တစ်ပတ်လုပ်ခ ပေါင် ၂၆၀,၀၀၀ ဖြင့် တိုနီခရူးစ်ကို မန်ချက်စတာယူနိုက်တက် ကမ်းလှမ်း

ပို့စ်တင်ချိန် - 4/17/2014 12:58:00 PM


မန်ချက်စတာယူနိုက်တက်သည် နွေရာသီတွင် ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား တိုနီခရူးစ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တစ်ပတ်လုပ်ခ ပေါင် ၂၆၀,၀၀၀ ဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်သည် ခရူးစ်ကို ရောင်းချမည် မဟုတ်ဟု ပြောကြားထားသောကြောင့် အသက် ၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူရာတွင် ခက်ခဲနိုင်သော်လည်း ဒေးဗစ်မိုယက်စ် အနေဖြင့် အဆိုပါ ဂျာမန် ကစားသမားကို ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ယူနိုက်တက်၏ လုပ်ခလစာ အမြင့်ဆုံး ကစားသမားမှာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ရရှိထားသည့် ဝိန်းရွန်နီ ဖြစ်ပြီး ခရူးစ်ကို ကမ်းလှမ်းထားသည့် လုပ်ခလစာမှာ ၎င်းအား ရွန်နီ၊ ရော်ဘင်ဗန်ပါစီ တို့နှင့်အတူ အသင်း၏ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။ ခရူးစ်သည် ၂၀၁၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည့် ဘိုင်ယန်မြူးနစ်နှင့် စာချုပ်ကို ထပ်မံတိုးမြှင့်ထားခြင်း မရှိသေးသည့် အတွက် ယူနိုက်တက်၏ ကမ်းလှမ်းချက်ကို လက်ခံ စဉ်းစားဖွယ်ရှိသည်။

ယူနိုက်တက်သည် မိုယက်စ် ကိုင်တွယ်သည့် ပထမဦးဆုံး ဘောလုံးရာသီတွင် အခက်အခဲများနှင့် ရုန်းကန်ခဲ့ရပြီး လာမည့်နှစ် ဘောလုံးရာသီတွင်လည်း ချန်ပီယံလိဂ်၌ ကစားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယူနိုက်တက်၏ မက်မောဖွယ်ရာ လုပ်ခလစာက ခရူးစ်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံလက်မှ ဆွဲဆောင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ခရူးစ်သည် မကြာသေးမီက ယူနိုက်တက်ကို နှစ်ကျော့ပေါင်း ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် နှစ်ပွဲစလုံးတွင် ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်သည်။

soccermyanmar