ စက်ပိတ်ထားသည့် တယ်လီဖုန်းများ၊ ပြန်လည်ဆက်သွယ်ပါမည်ဟု ဖြေကြားမှုများ၊ လူကြီးမရှိပါဟု အဖြေပေးသည့် ၀န်ထမ်းများနှင့်သာ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒေသအာဏာပိုင်အချို့အနေဖြင့် စာပေဟောပြောမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်စပ်နိုင်သည့်အခြေအနေများအပေါ် စိုးရိမ်မှုရှိတာဖြစ်နိုင်သလို မိမိအားဝေဖန်ခြင်းကို နားမထောင်လိုသည့် သဘောထားများရှိနေတာလည်း ပါနိုင်ကြောင်း သူ၏အမြင်ကို ပြောသည်။

ဟောပြောသူများဘက်မှ ခေတ်စနစ်ကို ထင်ဟပ်ပြောဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုကို မဲဆွယ်ပေးရာ မရောက်အောင် ထိန်းသိမ်းဖို့လိုသလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုများ၊ ဘာသာရေးအရ ခွဲခြားပြောဆိုမှုများမပါအောင် ရှောင်ရန်လိုကြောင်း၊ ဒေသအာဏာပိုင်များဘက်ကလည်း စာပေဟောပြောပွဲများ၌ စာပေရေးရာများကို ခေတ်စနစ်နှင့် ထင်ဟပ်ဆွေးနွေး ပြောကြားသည့်အလေ့အထကို နားလည်ပြီး အပြုသဘောဝေဖန်မှုများကိုလည်း လက်ခံပေးနိုင်ဖို့ လိုကြောင်းနှင့် ဟောပြောချက်များတွင် ဥပဒေနှင့်ငြိစွန်းလျှင် အရေးယူနိုင်ကြောင်း 7Day News ၏ အီးမေးလ်ဖြင့် မေးမြန်းမှုကို အထက်ပါအတိုင်း အကြောင်းပြန်သည်။

‘‘ဒါပေမဲ့ စိုးရိမ်ပြီး ဟောပြောပွဲမှန်သမျှ လိုက်ပိတ်နေတာကျတော့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ အခွင့်အရေးကို လျစ်လျူရှုရာရောက်နိုင်တာကို သတိပြုသင့်ပါတယ်’’ဟု သမ္မတပြောရေးဆိုခွင့်ရှိသူက 7Day သို့ အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားမှုတွင် ရေးသားထားသည်။

ဦးထွန်းလွင်၏မေးခွန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မည်ကဲ့သို့ ဖြေကြားမည်ကို တိတိကျကျ မသိရသော်လည်း မကွေးမြို့ခံ ဦးမြင့်ဦးကတော့ ယခုလို အဖြေပေးခဲ့သည်။

‘‘ဒီမြို့က အုပ်ချုပ်တဲ့သူတွေက ဒီမိုကရေစီအကျင့်အကြံ မရှိသေးဘူး။ တစ်နည်းအားဖြင့် ဒီမြို့ဒီတိုင်းမှာ စစ်အာဏာရှင်စနစ် မပျောက်သေးဘူး’’ဟု ဦးမြင့်ဦးကပြောသည်။

အခက်အခဲအတားအဆီးများကို ကျော်ဖြတ်ရင်း ၂၀၀၄ ခုနှစ်မှ စတင်ကာ အာဇာနည်နေ့ရောက်တိုင်း သူအမြဲလိုလို သွားရောက်ဂါရဝပြုခဲ့သည့် မြို့အနောက်ဘက်ရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် လူအများ လွတ်လွတ်လပ်လပ် အလေးပြုခွင့်သည် ၂၀၁၃ ရောက်မှသာ ရရှိခဲ့ကြောင်း ဦးမြင့်ဦးကပြောကြားသည်။

မကွေးတိုင်းဒေသကြီးအစိုးရအပေါ် ဦးမြင့်ဦးပေးသည့် မှတ်ချက်ကို သဘောတူသည့် နောက်ထပ်တစ်ဦး ရှိခဲ့သည်။ ထိုသူကတော့ ပြည်တွင်းစစ်များ၊ သဘာဝဘေးအန္တရာယ် စသည့်အဖြစ်ဆိုးများကြောင့် ဒုက္ခရောက်နေသူများကို အကူအညီပေးရန် နယ်လှည့်အလှူခံခရီးထွက်နေသည့် ပန်းရဲ့လမ်းအဖွဲ့မှ ဦးသားထွေးဖြစ်သည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်မှ တောင်ဘက်အစွန်းပိုင်းအထိ ခရီးထွက်ခဲ့သည့် သူတို့အဖွဲ့ကို ခရီးစဉ်ချောမွေ့စေရေးအတွက် အခြားတိုင်းနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာအာဏာပိုင်များက အကူအညီများပေးသော်လည်း မကွေးတိုင်းဒေသကြီးမှ အာဏာပိုင်များ၏ ဟန့်တားသည့် လုပ်ရပ်များသည် နားလည်ရန် အခက်ခဲဆုံးဖြစ်သည်ဟု ဦးသားထွေးကပြောသည်။

၂၀၁၂ အတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူခံထွက်ခဲ့သည့် သူတို့အဖွဲ့ကို ကူညီသည့် မကွေးဒေသခံတစ်ဦး တရားစွဲဆိုခံခဲ့ရသည်။ မကွေးတိုင်းခရီးစဉ်တစ်လျှောက်လုံးတွင် သူတို့အဖွဲ့အား မြို့နယ်နှင့် ခရိုင်အာဏာပိုင်များက နွေးထွေးစွာဆက်ဆံပြောဆိုခဲ့ကြသော်လည်း ခဏကြာပါက အထက်က အမိန့်တစ်ခုရောက်လာပြီးနောက် ဆက်ဆံရေးမှာ ရုတ်ခြည်းပြောင်းလဲသွားကြောင်း ဦးသားထွေးကပြောသည်။

‘‘မကွေးတိုင်းတစ်တိုင်းလုံးကို ဖြတ်သန်းတဲ့အခါမှာ မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ သြဇာသက်ရောက်မှုက တော်တော်ကျယ်ပြန့်တယ်’’ဟု ဦးသားထွေးကပြောသည်။

စာပေဟောပြောပွဲများ၊ နိုင်ငံရေးဟောပြောပွဲများကိုသာမက တိုင်းပြည်တွင် တရားဝင်ပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေအကြောင်း လယ်သမားများကို ဟောပြောဆွေးနွေးမှုများကိုပါ ပိတ်ပင်မှုများရှိကြောင်း မကွေးမြို့အခြေစိုက် မြစ်ကွေ့ဧရာလူမှုကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ကပြောသည်။

‘‘စစ်အာဏာရှင်စနစ်ဟောင်းကြီးထဲက နည်းဟောင်းကြီးတွေနဲ့ပဲ ကျွန်တော်တို့ကို ထိတွေ့တယ်။ ရင်ဆိုင်တယ်’’ဟု ဦးအောင်ကျော်ကျော်က ဒေသဆိုင်ရာအစိုးရအပေါ် ဝေဖန်သည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့်မှာ သိသိသာသာရရှိခဲ့သော်လည်း မကွေးတိုင်းဒေသကြီးအတွင်းတွင် အစိုးရဘက်မှ သတင်းသမားများအပေါ် ဆက်ဆံရေးမှာ အေးခဲနေဆဲဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN-မကွေး)၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်ဇော်ဦးကပြောသည်။

‘‘သတင်းထောက်ဝင်လာလို့ရှိရင် (ဌာနဆိုင်ရာတွေက) သူတို့ကို ပြဿနာရှာမယ်လို့ မြင်တဲ့အမြင်တွေက အဆိုးရွားဆုံးပဲ’’။

‘‘ဝန်ကြီးချုပ်ကပဲ တကယ်တားမြစ်ထားတာလား။ သူတို့က ဝန်ကြီးချုပ်ကို အကြောင်းပြပြီး သူတို့ရဲ့ဟာ (အကျိုးစီးပွား)ကို ကာကွယ်ထားတာလား။ ကျွန်တော်တို့ ဂဃနဏမသိဘူး’’ဟု ဝန်ကြီးဌာနများမှ သတင်းသမားများ၏ မေးခွန်းများကို ဖြေကြားရန် ရှောင်လွှဲနေသည့်အပေါ် ဦးမြင့်ဇော်ဦးကပြောသည်။

သတင်းသမားများ ဖမ်းဆီးထောင်ချခံခဲ့ရမှုများတွင်လည်း မကွေးတိုင်းသည် ထိပ်ဆုံးနေရာတွင် ရပ်တည်နေခဲ့သည်။ အစိုးရသစ်လက်ထက်တွင်ပင် သတင်းသမား ခြောက်ဦးထက်မနည်း မကွေးတိုင်းဒေသကြီးတွင် တရားရင်ဆိုင်ခဲ့ကြရသည်။ ထိုအထဲမှ ယူနတီဂျာနယ်မှငါးဦးသည် ပခုက္ကူထောင်ထဲတွင် ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသည်။ အခြားတစ်ဦးဖြစ်သည့် ဒီဗီဘီသတင်းဌာနမှ သတင်းထောက်တစ်ဦးအားလည်း ဧပြီ ၇ ရက် မကွေးမြို့နယ် တရားရုံးတွင် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

အထက်ပါအမှုအခင်းများတွင် သတင်းထောက်များဘက်မှ အားနည်းမှုများရှိသလို မကွေးအာဏာပိုင်များဘက်တွင်လည်း ထောက်ပြစရာ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း ဦးမြင့်ဇော်ဦးကပြောသည်။

မကွေးတိုင်းဒေသကြီးတွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ စာပေဟောပြောပွဲများ အပါအဝင် လူထုလှုပ်ရှားမှုများသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလများတွင် အဆိုးရွားဆုံးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းဇော်ကပြောသည်။ ၎င်းတို့ ပါတီလှုပ်ရှားမှုမှန်သမျှ အာဏာပိုင်များက အသေးစိတ်စောင့်ကြည့်နေကြောင်း ဦးသိန်းဇော်ကပြောသည်။

‘‘မကွေးတိုင်းတစ်တိုင်းလုံးမှာ စောင့်ကြည့်တာပဲ။ ကျွန်တော်တို့ တိုင်းကတော့ စောင့်ကြည့်ခံရတဲ့အထဲမှာ ရှေ့ဆုံးကပါတယ်’’ဟု ဦးသိန်းဇော်ကပြောသည်။

ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိများ၏ စောင့်ကြည့်ခံနေရသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုတည်းတော့မဟုတ်။ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်အသီးသီးတွင် ရှိနေကြသည့် ကျောင်းသားသမဂ္ဂများသည်လည်း ၂၀၁၃ နှစ်လယ်ပိုင်းလောက်အထိ လုံခြုံရေးအရာရှိများ၊ အရပ်ဝတ်စုံထောက်များ၏ စောင့်ကြည့်မှုကိုခံခဲ့ရကြောင်း ဗ.က.သများအဖွဲ့ချုပ် (မြေလတ်ဒေသ)၏ဥက္ကဋ္ဌ ကိုခန့်ထူးကပြောသည်။

‘‘ကျန်တဲ့ (တိုင်းနဲ့ပြည်နယ်တွေက) သမဂ္ဂတွေ လှုပ်ရှားတာတွေ လွတ်လပ်ကြတယ်။ ကျွန်တော်တို့လည်း ကြားတယ်။ သူတို့လောက်လည်း လွတ်လပ်ချင်တာပေါ့’’ဟု အစိုးရိမ်ကြီးလွန်းနေသည့် အာဏာပိုင်များ၏ စောင့်ကြည့်မှုများကြားမှ လှုပ်ရှားခဲ့ရသည့် အခြေအနေကို ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားများ ထုတ်ဝေသည့် စာစောင်များကို မြို့တွင်းရှိ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများတွင် လက်ခံပုံနှိပ်ပေးခြင်းမပြုရန် ဖိအားပေးမှုများလည်း ကြုံတွေ့နေရကြောင်း မကွေးဆေးတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုထက်ထက်ဇော်ကပြောသည်။ အဆိုပါစာစောင်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုံနှိပ်စက်များတွင် ပြောင်းလဲပုံနှိပ်ရန် ကြိုးပမ်းခဲ့ရာတွင် ကန့်သတ်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ကိုထက်ထက်ဇော်ကပြောသည်။

‘‘ဝန်ကြီးချုပ်တစ်ယောက်ချင်းစီနဲ့များ ဆိုင်မလားတော့မသိဘူး’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတည်းအောက် ရှိနေသော်လည်း မတူညီသည့် တိုင်းဒေသကြီးနှစ်ခုအကြား ပုံနှိပ်ထုတ်ဝေမှုနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အခြေအနေကို ကိုထက်ထက်ဇော်ကပြောသည်။

အာဏာပိုင်များ၏ ပိတ်ဆို့မှုများကြားထဲမှ မကွေးတိုင်းဒေသကြီးရှိ ပြည်သူများသည် သူတို့၏လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြသည်။

၂၀၁၄ ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတော်သမ္မတ၏ မကွေးခရီးစဉ်တွင် အငြိမ်းစားဆရာမကြီးတစ်ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအရာရှိများ ပြည်သူများ၏ တိုင်ကြားမှုများကို လျစ်လျူရှုထားကြောင်း လုံခြုံရေးများ တားမြစ်ထားသည့်ကြားက အော်ဟစ်တိုင်တန်းခဲ့သည်။

‘‘သမ္မတကြီး ကယ်တော်မူပါ။ ဦးဖုန်းမော်ရွှေက လျစ်လျူရှုထားပါတယ်။ ဝန်ကြီးချုပ်က လျစ်လျူရှုထားတာပါ။ သမ္မတကြီး ကယ်မှဖြစ်မှာပါ။ ပညာရေးဝန်ထမ်းအငြိမ်းစားပါ။ စစ်မှုထမ်းဟောင်းရဲ့ဇနီးပါ။ နေစရာမရှိတော့လို့ပါ’’ဟု သမ္မတ၏လမ်းကြောင်းတွင် ပြည်သူတစ်ဦးက ကြုံတွေ့ရသည့် အခက်အခဲကို အော်ဟစ်တိုင်တန်း အကူအညီတောင်းသော ပထမဆုံးဖြစ်စဉ်ဖြစ်ခဲ့သည်။

ထို့အပြင် မတ်လ ၂၆ ရက်က အဆိုပါတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြရန် ခွင့်ပြုချက်တောင်းသော်လည်း ခွင့်မပြုသဖြင့် နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်၍ ဒေသခံများနှင့် ဆန္ဒပြခဲ့ရာ မြို့နယ်ရဲစခန်းက ခေတ္တထိန်းသိမ်းပြီး နောက်ဆုံးတွင် ပြန်လည်ညှိနှိုင်းကာ လွှတ်ပေးခဲ့သည်။

သို့သော် မတ်လအတွင်းမှ စတင်ပြီး အစိုးရအရာရှိများ တားမြစ်နေသည်ကို အာခံပြီး အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲများကို မကွေးတိုင်းဒေသကြီး၏ နေရာအချို့တွင် ကျင်းပခဲ့သည်။

ထိုအထဲတွင် ဝန်ကြီးချုပ်ရုံးစိုက်ရာ နေရာဖြစ်သည့် မကွေးမြို့လည်း အပါအဝင်ဖြစ်သည်။ ဆန္ဒပြခွင့်တောင်းခံသော်လည်း လမ်းပိတ်ဆို့မည်ဆိုသည့် အကြောင်းပြချက် အပါအဝင် အချက်သုံးခုဖြင့် အစိုးရက ပယ်ချခဲ့သည်။

‘‘ဆန္ဒပြပွဲကြောင့် လမ်းပိတ်တာပဲ ထည့်ပြောတယ်။ မြို့ထဲက ကောင်းမွန်လို စူပါမားကက်ရှေ့ လမ်းပိတ်တာကျတော့ ဘာလို့မရှင်းပေးတုံး’’ဟု ရန်ပယ်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ အာဏာပိုင်များ တားမြစ်မှုနှင့် ပူပြင်းလှသည့် နွေရာသီကိုအန်တုပြီး သူတို့ရဲ့လွတ်လပ်ခွင့်ကို အစိုးရထံ တောင်းဆိုခဲ့ပြီဖြစ်သည်။

