အိန္ဒိယရွေးကောက်ပွဲတွင် အာဏာရကွန်ဂရက်ပါတီနှင့် အတိုက်အခံ ဘီဂျေပီပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်

ပို့စ်တင်ချိန် - 4/17/2014 05:53:00 PM

ဓာတ်ပုံ - ရိုက်တာ

အိန္ဒိယနိုင်ငံရဲ့ အဓိကပြည်နယ် ၁၂ ပြည်နယ်မှာ မဲပေးနိုင်တဲ့ အိန္ဒိယနိုင်ငံသား ၈၁၅ သန်းရဲ့ ၄ ပုံ ၁ ပုံမှာ ဧပြီ ၁၇ ရက် ဒီနေ့မှာ မဲပေးခဲ့ကြတာကြောင့် ရွေးကောက်ပွဲတလျှောက် လူအများဆုံး မဲပေးကြတဲ့နေ့ ဖြစ်လာခဲ့ပါတယ်။

ဧပြီ ၁၇ ရက် အိန္ဒိယနိုင်ငံရွေးကောက်ပွဲရဲ့ ခရီးတ၀က်တိုင်ခဲ့တာ ဖြစ်ပြီး အရေးကြီးတဲ့ပြည်နယ်တွေ ဖြစ်တဲ့ ဥတြာပရာဒေခ်ျ့၊ မဟာရပ်ခ်ျတရာနဲ့ မကြာသေးခင်ကမှ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ဥတြာပရာဒေခ်ျပြည်နယ်တွေက မဲဆန္ဒနယ် ၁၂၁ နယ်မှာလည်း ဆန္ဒမဲပေးကြမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲလုံခြုံရေးအဆင့်ကိုပဲ အဆင့်မြင့်ဆုံး မြှင့်ထားလိုက်ပါတယ်။
“မဲရုံတွေရဲ့ လုံခြုံရေးအတွက် ဘက်စုံထောင့်စုံကနေ ပြင်ဆင်ထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ချမှတ်ထားတဲ့ လုံခြုံရေးစီမံချက်အတိုင်း လုံခြုံရေးတပ်တွေကို ချထားပါတယ်။”လို့ ပဋိပက္ခတွေ ဖြစ်ပွားလေ့ရှိတဲ့ ကက်ရှမီးယားပြည်နယ်က ရဲအရာရှိတဦးက ပြောကြားပါတယ်။

ဒီနှစ် အိန္ဒိယရွေးကောက်ပွဲဟာ အာဏာရကွန်ဂရက်ပါတီက ရာဟူးရ်ဂန္ဒီနဲ့ အတိုက်အခံ ဘီဂျေပီပါတီက နာရင်ဒရာမိုဒီတို့ အကြိတ်အနယ်ပြိုင်ဆိုင်ကြတဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့အထိ ရရှိထားတဲ့ မဲစာရင်းတွေအရ အတိုက်အခံ ဘီဂျေပီနဲ့ မဟာမိတ်ပါတီတွေက အာဏာရပါတီကို နှာတဖျား အသာစီးရပြီး ဦးဆောင်နေတယ်လို့ ဆိုပါတယ်။

အာဏာရကွန်ဂရက်ပါတီဟာ အိန္ဒိယစီးပွားရေး နှေးကွေးလာမှု၊ ငွေဖောင်းပွမှု မြင့်တက်လာမှုနဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကြောင့် အိန္ဒိယလူထုရဲ့ ထောက်ခံမှု ကျဆင်းနေပြီး ဒီနှစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ အကြိတ်အနယ် ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်က မဲရုံတရုံမှာ ဧပြီ ၁၇ ရက် ဒီနေ့မှာ မဲပေးသူတွေ တန်းချီစောင့်ဆိုင်းနေကြပါတယ်။

မဲပေးဖို့ရောက်ရှိလာတဲ့ အာရမ်က “ဘ၀မှာ ပထမဆုံးအကြိမ် မဲပေးခွင့် ရလာလို့ မဲလာပေးတာ ဖြစ်ပြီး မဲပေးခွင့်ရှိတဲ့လူတိုင်း ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့နဲ့ ကိုယ် အာဏာရစေချင်တဲ့အစိုးရကို မိမိကိုယ်တိုင် မဲပေးရွေးချယ်ဖို့ တိုက်တွန်းပါတယ်”လို့ ပြောဆို ခဲ့ပါတယ်။

DVB Burmese