တကယ်တော့ မြေလတ်ဒေသ မကွေးတိုင်းသည် မြန်မာ့သမိုင်းတွင် အထင်ကရဒေသတစ်ခုဖြစ်သည်။ သည်ဒေသမှ စတင်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံသည် နယ်ချဲ့ကိုတော်လှန်ရန် လူထုကို လှုပ်နှိုးနိုင်ခဲ့သည်။

သည်ဒေသအတွင်းရှိ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည့် ကိုအောင်ဆန်းက ခေတ်သစ်မြန်မာ့တပ်မတော်ကို ဦးဆောင်ထူထောင်ခဲ့ပြီး လွတ်လပ်ရေးအတွက် လမ်းပြခဲ့သည်။

သို့သော်လည်း မြေလတ်ဒေသကတော့ သူပေးဆပ်ရသည်နှင့် မထိုက်တန်သည့် အကျိုးဆက်များ ရနေဆဲဖြစ်သည်။          ။

မိုးကျော်၊ ထွန်းခိုင်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၆)

ဆီးရီးယား အဆိပ်ငွေ့သုံး တိုက်ခိုက်မှု ထပ်ဖြစ်

ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ အပြန်အလှန် စွပ်စွဲနေ

ဆီးရီးယား အစိုးရက ကလိုရင်း ဓာတ်ငွေ့နဲ့ နောက်ထပ် တိုက်ခိုက်မှု ရှိခဲ့တယ် ဆိုတဲ့ အထောက် အထားတွေကို ဆီးရီယား အတိုက်အခံတွေက ဖော်ထုတ်လိုက်ပါတယ်။

အင်တာနက် ပေါ်မှာ မြင်ရတဲ့ ဗီဒီယိုပုံတွေ အရ ကလိုရင်း အဆိပ်သင့်တယ်လို့ ယူဆရတဲ့ လက္ခဏာ ခံစားနေရတဲ့ လူငယ် ၄ ယောက်ကို ဆေးဝန်ထမ်း တွေက ကြိုးစား ကုသပေးနေတာ တွေ့မြင်ရပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ဒမတ်စကပ် မြိုတော် ဆင်ခြေဖုံးက Harasta မှာ ဖြစ်ခဲ့တာလို့ ဆိုပေမယ့် အဲဒီ ဗီဒီယိုကို သီးခြား အတည် မပြုနိုင်သေးပါဘူး။

Hama မြို့ မြောက်ပိုင်းမှာ ကလိုရင်း ဓာတ်ငွေ့နဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့အပြီး ၄ ရက် အကြာမှာ အခု စွပ်စွဲချက် ပေါ်ထွက်လာတာပါ။

ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေဟာ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် ပြစ်တင် ပြောဆိုနေကြပါတယ်။

ကလိုရင်း ဓာတ်ငွေ့ကို စစ်ပွဲတွေမှာ အသုံးမပြုဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။
BBC Burmese

ကမ္ဘာ့ဖလားကို ပြင်သစ် မရနိုင်ဟု ဒက်စ်ချမ့်စ် ပြောကြား


နွေရာသီတွင် ဘရာဇီးလ်၌ ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းသည် ရေပန်းစားသည့် အသင်းများ၌ ပါဝင်လိမ့်မည် မဟုတ်ကြောင်း ဒီဒီယာ ဒက်စ်ချမ့်စ်က ပြောကြားလိုက်သည်။

ပြင်သစ်အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး ယခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း ယူကရိန်းကို ရှုံးထွက်အဆင့်တွင် အနိုင်ရပြီးမှသာ ဘရာဇီးလ်သို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒက်စ်ချမ့်စ်က ပြင်သစ်အသင်း အနေဖြင့် ကမ္ဘာ့ဖလား ရရှိနိုင်သည့် အသင်းများစာရင်းတွင် မပါဝင်နိုင်ကြောင်း ဆိုခဲ့သည်။

“ကမ္ဘာ့ဖလား ရနိုင်တဲ့ အသင်း ၆ သင်း ၇ သင်းလောက်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအသင်းတွေထဲမှာ ပြင်သစ် မပါဝင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကနဦး ရည်ရွယ်ချက်ကတော့ ဇွန်လ ၁၅ ရက်မှာ ဟွန်ဒူးရပ်စ်နဲ့ ကစားမယ့် အဖွင့်ပွဲစဉ်ကို အနိုင်ရရှိဖို့ပါ” ဟု ဒက်စ်ချမ့်စ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိအား ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုနှင့် နှိုင်းယှဉ်ပြောကြားမှုများကို ဒက်စ်ချမ့်စ်က ငြင်းဆိုသွားခဲ့သည်။

“ကျွန်တော်က ပြင်သစ် မော်ရင်ဟို မဟုတ်ပါဘူး။ ကျွန်တော်က မော်ရင်ဟိုနဲ့ ဒယ်ဘော့စကေးတို့လို နည်းပြတွေနဲ့ စကားပြောခဲ့ဖူးပါတယ်။ သူတို့လို အခြေအနေရောက်ဖို့ အတွက် လိုအပ်ချက် အများကြီးရှိပါသေးတယ်။ နောက်ပြီး ခက်ခဲတဲ့ အခြေအနေတိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လည်း လိုပါတယ်” ဟု ဒက်စ်ချမ့်မ်က ပြောကြားသွားခဲ့သည်။

Ref: Goal

သင်္ကြန်မှုခင်းဖြစ်ပွားမှု


နေပြည်တော်၊ ဧပြီ ၁၇
နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတက်နေ့တွင် သင်္ကြန်နှင့်ပတ်သက်သည့် မှုခင်းဖြစ်ပွားမှုများမှာ လူသတ်မှု(၁)မှု၊ (၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ)၊ မုဒိမ်းမှု(၁)မှု၊ ယာဉ်မတော်တဆမှု(၉)မှု၊ (၅၀ ဦးဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု(၃၁)မှု (၄၅ ဦးဒဏ်ရာရ)၊ ကာအိနြေ္ဒဖျက်ဆီးမှု(၁)မှု၊ အခြား အမှု(၂)မှု၊ ခိုးမှု/ခါးပိုက် နှိုက်မှု(၂၆)မှု၊ သေမှုသေခင်း(၁)မှု (၁ ဦးသေဆုံး)၊ လက်နက်ကိုင်ဆောင်မှု(၆)မှု၊ စုစုပေါင်း(၇၈)မှု ဖြစ်ပွားပြီး (၂)ဦးသေဆုံး၊ (၉၆)ဦးဒဏ်ရာရရှိခဲ့ပါသည်။
မဟာသင်္ကြန်ကာလ(၄)ရက်အတွင်း လူသတ်မှု (၅)မှု၊ (၅)ဦးသေဆုံး၊ (၆)ဦးဒဏ်ရာရ၊ မုဒိမ်းမှု (၃)မှု၊ ယာဉ်မတော်တဆမှု (၂၅)မှု၊ (၄ ဦးသေဆုံး၊ ၈၈ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု (၆၄)မှု၊ (၁၀၂ ဦး ဒဏ်ရာရ)၊ ၀တ်္တရားနှောက်ယှက်မှု (၂)မှု၊ (၂ ဦးဒဏ်ရာရ)၊ မူးယစ်ရမ်းကားမှု (၁၃)မှု၊ ကာအိနြေ္ဒဖျက်ဆီးမှု (၅)မှု၊ အခြားအမှု (၆)မှု၊ ခိုးမှု/ခါးပိုက်နှိုက်မှု (၅၂)မှု၊ သေမှုသေခင်း (၅)မှု၊ (၆ ဦးသေဆုံး)၊ လက်နက်ကိုင်ဆောင်မှု (၁၄)မှု၊ စုစုပေါင်း(၁၉၄)မှုဖြစ်ပွားပြီး (၁၅)ဦးသေဆုံး၍ (၁၉၈)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ်၊ မဟာသင်္ကြန်ကာလတွင် စုစုပေါင်းအမှု (၁၇၇)မှုဖြစ်ပွားခဲ့ပြီး (၃၂)ဦးသေဆုံး၍ (၁၉၀)ဦးဒဏ်ရာရရှိခဲ့ရာ ၂၀၁၃ ခုနှစ်၊ မဟာသင်္ကြန်ကာလနှင့်နှိုင်းယှဉ်လျှင် ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း(၁၇)မှု ပိုမိုဖြစ်ပွားသော်လည်း သေဆုံးသူ(၁၇)ဦးလျော့နည်းပြီး ဒဏ်ရာရရှိသူ (၈)ဦး ပိုမိုဖြစ်ပွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ရဲဇာနည် 

DVB မကွေးသတင်းထောက် ကိုဇော်ဖေ အတွက် ဆုတောင်း

DVB မှ ထောင်ဒဏ် (၁)ကျခံနေရသော မကွေးသတင်းထောက် ကိုဇော်ဖေ အပါအဝင် ထောင်ကျ ခံနေရသော သတင်းသမားများ ပြန်လည် လွတ်မြောက်ရန်အတွက် ဆုတောင်းပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ကြေးသွန်းဘုရားတွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်ထက်) ဆုတောင်းပွဲ အပြီးတွင် ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

Mizzima - News in Burmese



ကမ္ဘာ့ သရဲအခြောက်ဆုံး ကျွန်းကို လေလံတင်


ကမ္ဘာပေါ်က tourist တွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုဖြစ်ပြီးတော့ အီတလီမှာ ရှိတဲ့ ကျွန်းတစ်ခုပါ၊ ပိုဗဲဂလီးယား လို့ အမည်တွင်ပါတယ်။ ဒါပေမယ့် အဲဒီကျွန်းပေါ်မှာ လူသွားလူလာ အင်မတန်မှပဲ မြင်ရခဲပါတယ်။

နှစ်ဆန်းတစ်ရက်နေ့သာဓုကန်တွင်ကုသိုလ်ယူနေကြစဉ် ဓာတ်ပုံ--အောင်နိုင်စိုး(ကစ္ဆပ)


တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်တယ်လို့ တိုင်းရင်းသားတွေ ပြော

ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ဧပြီလ ၁၀ ရက်နေ့ ဒုက္ခသည်များ နေရပ်မှ ထွက်ခွာနေစဉ် (ဓာတ်ပုံ - Kachin Land)

အစိုးရတပ်အနေနဲ့ ကချင်ပြည်နယ်ကို ထိုးစစ်ဆင်နေခြင်းကြောင့် လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား လုပ်ဆောင်နေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲ နိုင်ရေး ထိခိုက်နိုင်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေက သတိပေးပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ယုံကြည်မှု တည်ဆောက်ပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးကြိုးပမ်းနေတဲ့အချိန်မှာ အစိုးရတပ်အနေနဲ့ ကချင်ပြည်နယ်ကို ထိုးစစ်ဆင်တာ ဟာ လက်ရှိ တည်ဆောက်နေတဲ့ ယုံကြည်မှုတွေကို ထိခိုက်စေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူ ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။
“အဲဒါကတော့ ယုံကြည်မှုတွေ လျော့ကျသွားတာပေါ့။ တဖက်က နားလည်မှု ရဖို့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ဖို့ တဖက်က နိုင်ငံရေးဆွေးနွေးဖို့ နားလည်မှုတွေ တည်ဆောက်နေတဲ့ ကာလမှာ အခုလို တဖက်က ထိုးစစ်တွေ ဆင်နေတဲ့ အနေအထားကတော့ ဒါက ယုံကြည်မှုကို အများကြီး ထိခိုက်နိုင်တယ်လို့ မြင်တယ်လေ။ တဖက်ကတော့ တွေ့ဆုံ ဆွေးနွေးရေးကို ထိန်းနိုင်သလောက် ထိန်းသွားမှာပါ။”

တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုကွယ်ထူးဝင်းကလည်း တပြည်လုံး အပစ်ခတ် ရပ်နိုင်ရေး လုပ်ဆောင်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့ ကြိုးစားနေချိန်မှာ တိုက်ပွဲဖြစ်နေတာ မဖြစ်သင့်ဘူးပေါ့။ နိုင်ငံရေးအရ အဖြေရှာရမယ့်အချိန်မှာ ဒါက တိုင်းရင်းသားတွေအတွက် အနှောင့်အယှက်တော့ ဖြစ်တာပေါ့နော်။ တဖက်ကလည်း ကျနော်တို့ ကြိုးစားနေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်မယ်ဆိုလို့ရှိရင်လည်း ဒီတိုက်ပွဲတွေကို ပိုပြီးတော့ ဟန့်တားနိုင်မယ့် အနေအထား ရှိမလားလို့ ကျနော်တို့ဘက်က မြင်တာတော့ ရှိတာပေါ့။”

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ၊ တပ်မတော်ကကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ၄ ရက်ကြာ တွေ့ဆုံပြီးတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြရာမှာ နောက်ဆုံး သဘောတူညီချက် ပထမမူကြမ်းကို ရရှိခဲ့ကြပါတယ်။

ဒီမူကြမ်းကို သဘောတူညီချက် ရရှိပြီးခဲ့တဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်တွေ လာမယ့် မေလမှာ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ကြပါတယ်။

တိုင်းရင်းသားအဖွဲ့ပေါင်းဆုံ အပစ်ခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲအပြီးမှာ ကချင်ပြည်နယ်နဲ့ ရှမ်ပြည်နယ်အတွင်း ကေအိုင်အိုထိန်းချုပ်နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး ထောင်ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

DVB Burmese 

ရ၀မ်ဒါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌဟောင်း တောင်းပန်

၁၉၉၄ ခုနှစ် ဧပြီလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားတဲ့ နယူးဇီလန်သံတမန် ကောလင်းကိတင်း (ဓာတ်ပုံ - AP)

ရ၀မ်ဒါနိုင်ငံမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ၁၉၉၄ ခုနှစ် ဧပြီမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူက တောင်းပန်လိုက်ပါတယ်။

လူ ၁ သန်းသေဆုံးခဲ့တဲ့ ရ၀မ်ဒါနိုင်ငံ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်ပွဲမှာ သတ်ဖြတ်မှုတွေကို ရပ်တန့် အသိအမှတ်ပြုဖို့ ကောင်စီရဲ့ ငြင်းပယ်မှုနဲ့ ပတ်သက်ပြီး ၁၉၉၄ ခုနှစ် ဧပြီလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားတဲ့ နယူးဇီလန်သံတမန် ကောလင်းကိတင်းက ဧပြီ ၁၆ ရက်နေ့က တောင်းပန်လိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ရ၀မ်ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တားဆီးဖို့ လုံးဝ ပျက်ကွက်ခဲ့တယ်လို့ သူက ပြောကြားလိုက်ပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြီးသွားတဲ့အခါမှာတော့ ဒီဖြစ်ရပ်ကို သီတင်းပတ် ပေါင်းများစွာ ပြည်တွင်းစစ် ပြန်လည် နိုးထမှုအဖြစ်ပဲ ဖော်ပြခဲ့ပြီး သတ်ဖြတ်မှုတွေကို ကောင်စီကို မပေးပို့ခဲ့ဘူးလို့ ကောလင်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်အပါအ၀င် ဗီတိုအာဏာ သုံးနိုင်တဲ့နိုင်ငံတွေက သတ်ဖြတ်မှုတွေကို ကန့်ကွက်ဖို့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သလို ကုလသမဂ္ဂ လူအခွင့်အရေး ကော်မရှင်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ချေ သတိပေးချက်တွေဟာ ကောင်စီထံကို မရောက်လာခဲ့ဘူးလို့ ဆိုပါတယ်။

ရ၀မ်ဒါမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ နှစ် ၂၀ ကျော် အထိမ်းအမှတ်မှာ ရ၀မ်ဒါနိုင်ငံသားတွေရဲ့ ကိုယ်တိုင်လုပ်ဆောင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြန်လည်ထူထောင်တဲ့ လုပ်ရပ်တွေကို အရမ်းကို လေးစားပါတယ်လို့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် အီလေးဆန်က ပြောပါတယ်။

ဒါအပြင် လက်ရှိ ဆီးရီးယား၊ အာဖရိကအလယ်ပိုင်းသမ္မတနိုင်ငံနဲ့ ဆူဒန်တောင်ပိုင်းတွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ရက်စက်ယုတ်မာမှုတွေကို ကာကွယ်ဖို့ ကုလသမဂ္ဂက ပျက်ကွက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ရင်ဆိုင်နေရပါတယ်။

၁၉၉၄ ခုနှစ် ဧပြီနဲ့ ဇူလိုင်မှာ ရ၀မ်ဒါမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဟူတူမျိုးနွယ် ပြည်သူ့စစ်တွေနဲ့ တခြားအုပ်စုတွေက တွက်ဆီမျိုးနွယ်တွေနဲ့ ဘက်မလိုက်တဲ့ ဟူတူမျိုးနွယ်တွေကို သေနတ်တွေ၊ ဓားတွေနဲ့ သတ်ဖြတ်ခဲ့တဲ့ အကြီးမားဆုံး လူမျိုးတုန်း သတ်ဖြတ်မှုကြီးအဖြစ် သမိုင်းဝင်ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။

DVB Burmese 

အိန္ဒိယရွေးကောက်ပွဲတွင် အာဏာရကွန်ဂရက်ပါတီနှင့် အတိုက်အခံ ဘီဂျေပီပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်

ဓာတ်ပုံ - ရိုက်တာ

အိန္ဒိယနိုင်ငံရဲ့ အဓိကပြည်နယ် ၁၂ ပြည်နယ်မှာ မဲပေးနိုင်တဲ့ အိန္ဒိယနိုင်ငံသား ၈၁၅ သန်းရဲ့ ၄ ပုံ ၁ ပုံမှာ ဧပြီ ၁၇ ရက် ဒီနေ့မှာ မဲပေးခဲ့ကြတာကြောင့် ရွေးကောက်ပွဲတလျှောက် လူအများဆုံး မဲပေးကြတဲ့နေ့ ဖြစ်လာခဲ့ပါတယ်။

ဧပြီ ၁၇ ရက် အိန္ဒိယနိုင်ငံရွေးကောက်ပွဲရဲ့ ခရီးတ၀က်တိုင်ခဲ့တာ ဖြစ်ပြီး အရေးကြီးတဲ့ပြည်နယ်တွေ ဖြစ်တဲ့ ဥတြာပရာဒေခ်ျ့၊ မဟာရပ်ခ်ျတရာနဲ့ မကြာသေးခင်ကမှ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ဥတြာပရာဒေခ်ျပြည်နယ်တွေက မဲဆန္ဒနယ် ၁၂၁ နယ်မှာလည်း ဆန္ဒမဲပေးကြမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲလုံခြုံရေးအဆင့်ကိုပဲ အဆင့်မြင့်ဆုံး မြှင့်ထားလိုက်ပါတယ်။
“မဲရုံတွေရဲ့ လုံခြုံရေးအတွက် ဘက်စုံထောင့်စုံကနေ ပြင်ဆင်ထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ချမှတ်ထားတဲ့ လုံခြုံရေးစီမံချက်အတိုင်း လုံခြုံရေးတပ်တွေကို ချထားပါတယ်။”လို့ ပဋိပက္ခတွေ ဖြစ်ပွားလေ့ရှိတဲ့ ကက်ရှမီးယားပြည်နယ်က ရဲအရာရှိတဦးက ပြောကြားပါတယ်။

ဒီနှစ် အိန္ဒိယရွေးကောက်ပွဲဟာ အာဏာရကွန်ဂရက်ပါတီက ရာဟူးရ်ဂန္ဒီနဲ့ အတိုက်အခံ ဘီဂျေပီပါတီက နာရင်ဒရာမိုဒီတို့ အကြိတ်အနယ်ပြိုင်ဆိုင်ကြတဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့အထိ ရရှိထားတဲ့ မဲစာရင်းတွေအရ အတိုက်အခံ ဘီဂျေပီနဲ့ မဟာမိတ်ပါတီတွေက အာဏာရပါတီကို နှာတဖျား အသာစီးရပြီး ဦးဆောင်နေတယ်လို့ ဆိုပါတယ်။

အာဏာရကွန်ဂရက်ပါတီဟာ အိန္ဒိယစီးပွားရေး နှေးကွေးလာမှု၊ ငွေဖောင်းပွမှု မြင့်တက်လာမှုနဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကြောင့် အိန္ဒိယလူထုရဲ့ ထောက်ခံမှု ကျဆင်းနေပြီး ဒီနှစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ အကြိတ်အနယ် ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်က မဲရုံတရုံမှာ ဧပြီ ၁၇ ရက် ဒီနေ့မှာ မဲပေးသူတွေ တန်းချီစောင့်ဆိုင်းနေကြပါတယ်။

မဲပေးဖို့ရောက်ရှိလာတဲ့ အာရမ်က “ဘ၀မှာ ပထမဆုံးအကြိမ် မဲပေးခွင့် ရလာလို့ မဲလာပေးတာ ဖြစ်ပြီး မဲပေးခွင့်ရှိတဲ့လူတိုင်း ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့နဲ့ ကိုယ် အာဏာရစေချင်တဲ့အစိုးရကို မိမိကိုယ်တိုင် မဲပေးရွေးချယ်ဖို့ တိုက်တွန်းပါတယ်”လို့ ပြောဆို ခဲ့ပါတယ်။

DVB Burmese 

မန့်ဝိန်းကြီးရွာ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံရေးနှင့် နေရေးထိုင်ရေး အခက်တွေ့

ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူလူထုများ (ဓာတ်ပုံ - WPN)

ပြီးခဲ့တဲ့ အပတ်က ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ အခက်အခဲအပြင် နေရေးထိုင်ရေးနဲ့ လုံခြုံရေးတွေက ပိုပြီး အခက်အခဲ ဖြစ်နေပါတယ်။

အထူးသဖြင့် မံစီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စုကနေ နမ့်ခမ်းမြို့ပေါ် အထက ၂ မှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၉၀၀ ကျော်ဟာ နေရာအခက်အခဲရှိနေတာပါ။

အခုခိုလှုံနေတဲ့နေရာဟာ စာသင်ကျောင်းဖြစ်တဲ့အတွက် မကြာခင်ကျောင်းပြန်ဖွင့်တော့မှာမို့ နေရာသစ်အတွက် အခက်အခဲရှိနေကြောင်း ဒုက္ခသည်တွေ အကူအညီပေးနေတဲ့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက မဂျာနူးက ခုလိုပြောပါတယ်။
“အထကကျောင်းမှာက ၂ ရက် ၃ ရက်ဘဲ နေခွင့်ပြုထားတာလေ၊ အစက အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လေယာဉ်ပျံကွင်းဟောင်းမှာ နေရာချထားပေးဖို့ဘဲ ဒါပေမယ့် ကန့်ကွက်သူတွေ များတော့ ကျေးဂျူးကဘာ ဆိုတဲ့ ဘော်ဒါဆောင်ဆောက်ဖို့ လုပ်ထားတဲ့နေရာကို ပြောင်းဖို့ ညှိနှိုင်းနေပါတယ်။ လောလောဆယ် နေရာမရသေးပါဘူး။”

တရုတ်နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းရွာ လုံကောက်ဘက်မှာ သွားရောက် ခိုလှုံနေသူတွေလည်း ၂၀၀ ကျော်ရှိပြီး တချို့တလေ ပြန်သွားပေမယ့် အများစုက မပြန်ရဲသေးဘူး လို့ မဂျာနူးက ဆက်ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက တိုက်ပွဲမရှိတော့ဘူးလို့ပြောပြီး သူတို့ကို တောက်လျှောက်ပြန်ခိုင်း နေကြောင်း၊ ဒါပေမယ့် သူတို့ရွာနားမှာ အစိုးရတပ်တွေ ရှိနေသေးတဲ့အတွက် တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်မှာကို စိုးရိမ်သလို လုံခြုံရေး စိတ်ချရတဲ့ အခြေအနေမရှိလို့ ရွာသားတွေ မပြန်ရဲဘူးလို့ သူက ဆက်ပြောပါတယ်။

နမ့်ခမ်းမြို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းကတော့ ၀မ့်ဟောင်း ဘုန်းကြီးကျောင်းမှာ ၀င်ရောက် ခိုလှုံနေတဲ့ ရှမ်းဒုက္ခသည် ၁၀၀ နီးပါးဟာ သူတို့ လုပ်ငန်းခွင် စိုက်ခင်းနဲ့ အိမ်မွေးတရိစ္ဆာန်တွေ စိတ်မချလို့၊ တိုက်ပွဲလည်း ငြိမ်စပြုသွားပြီမို့ ဧပြီလ ၁၃၊ ၁၄ ရက်နေ့တွေမှာ အားလုံးပြန်ကုန်ပြီလို့ ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်လို့ ဒဏ်ရာရသွားတဲ့ ပန်ခမ်းနဲ့ နောင်ကျွမ်းက ရွာသား ၂ ဦးကတော့ အခုထိ တရုတ် ဘက်ခြမ်း နောင်တောဝ်းဆေးရုံမှာ ကုသနေဆဲဘဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က တိုက်ပွဲဖြစ်ခဲ့တဲ့ မန့်ဝန်းကြီးကျေးရွာအုပ်စုမှာ ပစ်ခတ်မှုတွေ ငြိမ်သက်နေပေမယ့် မိုးမောက်မြို့နယ် လွယ်ဂျယ်သွားလမ်းပေါ်မှာ ဧပြီလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပြီး အဲဒီ အနီးအနား ဘုန်အောင်ငန်နဲ့ လဖန်ရွာက ရွာသားပေါင်း ၈၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်များ ကူညီရေးအဖွဲ့တခုဖြစ်တဲ့ ၀မ်ပေါင်နိမ်းထွဲ့ အဖွဲ့က တာဝန်ခံ မေရီတွမ်က ပြောပါတယ်။

“ဗန်းမော်လွယ်ဂျယ်လမ်း အနီးပတ်ဝန်းကျင်မှာ ပစ်ခတ်တယ်ဆိုတော့ အဲဒီမှာ ဒုက္ခသည် အသစ်တွေ ၈၀ လောက်ပေါ့။ ရွာသားတွေ ဘယ်လိုမှနေလို့မရလို့ ထွက်ပြေးတာတဲ့။ အခု လမ်းတ၀က်မှာ ရောက်နေကြတယ်။ မနေ့ညက တညလုံးလမ်းလျှောက်တာ၊ ဘယ်ဆက်သွား မလဲ ဆိုတာ မသိဘူး။ လောလောဆယ်တော့ မိုင်ကုန်ဆိုတဲ့ရွာမှာ နားနေတယ်လို့ သိရပါတယ်။”

ဒါ့အပြင် မန့်ဝိန်းကြီးကျေးရွာအုပ်စု အထက်ဘက် တောအုပ်မှာ ဧပြီလ ၁၆ ရက်နေ့ နေ့ခင်းပိုင်း ကစပြီး ဒီနေ့ထိ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေကြောင်း၊ အဲဒီနေရာမှာ ကျေးရွာပေါင်း ၁၀ ကျော်က မှီခို အားထားနေတဲ့ ရေထွက်ဦးရှိရာနေရာလည်း မီးလောင်တဲ့ထဲ ပါဝင်နေတဲ့အပြင် သူတို့ လုပ်ကိုင်စားသောက်ရာ သစ်တောဆုံးရှုံးပျက်စီးနေတဲ့အတွက် ရွာသားတွေ စိုးရိမ်ပူပန် နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မန့်ဝိန်းကြီးကျေးရွာအုပ်စုနဲ့ ပန်ခမ်းကျေးရွာအုပ်စု ထဲက ရွာပေါင်း ၂၄ ရွာက ရွာသားတွေ နမ့်ခမ်းမြို့ပေါ်ဘက်ကို တချို့၊ တရုတ်နယ်စပ် နောင်တောဝ်းဘက်ကို ထွက်ပြေးတာ စုစုပေါင်း ၂ ထောင်ကျော် ရှိမယ်လို့ ဒေါ်မေရီတွမ်က ခန့်မှန်းပြောဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဒေသခံရပ်ကွက်သူရပ်ကွက်သားတွေရော၊ တရုတ်အစိုးရနဲ့ ကရုဏာမြန်မာဖောင်ဒေးရှင်း၊ မေတ္တာဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်နဲ့ အခြားအဖွဲ့အစည်းတွေပါ စားနပ်ရိက္ခာ အကူအညီတွေ ပေးနေကြောင်း၊ ဒါပေမယ့် လုံလောက်မှု မရှိသေးဘဲ စောင်၊ ဆေးဝါး၊ သောက်သုံးရေတွေပါ အကူအညီတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အဓိက အားဖြင့်တော့ ရွာသားတွေ ကိုယ့်အိမ်ကိုယ့်ယာမှာ လုံခြုံစိတ်ချစွာနေလို့ ရပြီဆိုရင် ပြဿနာတွေ ပြေလည်သွားမှာ ဖြစ်ကြောင်း၊ ဒါကြောင့် သူတို့ လုံခြုံရေးအတွက် ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေက အရေးပေါ်ဆောင်ရွက်ပေးနေသလို ပိုပြီး မြန်ဆန်ထိရောက်စေဖို့ မြန်မာအစိုးရ၊ တရုတ် အစိုးရ၊ ယူအဲန်အဖွဲ့အစည်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ပံ့ရေး အဖွဲ့တွေပါ ၀ိုင်းဝန်းကူညီဖို့ အဖွဲ့ပေါင်း ၇ ဖွဲ့က ဧပြီလ ၁၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုထားတယ် လို့ ဒေါ်မေရီတွမ် က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ပစ်ခတ်မှုတွေ ချက်ချင်းရပ်စဲပေးဖို့ တိုက်တွန်းသလို တိုက်ပွဲဖြစ်ပွားရာ နေရာကနေ အစိုးရတပ်တွေ ပြန်လည်ဆုတ်ခွာသွားဖို့နဲ့ တပြည်လုံးအပစ်ခတ်ရပ်စဲရေးကိစ္စ ဆောင်ရွက်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အဲန်စီစီတီတို့ အနေနဲ့လည်း အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း တောင်းဆို တယ်လို့ ဒေါ်မေရီတွမ်က ပြောသွားပါတယ်။

DVB Burmese

ပီရူး ရဲတပ်ဖွဲ့နှင့် ကျူးကျော်နေထိုင်သူတွေ အဓိကရုဏ်းဖြစ်ပွား


ပီရူးနိုင်ငံမြောက်ပိုင်း အီကိတို့စ်မြို့တွင်း ကျူးကျော်နေထိုင်သူတွေနဲ့ ရဲတွေကြား အကြမ်းဖက် အဓိကရုဏ်းတွေ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အာဏာပိုင်တွေက ပြည်သူပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်တယ်လို့ သံသယရှိတဲ့ ဒေသခံတွေကို အင်အားသုံး ဖယ်ရှားခဲ့လို့ ခုလို ဖြစ်ရတာ ဖြစ်ပါတယ်။

ပီရူးနိုင်ငံတွင်း ကျေးလက်ဒေသတွေမှာ မြေယာအခွင့်အရေးနဲ့ ပတ်သက်ပြီး တင်းမာမှု မြင့်မားနေတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

ဒေသခံမီဒီယာတွေရဲ့အဆိုအရ ရဲတွေက စိုက်ပျိုးရေးဝန်ကြီးဌာနပိုင်မြေကို ရှင်းခဲ့လို့ ကျူးကျော်နေထိုင်သူတွေလို့ သံသယရှိခံရသူတွေက တောခုတ်ဓားတွေနဲ့ ခြိမ်းခြောက်ခဲ့တာပါ။

အကြမ်းဖက် ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေကို သုံးခဲ့ကြပါတယ်။

ကျူးကျော်နေထိုင်သူတွေလို့ သံသယရှိခံရသူတွေဟာ လွန်ခဲ့တဲ့ ၂ လကမှ ပြည်သူပိုင်မြေကို စတင်သိမ်းပိုက်ခဲ့တာလို့ ဒေသခံမီဒီယာက ဆိုပါတယ်။

ဒါပေမယ့် ဒေသခံတရားရုံးက ဒီမြေကို ရှင်းဖို့ ရဲတွေကို အမိန့်ထုတ်ခဲ့ပါတယ်။

ပီရူးနိုင်ငံတွင်း အမေဇုံဒေသမှာ လယ်ယာစိုက်ပျိုးရေးအတွက် စွန့်ပစ်မြေတွေကို ရှာဖွေသိမ်းပိုက်လေ့ရှိတဲ့ တောင်သူလယ်သမားတွေကြား မြေယာပိုင်ဆိုင်မှု အခွင့်အရေးဟာ အငြင်းပွားစရာ ကိစ္စဖြစ်ပါတယ်။

DVB Burmese

ကလေးငယ်အား သိရှိသူများ ကူညီကြပါ


အထက်ပါပုံရှိ ကလေးငယ်သည် သင်္ကြန်အတက်နေ့ ညနေ ၆း၃၀ ခန့် အချိန်က ကျွန်တော်တို့အိမ်ရှေ့တွင် တစ်ယောက်တည်း ငိုယိုနေပါသည်။ တိုင်းရင်းသားဖြစ်ပုံရ၍ မိမိနေထိုင်ရာ နေရပ် မမှတ်မိပါ။

တကိုယ်လုံးရေစိုရွှဲကာ ချမ်းနေသောကြောင့်

Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ (၃)



ဆရာရေ ကျမရဲ့ အစ်မဝမ်းကွဲတစ်ယောက်ကတော့ ပုံမှန်ဝမ်းကို ၃/၄ရက်နေမှ တစ်ခါလောက်သွားပါတယ်။ သူငယ်စဉ် ကလေးဘဝကတည်းက အခုချိန်ထိ အဲဒီလိုပဲလို့ သိရပါတယ်။ အဲဒါကြောင့် နေ့စဉ် ဝမ်းချူလုံးကို သုံးနေရပါတယ်။ အဲဒါ ဘာကြောင့် ပါလဲရှင်။

ဝမ်းချုပ်တာ အကျင့်ဖြစ်တယ်။ ရေ-အရည် များများသောက်တာ၊ အသီးအရွက် များများစားတာကနေ ဝမ်းလွယ်စေတာ မှန်တယ်။ မန်ကျီးမှည့်၊ သဘောင်္သီးမှည့်တွေက ဝမ်းသက်စေတာ မှန်တယ်။ ဝမ်းနုတ်ဆေးကို တခါတလေသာ အားကိုးပါ။ ဘယ်ဝမ်းနုတ်ဆေးမဆို သောက်ရင် အကျင့်ဖြစ်နိုင်တယ်။ ဝမ်းနုတ်ဆေး တလွဲသုံးတယ် ဝမ်းနုတ်ဆေး တလွဲသုံးခြင်း ဆိုတာ ရှိတယ်။ မလိုဘဲနဲ့ ဝမ်းနုတ်ဆေး သောက်နေရာကနေ အူမကြီးက "အပျင်းရောဂါ" ရပြီး ဆေးမသောက်ဘဲ ဝမ်းက မသွားချင်တော့ဘူး ဖြစ်မယ်။

ဆရာဝန်တွေ ညွှန်တတ်တဲ့ Stimulant Laxatives တွေက Cascara, Buckthorn, Senna extract (ပွေးကိုင်း)၊ Aloe vera, Phenolphthalein, Dulcolax (Bisacodyl) ဆေးတွေ ဖြစ်တယ်။ Dulcolax (Bisacodyl) Suppository တွေက ဝမ်းခြူတောင့်ဖြစ်တယ်။ Liquid Puraffin, Microlax enema နဲ့ (ကြက်ဆူဆီ) တွေကလဲ ဝမ်းခြူလို့ရတယ်။

စားတဲ့ အစားအသောက်၊ အသက်အရွယ်၊ လှုတ်ရှားမှုတွေကနေ ဝမ်းသွားတာကို သက်ရောက်တယ်။ စိတ်ဖိအား များနေလို့ ဝမ်းချုပ်နိုင်တယ်။ "ဝမ်းနည်းရင် ဝမ်းနုတ်ဆေး တိုက်မယ်" ဆိုတာ ရီစရာပြောကြတာပေမဲ့ စိတ်ညစ်-စိတ်ရှုတ်ရင် ဝမ်းချုပ်နိုင်တယ်။

(ကိုဒင်း) စတဲ့ မူးယစ်စေတာပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ သံဓါတ်ဆေး၊ သွေးကျဆေးတချို့ကနေလဲ ဝမ်းချုပ်စေနိုင်တယ်။

ရက်ရှည် ဝမ်းချုပ်နေရင် ဆေးစစ်ဘို့ လိုနိုင်တယ်။ Irritable bowel syndrome အူရောဂါ၊ Colorectal cancer အူ-ကင်ဆာ၊ Diabetes ဆီးချို၊ Parkinson's disease (ပါကင်ဆန်) ရောဂါ၊ Multiple sclerosis (စကယ်လ်ရိုးဆစ်) ရောဂါ၊ Under-active thyroid gland လည်ပင်းကြီးရောဂါ တမျိုး နဲ့ Depression စိတ်ကျရောဂါတွေ ဖြစ်မလား သိအောင် လုပ်သင့်တယ်။

ရက်ရှည်ဝမ်းချုပ်ရင် အလုပ်ပျက်၊ စိတ်ပျက်၊ အစားပျက် ဖြစ်နိုင်တယ်။ ဗိုက်ကယ်နေမယ်။ ဝမ်းညှစ်ရလို့ စအိုကွဲနာ၊ လိပ်ခေါင်း ဆက်ဖြစ်နိုင်တယ်။ ၇ ရက်တပါတ်မှာ ဝမ်း ၃ ခါမသွားသူ ၃ဝ% ရှိတယ်။ ဗမာပြည်မှာ ဝမ်းနုတ်ဆေး ရောင်းကောင်းသလို အမေရိကန်တွေလဲ တနှစ်မှာ ဒေါ်လာသန်း ၇ဝဝ ဘိုး မက ရောင်းရတယ်။

ဝမ်းချုပ်တယ်ဆိုတာ အူမကြီးကနေ ရေကို ပိုစုပ်ယူလိုက်လို့ ဝမ်းက မာသွားရပြီး အောက်ဆက်ဆင်းရမှာကို တားသလို ဖြစ်လို့ ဖြစ်တယ်။ ဝမ်းမသွားတာ ကြာလေလေ ဝမ်းက ပိုမာလေလေဖြစ်မယ်။ (ဖိုင်ဘာ) များတဲ့ အစားအစာတွေ စားခိုင်းတယ်။ အသီးအနှံ၊ အသီးအရွက်၊ အခွံမချွတ်ဘဲ အနှံတွေနဲ့လုပ်တဲ့ ပေါင်မုံ့၊ အသား၊ ဒိတ်ခဲ၊ ဥ တွေဖြစ်တယ်။ တနေ့ကို ဖိုင်ဘာ 30g စားသင့်တယ်။ တနေ့ ရေ ၈ ခွက်သောက်ပါ။ အချိုရည်တွေ၊ (ကေဖင်း) ပါတာတွေ မသောက်ပါနဲ့။

နာတာရှည် ဝမ်းချုပ်တာကို Functional constipation လို့ခေါ်တယ်။ Biofeedback training နည်းနဲ့ကုသပေးနိုင်တယ်။ Sensors တွေ Electrodes တွေ တပ်ဆင်ပေးထားမယ်။ ကိုယ်ပူချိန်၊ ဦးနှောက်အလုပ်၊ နှလုံးခုန်တာ၊ ကြွက်သားအလုပ် စတာတွေကို Feedback ပေးနေမယ်။ ဒါတွေကိုကြည့်ပြီး လူနာဟာ ပြင်စရာတွေ သိလာပြီး လူနေမှုပုံစံကို ပြင်ပေးရမယ်။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁
၁၇-၄-၂ဝ၁၄

သင့်အိပ်မက်က ပြောသော သင့်ကျန်းမာရေး (၂)


အိပ်မက်ဆိုးမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ

နှလုံးကျန်းမာရေး အခြေအနေ၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါ (သို့) အိပ်ရေးပျက်ခြင်း။

သွေးတိုးကျဆေး ဘီတာဘလော့ကာဟာ အိပ်မက်ဆိုးမက်စေတယ်လို့ နာမည်ကြီးကြောင်း လောင်းဘို့ရပ် တက္ကသိုလ်မှ အိပ်စက်မှု ဆိုရာ ကျွမးကျင်သူ   ပါမောက္ခဂျင်မ် က ဆိုပါတယ်။

ဒီဆေးက သွေးကြောကျယ်စေပေမယ့် ဦးနှောက်ထဲက ဓါတ်တချို့ ဟန်ချက်ညီမျှမှုကို  ပြောင်းလဲစေတာကြောင့် အိပ်မက်ဆိုး မက်စေတာ  ဖြစ်ပါတယ်။

နယ်သာလန် ဆေးဂျာနယ်ရဲ့ လူခြောက်ထောင်ကျော်ကို လေ့လာမှုအရ အိပ်မက်ဆိုးတွေက နှလုံးမကောင်းတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ပုံမှန် မဟုတ်တဲ့ နှလုံးခုန်နှုန်းကြောင့် အိပ်မက်ဆိုး မက်နိုင်ခြေကို သုံးဆတိုးစေပြီး ရင်ဘတ်နာကျင်မှုကို ခုနှစ်ဆ တိုးစေတာကို တွေ့ရပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိသူတွေက အသက်ရှူပြဿနာကို ပိုမိုခံစားရနိုင်ခြေ ရှိပြီး ဦးနှောက်ထဲမှာ  အောက်ဆီဂျင် အဆင့်ကို လျော့ကျစေပါတယ်။

အိပ်မက်ဆိုးမက်တာက ခေါင်းတစ်ခြမ်းကိုက်ရောဂါရဲ့ သတိပေးလက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။ လူနာ ၃၇ဦးကို  လေ့လာမှု တစ်ရပ်အရ ညဘက်မှာ  ဆိုးဆိုးရွားရွား ခေါင်းကိုက်တာကြောင့် အိပ်မက်ဆိုးမက်တတ်ပြီး အိပ်မက်ထဲမှာ ဒေါသထွက်တာနဲ့ ရန်လိုတာစတဲ့  အပြုအမူတွေ ပါဝင်ကြောင်း  တွေ့ရတတ်ပါတယ်။သီအိုရီ တစ်ခုအရ ခေါင်းကိုက်တာကြောင့်လည်း ဦးနှောက်ထဲမှာ  ပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

မြန်မာလူမျိုးတွေ ပြောလေ့ရှိတဲ့ အိပ်ရင်း ဘီလူးစီးတာ ဆိုတဲ့ လှုပ်လို့မရတဲ့ အခြေအနေ (Sleep Paralysis) ကြောင့်လည်း အိပ်မက်ဆိုး မက်တတ်ပါတယ်။ ဒီအခြေအေနမှာ ခဏတာ လှုပ်ရှားလို့မရတော့ဘဲ ကြွက်သားတွေ ခဏဆိုင်းသွား တဲ့ အခြေအနေမျိုးပါ။ ကံကောင်းတာက  တစ်မိနစ်၊ နှစ်မိနစ်ပဲ ကြာတတ်ပါတယ်။

မှတ်မိသော အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – အရက်သောက်ခြင်း၊ ကူးစက်ရောဂါပိုး ၀င်ခြင်း၊ ငှက်ဖျားကုသဆေး မှီဝဲခြင်း သို့မဟုတ် သွေးဆုံးခြင်း။

ညဥ့်နက်မှ အိပ်စက်တာကြောင့် အိပ်ရာမနိုးခင် မှတ်မိလွယ်တဲ့ အိပ်မက်တွေ မက်တတ်ပါတယ်။

“အရက်မူးအောင် သောက်ထားရင် ကိုယ့်ကိုကိုယ် အစွမ်းအစရှိတယ် ထင်ပြီး အိပ်ရာနိုးခါနီးမှာ သိသာထင်ရှားတဲ့ အိပ်မက်မျိုး မက်တတ်ပါတယ်။ အရက်ကြောင့် ဦးနှောက်ထဲက ဓါတ်တွေ သိသိသာသာ ပြောင်းလဲပြီး ထူးဆန်းတဲ့ အိပ်မက်တွေ မက်ရတာ  ဖြစ်ပါတယ်။” လို့ ပါမောက္ခဟွန်းက ရှင်းပြထားပါတယ်။

ငှက်ဖျားပိုး ကူးစက်ခံရချိန်မှာလည်း ကိုယ်ခံစွမ်းအား စနစ်က ပြန်လည်တွန်းလှန်နိုင်စွမ်း ရှိဖို့ လိုအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှု မရှိဘဲ အသိစိတ်ရှိနေတတ်ပါတယ်။

သွေးဆုံးချိန်မှာလည်း သိသာထင်ရှားတဲ့ အိပ်မက်တွေ မက်တတ်သလို ငှက်ဖျားကုသဆေး မက်ဖလိုကွင်းကို သောက်ထားတာကြောင့် ဦးနှောက်ထဲက အဆီတိုင်းကိုလင်းဓါတ် ပြောင်းလဲမှု ဖြစ်ကာ သိသာထင်ရှားတဲ့ အိပ်မက်မျိုးမက်တတ်ပါတယ်။

ပုံမှန်ထက် အိပ်မက် ပိုမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – ညဘက်မှာ ပူလွန်းအေးလွန်းခြင်း၊ ဟော်မုန်းအတက်အကျ ဖြစ်ခြင်း၊ နာတာရှည် နာကျင်ခြင်း သို့မဟုတ် စိတ်ကျကု ဆေးဝါးဖြတ်လိုက်ခြင်း။

ညဘက်မှာ အလွန်အမင်း ပူတာ ဒါမှမဟုတ် ခိုက်ခိုက်တုန်အောင် ချမ်းတာ စတဲ့ အခြေအနေကြောင့် အိပ်မက်တွေ ပိုမက်နိုင်ပါတယ်။

“ပူလွန်း အေးလွန်းတာကြောင့် အိပ်ရေး ပိုပျက်တတ်ပြီး အိပ်မက်မက်ရင်း အိပ်နေချိန်မှာလည်း လန့်နိုးနိုင်ခြေများပါတယ်။ ဒါကြောင့် အိပ်မက်တွေကို ပိုမှတ်မိတတ်ပါတယ်” လို့ ပါမောက္ခဟွန်းက ရှင်းပြပါတယ်။

အိပ်ခန်းအပူချိန်ကို ၁၈ဒီဂရီ စင်တီဂရိတ်ထားဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာချိန် အတောအတွင်း  ဟော်မုန်း အတက်အကျ ဖြစ်တာကြောင့် အိပ်မက် ပိုမက်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ လေပွတာ၊ ဗိုက်အောင့်တာ စတဲ့ မသက်မသာ ဝေဒနာတွေ ခံစားရပြီး အိပ်ရင်း လန့်နိုးတတ်ပါတယ်။ အိပ်မပျော်တာနဲ့ နာကျင်တာကြောင့် ညဘက်မှာ မကြာခဏ လန့်နိုးတတ်ပြီး အိပ်မက်တွေကို ပိုမှတ်မိတတ်ပါတယ်။

အိပ်ချိန်နည်းလွန်းတဲ့အခါ အိပ်မက်မက်တဲ့ အိပ်စက်မှု ထိခိုက်ပြီး အိပ်ကြွေး တင်တတ်ပါတယ်။ အကြာကြီး ပြန်အိပ်တဲ့ညတွေမှာ အိပ်မက်မက်တဲ့ အိပ်စက်မှု (REM) အဆင့် ပြန်ရပြီး အိပ်မက်ကြာကြာ မက်တတ်ပါတယ်။ အထူးသဖြင့် စိတ်ကျ ကုသဆေး  ဖြတ်လိုက်တဲ့ သူတွေ မှာ အဖြစ်များတတ်ပါတယ်။

သင့်အိပ်မက်ကပြောသော သင့်ကျန်းမာရေး (၁)



ref: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နှစ်သစ်ကူးမို့ ချစ်ဦးကို ရှာဖွေ



(ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ရန်ကုန်သင်္ကြန်မြင်ကွင်းတစ်နေရာ (ဓာတ်ပုံ) အောင်မျိုးသန့်)

(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))

နှစ်သစ်ကူးပြီ

မြန်မာတို့ရဲ့ တစ်နည်း မြန်မာနိုင်ငံသားတို့ရဲ့ မြန်မာ့ရိုးရာစစ်စစ် အတာကူးတဲ့သင်္ကြန်ပွဲက ပြီးဆုံးလို့ သွားခဲ့ပါပြီ။ သူသူ ငါငါ အပျော်ရှာသူရော အပျော်မရှာသူတွေပါ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတာပါ။ အချို့က ကိုယ်ထိလက်ရောက်၊ စိတ်ပါလက်ပါ ပါဝင်ဆင်နွှဲပါတယ်။ ရေပက်တယ်။ ရေအပက်ခံတယ်။ သီချင်းဆိုတယ်။ ကတယ်။ ခုန်တယ်။ မြူးတယ်။ အချို့က ရေနဲ့ဝေးရာမှာ နေပေမယ့် သင်္ကြန်ကို အဆွေးနဲ့ငေးကြတယ်။ အတွေးနဲ့ လွမ်းနေကြတယ်။ ပိတောက်နံ့ကို ရှူရင်း ပိတောက်ချစ်သူဟောင်းကို သတိရကြတယ်။ လွမ်းမောကြတယ်။

အချို့က သင်္ကြန်ကို ဆန့်ကျင်သလိုပြု ရင်း ဆင်နွှဲကြတယ်။ ယောဂီထဘီလေးဝတ်၊ ယောဂီတဘက်လေး ပခုံးပေါ်တင် ပုတီးလေး လက်ကဆွဲရင်း ဥပုသ်သီလ ဆောက်တည်ကြတယ်။ ဒါကသင်္ကြန်ကြောင့် ပေါ်ပေါက်လာတဲ့ ကောင်းကျိုးရလဒ်ပါ။

ဘာပဲဖြစ်ဖြစ် သင်္ကြန်ဟာ မြန်မာနိုင်ငံသားအားလုံးရဲ့ နှလုံးသားထဲထိ စိမ့်ဝင်နေရာယူထားတဲ့ ယဉ်ကျေးမှုပါ။ အမေရော၊ အဖေရော၊ အဘိုးရော၊ အဘွားရော ပိတောက်ကို ချစ်တတ်တယ်။ သင်္ကြန်ကို ပျော်တတ်တယ်။

နှစ်သစ်ကူးခြင်းဆိုတဲ့ အသိကလည်း လူတွေကို သတိဆွဲမိစေပါတယ်။ တစ်နှစ်တာ ငါဘာတွေလုပ်ခဲ့သလဲ။ ဘာတွေမှန်ခဲ့သလဲ။ ဘာတွေမှားခဲ့သလဲ။ ဘယ်သူ့အတွက်ကောင်း ကျိုးပြုပေးခဲ့သလဲ။ ဘယ်သူ့အတွက် မကောင်းကျိုးပြုမိခဲ့သလဲ။ အမှတ်ထင်ထင် မနေတတ်သူတွေက မိမိလုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် နောင်တတွေရကြသလို အနုမောဒနာခေါ်စရာတွေလည်း ပေါ်လာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်ကတော့ ကုန်ဆုံးခဲ့ပါပြီ။ ယနေ့နှစ်ဆန်း ၁ ရက်နေ့ ရောက်ပါပြီ။ ကုန်ဆုံးခဲ့တာဟာ ကျန်ရစ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပေမယ့် မမေ့ကောင်းတာတွေက ရင်ထဲမှာ စွဲထင်နေဆဲပါ။

၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ် အကူးအပြောင်း မကြာစတောင်းကြာစတောင်းမျှသာ ကြာပေမယ့် အပြောင်းအလဲကတော့ တကယ်ဖြစ်ထွန်းလာရမှာပါ။ ပြောင်းလဲလိုသည်ဖြစ်စေ၊ မပြောင်းလဲလိုသည်ဖြစ်စေ သဘာဝကြီး ကတော့ ပြောင်းလဲခဲ့ပါပြီ။ ပြောင်းလဲမှုသဘာဝ ဘီးကြီးကို ဆွဲချည်ထားလို့ မရပါဘူး။ ဟန့်တားထားလို့ မရပါဘူး။ တစ်နှစ်ကတော့ ကူးပြန်ပြီ။ အချစ်သစ်တွေ ထူးလာသလား။ အပြစ်သစ်တွေ ထူးလာသလား။

ဒီမိုကရေစီလုံမပျို

၁၃၇၆ ခုနှစ်ဟာ ဒီမိုကရေစီခရီးကြမ်းတစ်လျှောက် ရုန်းကန်လှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီ လုံမပျိုအတွက် လွတ်လပ်စွာပျံသန်းခွင့် ရလေမလားလို့ မျှော်မှန်းဒီဂရီမြင့်တက်လာတဲ့ နှစ်ဖြစ်ပါတယ်။ ၁၃၇၆ ခုနှစ်ဆီမှာ ဒီမိုကရေစီ ရောင်နီလေးသန်းသလို၊ ဒီမိုကရေစီရနံ့လေး သင်းသလို၊ ဒီမိုကရေစီ အထိအတွေ့လေး ခံစားရသလို ဖြစ်လာနေပါတယ်။

လုံမပျို ရင်ဖိုရတဲ့နှစ်လို့ ဆိုရမှာပါ။ ပြည်သူတွေကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ပြောနေကြပြီ။ လေးပွင့်ဆိုင် ခေါင်းဆောင်လေးဦး (သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်)တို့ တွေ့ဆုံဆွေးနွေးတော့ မလိုလို။ သူတို့ဆွေးနွေးပြီးရင် ဒီမိုကရေစီအခန်းသစ် ဖွင့်လှစ်တော့မှာလိုလို လိုလိုတွေနဲ့ ရင်ဖိုစရာတွေက နှစ်သစ်ထဲမှာ ပျံ့နှံ့နေပါတယ်။ လုံမပျိုကို မျှော်လင့်ချက်တွေ ပေးနေတာလား။ ပုံပြောနေတာလား။ စောင့်ကြည့်နေရဦးမှာပေါ့။

ချစ်ဦးကို ရှာဖွေ

ဒီလို မရေရာမှုတွေထဲမှာ ရင့်ကျက်မှုမရှိလှသေးတဲ့ လောကီသူလေး ဒီမိုကရေစီလုံမပျို ဟာ ချစ်ဦးသူကို ဘယ်လိုရွေးရမလဲ။ ဝေခွဲမရဖြစ်နေပါတယ်။ ဘေးဘီပတ်လည်မှာ ၀န်းရံနေတဲ့ ပိုးပန်းနေသူအားလုံးထဲမှာ အချစ်စစ်က ဘယ်သူ့ဆီမှာ ရှိသလဲ။ လုံမပျိုကို တစ်သက်လုံး ရိုးမြေကျချစ်သွားမယ့် ချစ်ဦးသူက ဘယ်သူလဲ။ ဟန်ရေးတပြပြ၊ ဟန်ရေး တကြွကြွ၊ လှံရေးကစားလှတဲ့ လုလင်ပျိုကိုပဲ ချစ်သူရွေးရမလား။

ကြိုးကြိုးကုတ်ကုတ်နေပြီး အမေ့အလိုကျပါပဲ၊ အဖေ့အလိုကျပါပဲဆိုကာ သားလိမ္မာဟန်ဆောင်ထားတဲ့ ကိုယ်ပိုင်နှလုံးသား ခံစားချက်ကို အမေ၊ အဖေ ပြောသမျှ မှန်၏၊ မှား၏ မဝေဖန်ရဲသူကိုဘဲ ချစ်သူရွေးရမလား။

လုံမပျိုနဲ့ တန်းတူညီမျှ၊ ကျရာတာဝန်အတူတူ မောင်တစ်ထမ်း၊ မယ်တစ်ရွက် လုံမပျို လျှောက်လှမ်းလိုတဲ့လမ်းနဲ့ လုလင်ပျိုသွားလိုတဲ့ခရီး တစ်ခရီးတည်းဖြစ်၊ ရည်မှန်းချက်တူ။ ဒီမိုကရေစီနိုင်ငံကိုမှ ထူထောင်လိုသူကိုပဲ ချစ်သူရွေးမလား။

လုံမပျိုကတော့ စိတ်ကူးတွေယဉ်၊ အိပ်မက်တွေမက်၊ ကြိတ်မှိတ် ရင်တွေခုန်နေချိန်ပေါ့။ လုံမပျိုနံဘေးမှ ချစ်ခွင့်ပန်နေတဲ့ လုလင်တို့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အရည်အချင်းတွေကလည်း သူမသာ၊ ကိုယ်မသာ။

နောက်ဆုံး လုံမပျို သူ့ရင်နဲ့ခံစားမိတဲ့အတိုင်း နှလုံးသားနဲ့ ဦးနှောက်က စည်းချက်ညီညီ ဆုံးဖြတ်ပေးတဲ့အတိုင်း နှစ်သစ်ကူးမှာ ချစ်ဦးကိုရှာဖွေဖို့ စိတ်ပိုင်းဖြတ်လိုက်ချိန်မှာ အမေက စာအုပ်တစ်အုပ် လက်ထဲလာထည့်ပေးပါတယ်။ စာအုပ်က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ။

လုံမပျို ရွေးချင်တာရွေးမရအောင် ဥပဒေ၊ ပုဒ်မတွေနဲ့ ပိတ်ဆို့ထားတာ တွေ့ရပါတယ်။ လုံမပျို နင်ကြိုက်တဲ့ချစ်သူကို လွတ်လွတ်လပ်လပ် ရွေးလေတဲ့။ ပြီးမှ ငါတို့သဘောကျတဲ့သူတော့ ဖြစ်ရမယ်တဲ့။ ငါတို့သဘောမကျရင်တော့ နင်တို့ချစ်ခြင်းကို ခွဲရမှာပဲတဲ့။ အမေက စာအုပ်ကြီးကလေသံအတိုင်း တစ်ပြားမှ မလျှော့ဘဲ တင်းတင်းရင်းရင်းကြီး ပြောလာပါတယ်။

လုံမပျိုခမျာ စိတ်ထဲက ချစ်သူကိုပုံဖော်ကြည့်လိုက်ပါတယ်။ သေချာပေါက် စာအုပ်ကြီးနဲ့မကိုက်၊ အမေ အဖေ အကြိုက်နဲ့လည်း မညီ။ လုံးဝငြင်းပယ်ခံရမယ့် ချစ်သူဆိုတာ စိတ်ထဲက သိလိုက်ပါတယ်။ အဖေ အမေတို့ က ရှေးရိုးစွဲသမားကြီးတွေ တစ်သွေး၊ တစ်သံ၊ တစ်မိန့်သမားတွေ။ ပြန်ပြောတာမကြိုက်၊ ပြန်လည်ဝေဖန်တာ ခွင့်မပြု။ အတွန့်တက်တာ နားမထောင်ချင်ဘူး။ စာအုပ်ကြီးထဲကအတိုင်း တစ်သဝေမတိမ်း လိုက်နာတာပဲလိုချင်တဲ့ မိဘတွေ။

လုံမပျို ဘာလုပ်ရမလဲ။

နှစ်သစ်ကူးမို့ ချစ်ဦးကိုရှာဖွေ . . . ဆို တဲ့သီချင်းကို အသံမထွက်ဘဲ ညည်းနေရင်း ၁၃၇၆ ခုနှစ်ကို ကြိုဆိုရမှာလား။ လျစ်လျူ ရှုထားရမလား။ ဝေခွဲမရမီ လုံမပျိုအားကိုးရတဲ့ မိတ်ဆွေပြည်သူတွေကို မျက်နှာငယ်နဲ့ အကူအညီတောင်းမိတယ်။ ပြည်သူတွေက လုံမလေး သဘောကျလုပ်ဖို့ အပြည့်အ၀ ထောက်ခံကြတယ်။ အားပေးကြတယ်။ စာအုပ်ကြီးကို လက်မခံနဲ့။ တစ်သက်ပန် ဒုက္ခတွေ့သွားမယ်။ လာမယ့်ဘေး ပြေးတွေ့။ နှစ်သစ်မှာ အချစ်စစ်ကိုရှာ။ ထာဝရပေါင်းရမှာက လုံမလေး။ အားပေးသံတွေ သောသောညံညံ။ လုံမလေး အားတက်ပါဘိ။ ဘာပဲဖြစ်ဖြစ် အရဲစွန့်ရတော့မှာပဲ။

နောက်ဆုံး . . . လုံမလေး ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါတယ်။ ဒီနှစ်မှာတော့ ဒီမိုကရေစီမင်းသားလေးကိုပဲ နှစ်သစ်ကူးရဲ့ အချစ်ဦးအဖြစ် ရွေးချယ်လိုက်ပါတော့မယ်။ ပြည်သူတို့ ထောက်ခံအားပေးကြပါ။


Eleven Media Group

မြန်မာတို့ အလှူမှာ မှန်စေဖို့ လမ်းညွန်


မြန်မာ လူမျိုးများအား အခြား တိုင်းပြည်က လူမျိုးများနဲ့ ယှဉ်လိုက်ရင် အလှူအတန်း ပြုရာမှာ နောက်ကျ ကျန်ရှိ မရှိတာကို ဝမ်းသာစွာ တွေ့မြင်ရ ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစွာ တွေ့မြင်ရတာ တစ်ခုက အချို့ဟာ မှားယွင်းစွာ အလှူဒါန ပြုနေခြင်း ဖြစ်ပါတယ်။ ဒီတော့ အလှူကောင်း အလှူမှန် ဖြစ်စေဖို့ အတိုဆုံး ဖြစ်အောင် ရေးသားလို့ မျှဝေ ပေးလိုက် ရပါတယ်။

ဘယ်သူ့ကို လှူမလဲ

အလှူလက်ခံ ရရှိမယ့် သူ အနေနဲ့ မြတ်စွာ ဘုရား သားတော်များ ဖြစ်တဲ့ သံဃာတော် များကို လှူတန်းခြင်း (သံဃ အလှူ) က အမြတ်ဆုံးလို့ ရေဘုယျအားဖြင့် ဆိုထားပေမယ့်၊ နိဗ္ဗာန် ကို ရည်စူးလို့ လှူတန်းသူများက လူစွဲ ပုဂ္ဂိုလ်စွဲ စွဲပြီးတော့ လှူလို့ မရ ပါဘူး။ အယုတ် အလတ်၊ အမြတ် မရွေး ပုဂ္ဂိုလ် သတ္တဝါ အစွဲမရှိပဲ လှူတန်း တတ်ဖို့ လိုပါတယ်။ သို့ပေမယ့် သီလ သမာဓိ တို့နဲ့ ပြည့်စုံတဲ့ သူများကို လှူတန်းခြင်းက ပိုမို ကြီးမားတဲ့ အကျိုး ကျေးဇူးကို ပေးကြောင်း မြတ်စွာ ဘုရားရှင်က ဟောထား ပါတယ်။ ယနေ့မှာ ပုဂ္ဂိုလ်စွဲ လူစွဲ လှူနေ သူများ ကြောင့် ဗုဒ္ဓဘာသာဝင် များရဲ့ အလှူဟာ ဘာသာခြားများ အမြင်မှာ ရှက်စရာ ဖြစ်နေ ပါတယ်။ ဒီတော့ လိုအပ်သော နေရာ၊ နဲ့ ဘယ်လို ပုဂ္ဂိုလ် မျိုး၊ ကျောင်းကန် မျိုးကို မဆို လှူဒါန်းရန် သင့်ပါတယ်။

ဘယ်လို စိတ်ထားလို့ လှူမလဲ

မလှူခင်မှာ ပွားများနေတဲ့ သဒ္ဒါ စေတနာ စိတ်၊ လှူဆဲ ကာလ အတွင်း ပွားများ ထက်သန် နေသော သဒ္ဒါ စေတနာ စိတ်၊ လှူပြီးတော့ အမြဲ လိုလို အောင့်မေ့ ပီတိ ဝမ်းသာ ဖြစ်နေသော သဒ္ဒါ စေတနာ စိတ် ယင်း စိတ် သုံးခုနဲ့ ယှဉ်လို့ လှူဒါန်းတဲ့ အခါမှာ အလှူဟာ အင်မတန် ထိရောက်ပြီး နိဗ္ဗာန် မရောက်ခင် ဆက်ကြား ကာလ အတွင်း များစွာ အကျိုးကောင်း ဖြစ်ထွန်း စေ ပါတယ်။

ဘယ်လို သိလို့ လှူရမလဲ
အလှူ တစ်ခုကို ပြုလုပ်တဲ့ အခါ အနည်းဆုံး အားဖြင့် ကိုယ့်ဆီမှာ ပါလာတာက အလောဘ ဖြစ်ပါတယ်။ လောဘ ဆိုတဲ့ တပ်မက်ခြင်း ဆိုတဲ့ တဏှာ တစ်ခုက သေချာ ပြုတ်နေ ပါပြီ။ အနည်းအများ တော့ ကွာ ပါတယ်။ တဏှာ ပြုတ်ရုံလေး ပါတဲ့ အလှူက သာမန် အလှူပါ။ ရတနာ သုံးပါးကို ယုံကြည်သော ကိုးကွယ် သဒ္ဒါစိတ်၊ ကံကံ ၏ အကျိုးကို ယုံကြည်သော စိတ် တို့ ပါပြီး တွန့်တိုတဲ့ မစ္စရိယ စိတ်ကို တွန်းလှန်လို့ လှူဒါန်း လိုက်တဲ့ အခါ အလှူအကျိုးကို သိရှိ ပြီး ထက်ထက်သန်သန် လှူဒါန်း ဒါကြောင့် အင်မတန် ထက်မြတ်တဲ့ အလှူ ဖြစ်ပါတယ်။

လှူခြင်း ရည်ရွယ်ချက်

ရည်ရွယ်ချက် အနေနဲ့ ပတ်ဝန်းကျင်က အပြိုင်အဆိုင် များကို ယှဉ်ပြိုင်လို့ လှူဒါန်းခြင်း၊ နောက်ဘဝ ချမ်းသာချင်သဖြင့် လှူဒါန်းခြင်း၊ သုဂတိ ဘုံ မှန်းထား လှူဒါန်းခြင်း၊ သူများ လှူသဖြင့် မကောင်း တတ်လို့ လှူခြင်း၊ ထုံးတန်း စဉ်လာအရ လှူရမည်ဟု သိသဖြင့် လှူခြင်းတို့က ဥာဏ်မပါတဲ့ အလှူ ဖြစ်ပါတယ်။ ဂုဏ် ပကာသန တို့ကို ယှဉ်ထားလို့ လှူတဲ့ အလှူက ကောင်းကျိုးပေး ပေမယ့် မပေးသလောက် နည်းအောင်သာ ပေးပါတယ်။ ဒီတော့ လှူဒါန်းတဲ့ ရည်ရွယ်ချက်က အထက်က ပြောခဲ့ သလိုပဲ လောဘ ပယ်သတ်ရန်၊ နိဗ္ဗာန် ကိုရည်စူး မှန်းထား လှူရ ပါမယ်။ နိဗ္ဗာန် မရောက်ရင်တော့ ကြားဆက်ကြား ကာလ အတွင်း တရား ကျင့်ကြံ အားထုတ်ဖို့ ကောင်း ကျိုးတွေ ပေးမှာကြောင့် ဖြစ်လေ ရာ ဘုံဘဝ ချမ်းသာမှာက ဆုမတောင်းလဲ ကြိမ်းသေ ရ ပါတယ်။

အလှူ ပမာဏ ဘယ်လောက် များရမလဲ

မလှူလို့ မရှိ၊ မရှိလို့ မလှူ ဟူသည့် ဆောင်ပုဒ်ကို မှတ်သားလို့ ငွေကြေး ချို့တဲ့ သူများက ငါတို့ ကတော့ မလှူနိုင် ပါဘူး။ မလုပ်နိုင်ပါဘူး။ သူတို့က ချမ်းသာတယ် လှူကြပေါ့ အစရှိသဖြင့် ပြောကြ ပါတယ်။ အမှန်တော့ အလှူဆိုတာ အရေအတွက် နဲ့ မဆိုင် ပါဘူး။ အရည်အသွေးနဲ့သာ ဆိုင်ခြင်း ဖြစ်ပါတယ်။ ဘုရားဟော ဇာတ်တော်ကြီး တစ်ခုတည်းမှာ သူဌေးကြီး တစ်ဦးဟာ သေခါနီး သူပြန်သတိရတဲ့ အလှူက ဘုရားသားတော် ရဟန်းများကို ဆွမ်းကပ်တဲ့ မဟာအလှူ မဟုတ်ပဲ လမ်းဘေး ခွေး တစ်ကောင်ကို ထမင်းကျွေးဖူးတဲ့ အလှူကို သွား သတိရ ပါတယ်။ အကြောင်း ကတော့ ခွေးလေးကို ကျွေးစဉ်မှာ သူ့ဆီ ထားရှိတဲ့ စိတ် အရည်အသွေးက အင်မတန် ထက်သန် နေလို့ ဖြစ်ပါတယ်။ ဘုရားသားတော် များကို လှူဒါန်းချိန်က သူ့စိတ် ထားရှိမှုက အရည် အသွေး မပြည့်ဝ ပါဘူး။ ဥပမာ - ဥာဏ်မပါခြင်း၊ လိုချင်တပ်မက်သော အလှူ ဖြစ်ခြင်း၊ ထုံးတန်း အရ လှူခြင်း တို့ကြောင့် အရေအတွက် များသော်လည်း အရည်အသွေး ချို့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆိုလိုချင် တာ ကတော့ အလှူ တစ်ခု ပြုလုပ်ဖို့ အတွက် ငွေ တစ်ကျပ် မရှိလဲ ရ ပါတယ်။ ကိုယ်တိုင် လှူခြင်း၊ လှူသူကို တိုက်တွန်း လမ်းညွန် ကူညီ ခြင်း၊ လှူသူကို ချီးမွမ်း ခြင်း၊ လှူသူ၏ စိတ်နှင့် ထပ်တူ ဝမ်းသာ ပီတိ ဖြစ်ခြင်း အစရှိတဲ့ အင်္ဂါများနဲ့ ပြည့်စုံရင် အလှူလုပ်နေ တာပါပဲ။ နောက်ဆုံး လှူစရာ မရှိရင် သွေးလှူခြင်း၊ ဆံပင် လှူဒါန်း ခြင်းတောင် ပြုလုပ်လို့ ရပါတယ်။ ဘုရားထံ ရေတစ်ခွက် ကပ်တာလဲ အလှူ ပါပဲ။ အလှူငွေ တစ်ရာကို စေတနာ သဒ္ဒါ ထက်ထက် သန်သန်နဲ့ လှူဒါ ကလည်း အလှူ ပါပဲ။

အနှစ်ချုပ်

အလှူနှင့် ပက်သက်ပြီးတော့ အဘိဓမ္မာ နဲ့ အခြားသော ဆရာတော် ဘုရားများ ဟောကြားထားတဲ့ တရား တော် များကို နာကြား ကြဖို့ တိုက်တွန်း လိုပါတယ်။ စာရေးသူရဲ့ အနှစ်ချုပ် ဆောင်းပါး ကိုလည်း ဖတ်ရှုလို့ ကမ္ဘာ့ အကောင်းဆုံးသော အလှူမျိုးကို လှူဒါန်း နိုင်ကြဖို့ ဆုမွန်ကောင်း တောင်းပေး လိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

အမေရိကန် ခဲယမ်းမီးကျောက်စက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံး


ဓာတ်ပုံ – ရိုက်တာ
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် မက်အီဝမ်မြို့က ခဲယမ်းမီးကျောက်စက်ရုံတရုံမှာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ မီးလောင်မှု ၂ မှု ဖြစ်ခဲ့ပြီး လူ ၁ ယောက် သေဆုံးကာ အနည်းဆုံး လူ ၃ ယောက် ဒဏ်ရာရပါတယ်။


ပေါက်ကွဲမှုကြောင့် စက်ရုံ မီးလောင်ပြီး မီးပွားလွင့်စဉ်မှုကြောင့် အနီးပတ်ဝန်းကျင်မှာ မီးတွေ ဆက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
မီးလောင်မှု ၂ ခုလုံး ထိန်းချုပ်နိုင်ပြီလို့ အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ စက်ရုံဟာ ရီယို ခဲယမ်းမီးကျောက် ကုမ္ပဏီပိုင် စက်ရုံပါ ကာကွယ်ရေး၊ လေကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေအတွက် ခဲယမ်းမီးကျောက်တွေကို ထုတ်လုပ်ပါတယ်။

အရက်၊ ဆေးလိပ်နဲ့ လက်နက်ဗျူရိုက မတော်တဆမှုကို စုံစမ်းစစ်ဆေးဖို့ အခင်းဖြစ်ရာကို လာရောက်ဖို့ ရှိသလို ပေါက်ကွဲမှု ဖြစ်ရတဲ့ ဖြစ်နိုင်ချေကိုတော့ မသိရသေးပါဘူး။

DVB Burmese

ရိုဟင်ဂျာ လူကုန်ကူးမှုသတင်း အစီရင်ခံစာကြောင့် ထိုင်းရေတပ်က သြစတြေးလျနှင့် ထိုင်း သတင်းထောက်တို့ကို တရားစွဲ

ထိုင်းနိုင်ငံ ဖူးခက်မြို့တရားရုံးမှာ သြစတြေးလျသတင်းထောက်နဲ့ ထိုင်း သတင်းထောက်တွေ တရားရင်ဆိုင်နေရလို့ ဧပြီ ၁၇ ရက် ဒီနေ့မှာ ရုံးတင်ခံနေရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို လူကုန်ကူးမှုသတင်း အစီရင်ခံစာအတွက် သူတို့ကို ထိုင်းရေတပ်က အသရေဖျက်မှုနဲ့ တရားစွဲထားပါတယ်။

ဓာတ်ပုံ – Phuket Wan Website

သတင်းထောက်တွေဟာ ဖူးခက်ဝမ်သတင်းဌာနက ဖြစ်ပြီး သြစတြေးလျသတင်းထောက် အလန်မောရစ်ဆန်က မီဒီယာလွတ်လပ်ခွင့် တိုက်ခိုက်ခံရတယ်လို့ ခံစားရတယ်။
“တခြားအရေးတွေကို ကိုင်တွယ်သလိုပဲ ဖြစ်နိုင်သမျှ တိုက်ရိုက်တည့်တည့် ကိုင်တွယ်ဖို့ လိုတယ်ဆိုတဲ့အသိ နိုးကြားနေခဲ့ပါတယ်။ ကျနော်တို့ကိုယ်စား ထပ်ခါထပ်ခါ ပြောနေခဲ့သင့်တယ် ဘယ်သူမှ ကျနော်တို့ကို လာပြီး ကာကွယ်ပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူများအခွင့်အရေး ကာကွယ်ပေးတဲ့ တက်ကြွ လှုပ်ရှားသူတွေ၊ ပညာရှင်တွေနဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက်တွေအပေါ် ဥပဒေဟာ ဆိုးရွားတဲ့နည်းလမ်းအားလုံးနဲ့ အသုံးချခံနေရတယ်။ ကျနော်တို့ဟာ အသိသာဆုံး အမှုပဲ။ ဒါဟာ စစ်တပ်ကြောင့်လို့ ခန့်မှန်းမိတယ်” လို့ သူက ဆက်ပြောပါတယ်။

သြစတြေးလျ အယ်ဒီတာ အလန်မောရစ်ဆန်နဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက် ချုတိမာ စီဒါစာသီယန်တို့ဟာ ပြစ်မှုထင်ရှားရင် အသရေဖျက်မှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ကွန်ပြူတာ ရာဇ၀တ်မှုဥပဒေကို ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၅ နှစ်တို့ကို ကျခံရနိုင်တဲ့အပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၁၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

DVB Burmese

ဦးဝင်းတင် ကျောက်ကပ်နှင့် သက်ဆိုင်တဲ့ရောဂါ ဖြစ်နေ

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ ရောဂါကို ခံစားနေရတယ်လို့ ပြုစု စောင့်ရှောက်နေတဲ့သူတွေက ပြောပါတယ်။


ဦးဝင်းတင်

ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က သွေးအတက်အကျ မြန်နေတဲ့အတွက် ခွဲစိတ်ကုသခံယူခဲ့ရတဲ့ ဦးဝင်းတင်ဟာ အရင်နေ့တွေက စတင်ပြီး ဆီးသွားတာ နည်းသွားတဲ့အတွက် ကိုယ်လက်တွေ ယောင်ရမ်းလာတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုစောင့်ရှောက်ကုသပေးနေတဲ့ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောပါတယ်။
ဧပြီ ၁၆ ရက်နေ့မှာတော့ ကျောက်ကပ် သိပ်မကောင်းတဲ့အတွက် ဆီးနည်းလာသလို ဆီးသွားအောင် လုပ်ဆောင်ပေးနေတယ်လို့ သူက အခုလို ပြောပါတယ်။

“ကျောက်ကပ် သိပ်မကောင်းလို့ ဆီးက သိပ်မသွားလို့ ဆီးသွားအောင် လုပ်ပေးနေပါတယ်။ တိုးတက်တယ်လို့တော့ ပြောလို့ မရဘူးပေါ့နော်။ အခု ကျောက်ကပ်က အဲဒီလိုဖြစ်ပြန်ပြီဆိုတော့ ဒီအတိုင်းပဲ ဖြစ်နေတာပေါ့။ ခြေထောက်တွေ လက်တွေ ယောင်လာတဲ့အခါတော့ နာလာတာပေါ့။ နာတော့ မှိန်းနေတာပေါ့ စကားတွေပြောစရာရှိရင်တော့ ခေါ်ပြောတယ်။ ဆီးနည်းသွားတာပေါ့ ဆီးကတော်တော်လေး နည်းသွားတယ်။ တနေ့က စပြီး နည်းလာတာပေါ့။ မနေ့ကဆိုရင် တော်တော်လေး နည်းတယ်။ အခုဟာက တခုချင်း တခုချင်း ဖြစ်ဖြစ်နေတာဆိုတော့လေ၊ အသက်ကြီးတာလည်း ပါတယ်လို့ ဆရာဝန်မကြီးတွေက ပြောတယ်။ ခြေတွေ လက်တွေက မနေ့က စယောင်တယ်။ ဒီနေ့ဆို တော်တော်လေး ဖောင်းလာတယ်။”

အသက်အရွယ်ကြီးရင့်ပြီး ဖြစ်တဲ့အတွက် အခုလို ဖြစ်နေတယ်လို့ ဆရာဝန်တွေက ပြောတဲ့ အကြောင်းနဲ့ အထူးကြပ်မတ်ဆောင်မှာ ဆက်လက်ကုသခံယူနေတဲ့အကြောင်းနဲ့ အခြေအနေ ကတော့ စောင့်ကြည့်ရမယ့် ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

အရင်ရက်ပိုင်းကအထိ ဆန်ပြုတ်အထိ သောက်နိုင်ပေမယ့် အခုတော့ အရည်ကိုပဲ စားနေရတယ်လို့ ဆိုပါတယ်။

ဧပြီ ၂ ရက်နေ့မှာတော့ ၀မ်းထဲမှာ သွေးတွေ ပါလာတဲ့အတွက် စောင့်ကြည့်ခဲ့ရာက အခြေအနေက တိုးတက်လာခဲ့ပြီး အခု တကြိမ် ဆီးနည်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်ကို မတ် ၁၂ ရက်နေ့က စတင်ပြီး ဂရင်းခရော့စ် ခေါ် မော်တင်ဆေးရုံမှာ စတင်ခဲ့တာဖြစ်တဲ့ အတွက် ဆေးရုံပေါ်မှာ ကုသခံနေရတာ ၁ လကျော်သွားပြီ ဖြစ်ပါတယ်

DVB Burmese

ယူကရိန်းတပ်သားတချို့ ရုရှလိုလားသည့် အရပ်သားတွေနဲ့အတူ ရပ်တည်နေ



ဓာတ်ပုံ – ရိုက်တာ

ယူကရိန်းနိုင်ငံ အရှေ့ဘက်က စလာဗီယန့်စ်မြို့မှာ ခွဲထွက်ရေးသမားတွေကို အကြမ်းဖက်သမား ဆန့်ကျင်မှု စစ်ဆင်ရေး ဆင်နွှဲနေစဉ်အတွင်း ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ယူကရိန်းတပ်သားတချို့ဟာ ရုရှလိုလားတဲ့ အရပ်သားတွေနဲ့အတူ ရပ်တည်နေကြပါတယ်။

မြို့တော်ခန်းမနားက ရင်ပြင်တလျှောက် အရပ်သားတွေဟာ သံချပ်ကာကားတွေပေါ်က စစ်သားတွေကို စကားပြောနေကြပြီး သူတို့နဲ့အတူ ဓာတ်ပုံတွဲ ရိုက်နေကြပါတယ်။


လက်နက်ကိုင်ပြည်သူတွေထဲမှာတော့ ဒေသခံ ပြည်သူ့စစ်တွေနဲ့ ဘက်ပြောင်းသူ ယူကရိန်းတပ်တွေ ပါဝင်ပါတယ်။
ဒီ သံချပ်ကာကားတွေဟာ ယူကရိန်းလေတပ် တပ်မတာ ၂၅ က ဖြစ်ပြီး ပြည်သူတွေကို ထောက်ခံဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ အမည်မဖော်သူ ပြည်သူ့စစ်တယောက်က ပြောပါတယ်။

ဒေသခံပြည်သူ့စစ်တွေက တိုက်ခိုက်မှုကနေ ရှောင်ရှားဖို့ သံချပ်ကာကားအားလုံးမှာ ရုရှားအလံတွေ တပ်ထားတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

ဘက်ပြောင်းစစ်သား တယောက်တော့ သူ့လုပ်ရပ်အတွက် အကြောင်းပြချက်ကို ရှင်းပြပါတယ်။

“အစိုးရဆီက ရာဇ၀တ်သင့်တဲ့ အမိန့်ကို အကောင်အထည်မဖော်ချင်ဘူး။ စစ်တပ်ဟာ ပြည်သူတွေနဲ့အတူ ရပ်တည်သင့်တယ်။ အခုရော နောင်ရောပေါ့။ ကျနော်တို့က အရပ်သားတွေကို မပစ်နိုင်ပါဘူး။ ကျနော်တို့ ယူကရိန်းကို ချစ်တယ်။ စစ်တပ်ကျိန်းသစ္စာအတိုင်း စောင့်ထိန်းသွားမယ်။”လို့ သူက ပြောပါတယ်။

ပြည်သူ့စစ်တွေကတော့ စစ်သားတွေ အိမ်ပြန်သည် ဖြစ်စေ။ နေခဲ့သည်ဖြစ်စေ။ သူတို့ရဲ့ ဆန္ဒကို လေးစားကြောင်း ပြောပါတယ်။

အိမ်ပြန်ဖို့ ဆုံးဖြတ်ကြတဲ့ စစ်သားတွေကိုတော့ အထူးဘတ်စ်ကားနဲ့ ဘူတာရုံကို ပို့ပေးခဲ့ကြပါတယ်။

စစ်သားတွေရဲ့ ဘေးကင်းမှု သေချာစေရေး ဓာတ်ပုံ မရိုက်ကြဖို့ မီဒီယာတွေကို ပြည်သူ့စစ်တွေက တားဆီးခဲ့ပါတယ်။

ဒေသခံပြည်သူတွေကတော့ စစ်သားတွေရဲ့လုပ်ရပ်အတွက် အလွန်ကြည်ညို လေးစားတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်း အရပ်ဘက်ရေးရာဌာန အစောင့်တပ်ဟာ စလာဗီး ယန့်စ်မြို့နားမှာ ရှိနေပြီး အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ဆင်ရေးအတွက် ညွှန်ကြားချက်ကို စောင့်နေပါတယ်။

ဒါပေမယ့် သူတို့ဘယ်အချိန် စစ်ဆင်ရေး စတင်မယ်၊ ဘာတွေ လုပ်မယ်ဆိုတဲ့ တရားဝင် အတည်ပြုချက်တော့ မရသေးပါဘူး။

DVB Burmese

အမျိုးသားတစ်ဦး မြွေကိုက်ခံရသဖြင့် သေဆုံး




ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ရက်နေ့ ၁၉၁၅အချိန် သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် လှိုင်သာယာ မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ရန်ကုန်-ပုသိမ်ကား
လမ်းဘေး (၁၄၆)ကားဂိတ်မှတ်တိုင်အနီး ခြုံစပ်တွင် အမျိုးသား (၁)ဦး
မြွေကိုက်ခံရသဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၀တုတ်(ခ)ကိုထွန်းဦး (၅၂)နှစ်၊ (ဘ)ဦးချက်ကြီး၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူ
ဖြစ်ကြောင်းသိရှိရပါသည်။

သေဆုံးသူ ၀တုတ်(ခ)ကိုထွန်းဦး၏ ၀ဲဘက်လက်ခလယ်နှင့် လက်မတို့တွင်
သွေးစို့နေသော မြွေကိုက်ခံထားရသည့် ဒဏ်ရာ (၁)ချက်စီရရှိထားသည်ကို
တွေ့ရှိရပြီး ၎င်း၏ဘေးတွင် မြွေပွေးအသေ (၁)ကောင်ကိုတွေ့ရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မုန့်ဟင်းခါးဖိုအလုပ်ရုံအတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး နာကျင်အောင်ပြုလုပ်သူများကို အရေးယူပေးရန် တိုင်တန်း



ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ရက်နေ့ ၂၂၃၅အချိန် သာကေတမြို့နယ်နေဒေါ်ခင်အေးမြင့်
သည်နေအိမ်၌ရှိနေစဉ် အလုပ်သမားဖြစ်သူ သန်ဇော်ဦးရောက်ရှိလာပြီး ၎င်း၏မုန့်ဟင်းခါးဖိုရုံအတွင်းသို့ အမျိုးသား (၂)ဦး၊ ဓါး၊ လှံ၊ တုတ်များ
ကိုင်ဆောင်ပြီးဝင်ရောက်လာကာ ၎င်း၏အလုပ်သမားများကို ရိုက်နှက်
ထိုးခုတ်ကြသဖြင့် အလုပ်သမားများဒဏ်ရာရရှိသွားကြောင်းပြောပြ၍ သွားရောက်ကြည့်ရှုခဲ့ရာ အလုပ်သမားများ ဖြစ်ကြ သောအောင်အောင်ပါ
(၈)တို့တွင်ဖူးရောင်၊ ပေါက်ပြဲ၊ ပြတ်ရှ၊ နာကျင်ဒဏ်ရာများရရှိထားသည်ကို
တွေ့ရှိခဲ့ရပါသည်။

ကျူးလွန်သူများအားစုံစမ်းရာ ထွန်းလှနှင့်သက်နိုင်ထွန်းတို့ (၂)ဦးဖြစ်ကြောင်း သိရှိရသဖြင့်အရေးယူပေးပါရန် ဒေါ်ခင်အေးမြင့်မှ တိုင်တန်းချက်အရ
ဒေါပုံမြို့မရဲစခန်း(ပ)၁၀၂/၂၀၁၄၊ပြစ်မှုပုဒ်မ၄၅၂/၃၂၄/ ၃၂၅/၃၂၆/၁၁၄ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများ အားစုံစမ်းဖမ်းဆီးခဲ့ရာထွန်းလှ(၄၄)နှစ်၊
(ဘ)ဦးချစ်ဖွယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူအားဖမ်းဆီးရမိပြီး ကျန်ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူသက်နိုင်ထွန်း(စုံစမ်းဆဲ)ကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

အိမ်ရှင်မများအတွက် ခရမ်းချဉ်သီး အမြန်လှီးနည်း



အိမ်ရှင်မ များအတွက် တစ်ခါတစ်လေ အချိန်သိပ်မရတဲ့အခါ အသုံးဝင်မယ့်  လွယ်ကူမြန်ဆန် တဲ့ နည်းလမ်းလေးပါ။ ခရမ်းချဉ်သီး လှီးတဲ့အခါမှာ တစ်ခါတစ်လေကျရင် အရေတွေက ကိုယ့်ကိုပြန်လာစင်တတ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ အဲ့ဟာအတွက် မစိုးရိမ်ရတော့ဘူးပေါ့။
့ခရမ်းချဉ်သီးကို မြန်မြန်ဆန်ဆန် နဲ့ ဘယ်လိုလှီးဖြတ်ရမလဲဆိုတာကို အောက်က video မှာကြည့်ရှုနိုင်ပါတယ်။





Ygn News (www.YgnNews.com)

တိုက်ပွဲတွေကြောင့် ကချင်ဒေသ တနိုင်းက ပယင်းတူးသူတွေ ထွက်ခွာ


ပယင်းကျောက် တူးသူတွေကို တနိုင်းဒေသကနေ ထွက်ကြဖို့ အစိုးရတပ်က ညွှန်ကြားထား
ကချင်ပြည်နယ် ဗန်းမော်မြို့အနီး မိုးမိတ်နဲ့ တနိုင်းဒေသတွေမှာ သင်္ကြန်ကာလ တလျှောက်လုံး အစိုးရ တပ်တွေနဲ့ KIA ကချင် လွတ်မြောက်ရေး တပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်က မိုးမိတ် အနီးမှာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အစိုးရတပ်တွေဟာ သန်းခေါင်စာရင်း ကောက်ဖို့ လုံခြုံရေး ပေးရအောင် ဆိုပြီး အဲဒီဒေသတွေထဲ ဝင်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တနိုင်းမြို့တဝိုက်မှာတော့ ပယင်းကျောက် တူးသူတွေကို အစိုးရ စစ်တပ်က နှင်ထုတ်နေတာကြောင့် လူတွေ ထောင်နဲ့ချီ ထွက်ခွာနေကြရတယ်လို့ တနိုင်းမြို့က ပြန်လာတဲ့ ကချင် အမျိုးသမီး ဒေါ်ဘောက်ဂျာက ဘီဘီစီကို ပြောပြပါတယ်။

တနိုင်းဒေသဟာ ပယင်း အထွက်များတဲ့ ဒေသ ဖြစ်ပြီး KIA စခန်းတွေနဲ့ နီးကပ်နေတဲ့အတွက် ပယင်းတူးသူတွေကို အစိုးရ စစ်တပ်က အခုလို ထွက်ခွာခိုင်းတာလို့ ယူဆကြောင်း သူက ပြောပါတယ်။

အဲဒီမှာ အစိုးရ စစ်တပ်က စစ်အင်အားတွေ တိုးချလာနေတာကို တွေ့နေရပြီး နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမယ့် ပုံမျိုး ရှိနေတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

BBC Burmese

သင်္ကြန်လည်ပတ်ရာမှပြန်လာသော အမျိုးသမီးများအား ဆဲဆိုကာ လက်သီးနှင့်ထိုးကြိတ်ခဲ့သူများကို အရေးယူပေးရန်တိုင်တန်း


ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်နေ မဇင်မာမှ ၎င်းသည် သူငယ်ချင်းများနှင့်အတူသင်္ကြန်လည်ပတ်ပြီးနေအိမ်သို့ပြန်လာစဉ် ကွမ်းခြံကုန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ညောင်ငူလမ်းထောင့်အရောက် တင်မျိုးဦးနှင့် အပေါင်းအပါများမှ ရေဖြင့်ပက်ခြင်း၊ မျက်နှာအား သနပ်ခါးဖြင့် လိမ်းခြင်းများပြုလုပ်ကာ ဆောင်းထားသောဦးထုပ်အား တင်မျိုးဦးနှင့်အဖွဲ့
တွင်ပါဝင်သော အမျိုးသားတစ်ဦးမှဆွဲချွတ်သဖြင့် ပြန်တောင်းရာ တစ်ယောက်တစ်ခွန်းစကားများပြီိး ဆဲဆိုခဲ့ကြကြောင်း၊ ထိုသို့ဖြစ်ပွားနေစဉ် တင်မျိုးဦးမှ ၎င်းအားလက်သီးနှင့်ထိုးခဲ့၍ နှာခေါင်းသွေးထွက်၊မျက်နှာနာကျင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ တင်မျိုးဦးနှင့်အတူပါသူ အမျိုးသား(၂)ဦးတို့မှလည်း ၀ိုင်းဝန်းထိုးကြိတ်သဖြင့် ၎င်းနှင့်အတူပါသူ မမျိုးသီသီကျော်၊ မစိုးသီသီကျော်
တို့(၂)ဦးတွင်လည်း ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ရရှိသည့်
ဒဏ်ရာများကို ကွမ်းခြံကုန်းမြို့နယ်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များ အဖြစ်တက်ရောက်ကုသလျက်ရှိကြောင်းနှင့် ယင်းသို့ကျူးလွန်သူ တင်မျိုးဦး
ပါ(၃)ဦးကို အရေးယူပေး ပါရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ကွမ်းခြံကုန်းမြို့ရဲစခန်း(ပ)၇၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၄/
၃၅၄/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ တင်မျိုးဦးပါ(၃)ဦးကို
ဖမ်းဆီးစစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

သင်္ကြန် ၂ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မှုခင်းပေါင်း ၄၀ ဖြစ်


ဒီနှစ်သင်္ကြန်ကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၄၀ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၁၄ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မှုခင်းပေါင်း ၃၅ ခု ဖြစ်ပွားခဲ့ပြီး ယဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ယောက်၊ ဒဏ်ရာရသူ ၁၁ ယောက်ရှိပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာပဲ ခိုးမှုနဲ့ ခါးပိုက်နှိုက်မှု ၁၃ ခု ဖြစ်ခဲ့ပါတယ်။ မှုခင်း ဖြစ်စဉ်တွေကြောင့် စုစုပေါင်း သေဆုံးသူ ၆ ယောက်ရှိပြီး ဒဏ်ရာရတဲ့သူ ၁၇ ယောက်ရှိပါတယ်။

သင်္ကြန်ကာလတခုလုံးအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူ စာရင်းတွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

DVB Burmese

အခုနှစ်သင်္ကြန် မှုခင်း နည်းပါး


ဒီနှစ်သင်္ကြန်ကာလအတွင်း လုံခြုံရေးကို တင်းတင်း ကြပ်ကြပ်ချထားခဲ့တာကြောင့် သင်္ကြန်ရက်တွေ အတွင်း မှုခင်းမရှိသလောက်ဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့က ဒီနေ့ ပြောပါတယ်။

လုံခြုံရေးတာဝန်ရှိသူတွေ အနေနဲ့ စည်းကမ်း ထိန်းသိမ်းရေး အပိုင်းလောက်ကိုသာ တာဝန် ယူခဲ့ရကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယရဲမှူးကြီး မြင့်အေးက ပြောပါတယ်။

"မဏ္ဍပ်တွေမှာ အဲ့ဒီမှာ တပ်ဖွဲ့ဝင်အားလုံးက မဏ္ဍပ် နှစ်ခု၊သုံးခုမှာ ရဲကင်းလေးတွေ လုပ်ပြီး နေရာ ယူထားပြီးတော့ စောင့်ရှောက်ပေး သလို အဲ့ဒီသက်ဆိုင်ရာ မဏ္ဍပ်တွေမှာလည်း ၂ဝ ကနေ ၄ဝ အထိကုမ္ပဏီ လုံခြုံရေးဝန်ထမ်းတွေလည်း ငှားပြီးတော့ ဆောင်ရွက်တယ်၊ ရဲတပ်ဖွဲ့ ကတော့ ဘေး ကနေရံ ပြီးတော့ ဆောင်ရွက်ပေးရ ပါတယ်၊ အရေးပေါ်အခြေအနေမှ အကုန်လုံး ရှင်းလင်းထုတ်ပေးတယ်၊ ကြီးကြီးမားမားတော့ မရှိပါဘူး အားလုံးအေးချမ်းပါတယ်၊သင်္ကြန်တွင်းမှာ အရက်တို့၊ဘီယာတို့ရောင်းတာဖမ်း တာတော့ လေးငါးဆယ် မကတော့ပါဘူး၊ ဖမ်းပြီးတော့မှချက်ချင်းပဲပေါ့ အထူးတရားရုံးမှာ တရားစွဲပါတယ်၊ခါးပိုက်နှိက် ခုနှစ်ဦး ၊ရှစ်ဦးအထိ ဖမ်းထားပါတယ်၊ကြီးကြီးမားမား အမှုတော့ မရှိပါဘူး"

ဒီနှစ်သင်္ကြန်ရက်တွေအတွင်း ကွပ်ကဲရေးဌာနချုပ်တွေအဖြစ် ပြည်လမ်းက အိုင်ဘီစီရုံးနားမှာ တစ်နေရာ၊ သိမ်ဖြူကွင်းရှေ့မှာ တစ်နေရာ နဲ့ မြကျွန်းသာပန်းခြ၊ံ ကမ္ဘာအေးဘုရားလမ်းမှာ တစ်နေရာ စုစုပေါင်း သုံးနေရာကနေ ကွပ်ကဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ငါးထောင်နီးပါးလောက် ချထားပြီး လုံခြုံရေး တာဝန်ယူ ပေးခဲ့တယ်လို့ ပြောပါတယ်။

သင်္ကြန်အတက်နေ့မှာ ရေပက်ခံထွက်သူတွေရဲ့ ပြောပြချက်ကို RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီနှစ်သင်္ကြန်ကာလဖြတ်သန်းမှုအကြောင်း အနုပညာရှင်တချို့ ပြောပြထားတာတွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အခုနှစ်သင်္ကြန်မှာ ကြုံတွေ့ခဲ့ရတဲ့ ပြောင်းလဲမှုတွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာကို လည်း နားဆင်နိုင်ပါတယ်။

မသင်းသင်းထက် ရဲ့ တင်ပြချက်
မခင်ခင်အိ ရဲ့ တင်ပြချက်
မသင်းသီရိ ရဲ့ တင်ပြချက်

RFA Burmese

တစ်ပတ်လုပ်ခ ပေါင် ၂၆၀,၀၀၀ ဖြင့် တိုနီခရူးစ်ကို မန်ချက်စတာယူနိုက်တက် ကမ်းလှမ်း


မန်ချက်စတာယူနိုက်တက်သည် နွေရာသီတွင် ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား တိုနီခရူးစ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တစ်ပတ်လုပ်ခ ပေါင် ၂၆၀,၀၀၀ ဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်သည် ခရူးစ်ကို ရောင်းချမည် မဟုတ်ဟု ပြောကြားထားသောကြောင့် အသက် ၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူရာတွင် ခက်ခဲနိုင်သော်လည်း ဒေးဗစ်မိုယက်စ် အနေဖြင့် အဆိုပါ ဂျာမန် ကစားသမားကို ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ယူနိုက်တက်၏ လုပ်ခလစာ အမြင့်ဆုံး ကစားသမားမှာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ရရှိထားသည့် ဝိန်းရွန်နီ ဖြစ်ပြီး ခရူးစ်ကို ကမ်းလှမ်းထားသည့် လုပ်ခလစာမှာ ၎င်းအား ရွန်နီ၊ ရော်ဘင်ဗန်ပါစီ တို့နှင့်အတူ အသင်း၏ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။ ခရူးစ်သည် ၂၀၁၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည့် ဘိုင်ယန်မြူးနစ်နှင့် စာချုပ်ကို ထပ်မံတိုးမြှင့်ထားခြင်း မရှိသေးသည့် အတွက် ယူနိုက်တက်၏ ကမ်းလှမ်းချက်ကို လက်ခံ စဉ်းစားဖွယ်ရှိသည်။

ယူနိုက်တက်သည် မိုယက်စ် ကိုင်တွယ်သည့် ပထမဦးဆုံး ဘောလုံးရာသီတွင် အခက်အခဲများနှင့် ရုန်းကန်ခဲ့ရပြီး လာမည့်နှစ် ဘောလုံးရာသီတွင်လည်း ချန်ပီယံလိဂ်၌ ကစားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယူနိုက်တက်၏ မက်မောဖွယ်ရာ လုပ်ခလစာက ခရူးစ်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံလက်မှ ဆွဲဆောင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ခရူးစ်သည် မကြာသေးမီက ယူနိုက်တက်ကို နှစ်ကျော့ပေါင်း ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် နှစ်ပွဲစလုံးတွင် ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်သည်။

soccermyanmar

ဂျင်းဘောင်းဘီတွေကို ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲ


ဂျင်းဘောင်းဘီကောင်းတစ်ထည် ရှိနေရင် အဲ့ဒီတစ်ထည်ကို အနည်းဆုံး ၅နှစ်ကနေ ၁၀နှစ်ပါး ၀တ်လို့ရပါတယ်တဲ့။ ဒီ့ထက်ပိုဝတ်လို့ရတဲ့ ဘောင်းဘီတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ဒီလိုကြာရှည်ဝတ်လို့ရနိုင်ဖို့ဆိုရင် ကိုယ်ဝတ်မယ့် ဂျင်းဘောင်းဘီ brand ရယ်၊ ကိုယ့်ဘောင်းဘီကို ဘယ်လိုထိန်းသိမ်းသလဲ ဆိုတာရယ်ပေါ်မှာ မူတည်သွားပါပြီ။ ဒီတော့ ဂျင်းဘောင်ဘီတွေကို တာရှည်ခံနိုင် ထိန်းသိမ်းရမယ့် နည်းလေးတွေ အားလုံးသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ဂျင်းဘောင်းဘီကို တစ်ခါဝတ်၊ တစ်ခါလျှော် မလုပ်ပါနဲ့။ သူက လျှော်တာနည်းလေ၊ အရောင်မလွင့်ပဲ ကြာရှည်ခံလေပါ။ နှစ်ခါ၊ သုံးခါ ၀တ်ပြီးလို့ လျှော်မယ်ဆိုရင်လည်း လက်နဲ့လျှော်လျှော်၊ စက်နဲ့လျှော်လျှော် ရိုက်လျှော်တာမျိုး၊ ဆောင့်ဆွဲတာမျိုးတွေ မလုပ်မိဖို့အရေးကြီးပါတယ်။ နောက်တစ်ချက်က အခြောက်ခံစက်ထဲ လုံးဝမထည့်မိဖို့ပါပဲ။

၂။ဖယောင်းသားလိုမျိုး ပါနေတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်လည်း မလျှော်တာအကောင်းဆုံးပါ။ အဲ့ဒီလို ဘောင်းဘီမျိုးကို အနံ့ပျောက်အောင်လုပ်ချင်တယ်ဆိုရင်လည်း ပလတ်စတစ်အိတ်ထဲထည့်၊ ပြီးတာနဲ့ ရေခဲသေတ္တာလို အေးတဲ့နေရာတစ်ခုခုထဲမှာ တစ်ညလောက်ထည့်ထားလိုက်ပါ။

၃။အရောင်ရင့်တဲ့ ဂျင်းတွေဆိုရင် အရောင်မလွင့်အောင် ရေအေးနဲ့ လျှော်ပါ။ အရောင်ဖျော့တဲ့ ဂျင်းတွေကတော့ ဘာနဲ့လျှော်လျှော် အိုကေပါတယ်။

၎။ဝယ်ထားတဲ့ ဘောင်းဘီကို မကြိုက်တော့လို့ ပြင်ဖို့အတွက် အပ်ချုပ်ဆိုင်သွားတော့မယ်ဆိုရင် ဘယ်လိုပုံစံပြင်မှာလည်းဆိုတာ ကိုယ့်ဘာသာကိုယ်အရင်စဉ်းစားပါ။ ပြင်လိုက်တဲ့ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ ဖိနပ် ကိုယ့်မှာရှိသလားဆိုတာလည်း ကြိုစဉ်းစားထားပါ။

၅။ချည်သား၊ လည်သာ စတာတွေနဲ့ ရောချုပ်ထားတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်တော့ ၀ယ်တဲ့အခါလိုက်နာဖို့ ညွှန်းထားတဲ့ အညွှန်းကို သေချာဖတ်ဖို့လိုပါတယ်။

၆။ကိုယ့်ဆီက ဂျင်းဘောင်းဘီကို ကိုယ့်ဘာသာကိုယ် အတိုဖြတ်ဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲ့ဒီဘောင်းဘီကို ဘယ်နေရာကဖြတ်မယ်ဆိုတာ သေသေချာချာ ခဲတံနဲ့ဖြစ်ဖြစ် လိုင်းတာပါ။ အဲ့ဒီနောက် ညှပ်မယ့်နေရာထက် နည်းနည်းအသားကိုပိုယူပြီး ညှပ်ပါ။ ဒါမှသာ အရမ်းတိုသွားတာမျိုး မဖြစ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ကိုယ့်မှာရှိပြီးသား ဘောင်းဘီကို ဖြတ်မယ့်ဘောင်းဘီပေါ်တင်ပြီး အတိုင်းယူစေချင်ပါတယ်။

၇။ဂျင်းဘောင်းဘီမှာ ဈေးကြီးတာကြောင့်  ကိုယ်နဲ့ပိုအဆင်ပြေပြီး၊ ဈေးပေါလို့ ကိုယ်နဲ့မလိုက်ဖက်တာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို သေချာရွေးဝယ်ပါ။ ကိုယ်ဘယ်လိုဒီဇိုင်းမျိုး လိုချင်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် သိအောင်လုပ်ပါ။

Trend Myanmar

ခိုက်ရန်ဖြစ်ပွားခဲ့သူကို သွားရောက်ဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် အရေးယူ


ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်
အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ကြည့်မြင်တိုင်
မြို့နယ်၊ အောက်ရုံရပ်ကွက်၊ ရွှေဝါမြေလမ်း၊ ဇေတ၀န်ဘုန်းကြီးကျောင်း
ထောင့်၌ ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မျိုးဦးအဖွဲ့နှင့် နေမင်းကိုကိုတို့အဖွဲ့
သည် အရက်သေစာများသောက်စားပြီးခိုက်ရန်ဖြစ်ပွားခဲ့ရာ နေမင်းကိုကိုနှင့် ၀င်းသီဟတို့မှ အောင်မျိုးဦးနှင့်အဖွဲ့ကို ၀ါးတုတ်နှင့်ရိုက်ခဲ့သဖြင့် ဒဏ်ရာများ
ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိ
သဖြင့် ပြစ်မှုကျူးလွန်သူ နေမင်းကိုကိုနှင့် ၀င်းသီဟတို့ကို ဖမ်းဆီးရန် အခင်းဖြစ်ရပ်သို့ သွားရောက်ခဲ့ပါသည်။

ထိုသို့သွားရောက်ဖမ်းဆီးခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ အောက်ရုံရပ်ကွက်၊ နတ်သျှင်နောင်လမ်းပေါ်၌ နေမင်းကိုကိုအားတွေ့ရှိသဖြင့် ခေါ်ဆောင်စဉ် ၎င်းမှ အသာတကြည်မလိုက်ဘဲ ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံထိုးကြိတ်
သဖြင့် ရဲတပ်ကြပ် မျိုးမင်းမြတ်တွင် ၀မ်းဗိုက်ဝဲဘက်နာကျင်ဒဏ်ရာ၊ ရဲတပ်သား စိုးသူဝင်းတွင် ယာလက်နာကျင်ဒဏ်ရာ၊ ၀မ်းဗိုက်ဝဲဘက်နာကျင်
ဒဏ်ရာများရရှိခဲ့ပြီး နေမင်းကိုကိုအား လက်ရဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ နေမင်းကိုကိုအား ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း နယ်မြေရဲစခန်း(ပ) ၁၀၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၂ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိပါသည်။

ဖြစ်စဉ်မှ ဇော်မျိုးဦးအဖွဲ့နှင့် နေမင်းကိုကို တို့အဖွဲ့ခိုက်ရန်ဖြစ်ပွားစဉ်က
နေမင်းကိုကိုနှင့် ၀င်းသီဟတို့မှ ၀ါးတုတ်ဖြင့်ရိုက်ခဲ့၍ ဇောင်မျိုးဦးတွင် ၀ဲမျက်ခုံးပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာများနှင့်
နေလင်းတွင် ဦးခေါင်းနောက်စေ့စုတ်ပြဲ၊ ပါးစပ်သွေးထွက်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တက်ရောက်
ကုသခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူ နေမင်းကိုကိုနှင့် ၀င်းသီဟတို့(၂)ဦးကို အရေးယူပေးရန် ဇော်မျိုးဦး၏ဖခင်ဖြစ်သူ ဦးကြည်လွင်မှ တိုင်တန်းချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်း(ပ)၁၀၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၅/၁၁၄ ဖြင့်လည်း အမှုဖွင့်အရေးယူထားရှိပြီး တိမ်းရှောင်နေသည့်
ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ၀င်းသီဟ ကိုဖမ်ဆီးရမိရေး ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဓါးဖြင့်ထိုးသွားသူကို ၀ိုင်းဝန်းဖမ်းဆီးစဉ် ပြန်လည်ခုခံကာ ဓါးနှင့်ထပ်မံထိုး သဖြင့် (၁)ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန် မရမ်းကုန်းမြို့နယ်နေ MA ရေသန့်စက်ရုံ
ယာဉ်မောင်း ကိုဇော်မိုးအောင်မှ ၎င်းသည် သင်္ကြန်လည်ပတ်ပြီး နေအိမ်သို့
ပြန်လည်ရောက်ရှိစဉ် MA ရေသန့်စက်ရုံ အလုပ်သမားဖြစ်သူ ရွှေအတွင်
မေးစေ့ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိသည်ကို တွေ့ရှိရသဖြင့် မေးမြန်းရာ ဆယ့်နှစ်ကွင်းဆိုသူနှင့် ကတုံး(ခ)လှနေဦးတို့(၂)ဦးမှ ဓါးဖြင့်ထိုးသွား၍ ရရှိသည့်ဒဏ်ရဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ထိုသို့ မေးမြန်းနေစဉ် ကတုံး(ခ)လှနေဦးမှာ ပြန်လည်ရောက်ရှိလာသဖြင့် ကိုဇော်မိုးအောင်နှင့်အဖွဲ့မှ ၀ိုင်းဝန်းဖမ်းဆီးစဉ် ကတုံး(ခ)လှနေဦးမှ အသင့်
ပါလာသော အရိုးအသွား(၁၁)လက်မခန့်ရှိဓါးဖြင့် လိုက်လံထိုးခဲ့၍ ကုမ္ပဏီ
မန်နေဂျာ ကိုကျော်လွင်ဦး၏ ကျောကုန်းယာဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိခဲ့ပါသည်။

ယင်းကဲ့သို့ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာဆေးရုံသို့ပို့အပ်ဆေးကုသ
ခဲ့ရာ အတွင်းလူနာ (စိုးရိမ်ရ)များအဖြစ်တက်ရောက်ကုသခဲ့ရသောကြောင့် ဓါးဖြင့်ထိုးသူ ဆယ့်နှစ်ကွင်းဆိုသူနှင့် ကတုံး (ခ)လှနေဦးတို့(၂)အား အရေးယူပေးရန်တိုင်တန်းလာသဖြင့်မရမ်းကုန်းမြို့မရဲစခန်း(ပ)၁၃၄/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် ဒဏ်ရာ
ရရှိသူ ကိုကျော်လွင်ဦးမှာ ၁၉၃၀ အချိန်တွင်သေဆုံးသွားခဲ့သဖြင့် ပြစ်မှု
ပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ကာ ဆယ့်နှစ်ကွင်းဆိုသူနှင့် ကတုံး(ခ)လှနေဦးတို့(၂)အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police