သင့်အိပ်မက်က ပြောသော သင့်ကျန်းမာရေး (၂)

ပို့စ်တင်ချိန် - 4/17/2014 04:49:00 PM


အိပ်မက်ဆိုးမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ

နှလုံးကျန်းမာရေး အခြေအနေ၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါ (သို့) အိပ်ရေးပျက်ခြင်း။

သွေးတိုးကျဆေး ဘီတာဘလော့ကာဟာ အိပ်မက်ဆိုးမက်စေတယ်လို့ နာမည်ကြီးကြောင်း လောင်းဘို့ရပ် တက္ကသိုလ်မှ အိပ်စက်မှု ဆိုရာ ကျွမးကျင်သူ   ပါမောက္ခဂျင်မ် က ဆိုပါတယ်။

ဒီဆေးက သွေးကြောကျယ်စေပေမယ့် ဦးနှောက်ထဲက ဓါတ်တချို့ ဟန်ချက်ညီမျှမှုကို  ပြောင်းလဲစေတာကြောင့် အိပ်မက်ဆိုး မက်စေတာ  ဖြစ်ပါတယ်။

နယ်သာလန် ဆေးဂျာနယ်ရဲ့ လူခြောက်ထောင်ကျော်ကို လေ့လာမှုအရ အိပ်မက်ဆိုးတွေက နှလုံးမကောင်းတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ပုံမှန် မဟုတ်တဲ့ နှလုံးခုန်နှုန်းကြောင့် အိပ်မက်ဆိုး မက်နိုင်ခြေကို သုံးဆတိုးစေပြီး ရင်ဘတ်နာကျင်မှုကို ခုနှစ်ဆ တိုးစေတာကို တွေ့ရပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိသူတွေက အသက်ရှူပြဿနာကို ပိုမိုခံစားရနိုင်ခြေ ရှိပြီး ဦးနှောက်ထဲမှာ  အောက်ဆီဂျင် အဆင့်ကို လျော့ကျစေပါတယ်။

အိပ်မက်ဆိုးမက်တာက ခေါင်းတစ်ခြမ်းကိုက်ရောဂါရဲ့ သတိပေးလက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။ လူနာ ၃၇ဦးကို  လေ့လာမှု တစ်ရပ်အရ ညဘက်မှာ  ဆိုးဆိုးရွားရွား ခေါင်းကိုက်တာကြောင့် အိပ်မက်ဆိုးမက်တတ်ပြီး အိပ်မက်ထဲမှာ ဒေါသထွက်တာနဲ့ ရန်လိုတာစတဲ့  အပြုအမူတွေ ပါဝင်ကြောင်း  တွေ့ရတတ်ပါတယ်။သီအိုရီ တစ်ခုအရ ခေါင်းကိုက်တာကြောင့်လည်း ဦးနှောက်ထဲမှာ  ပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

မြန်မာလူမျိုးတွေ ပြောလေ့ရှိတဲ့ အိပ်ရင်း ဘီလူးစီးတာ ဆိုတဲ့ လှုပ်လို့မရတဲ့ အခြေအနေ (Sleep Paralysis) ကြောင့်လည်း အိပ်မက်ဆိုး မက်တတ်ပါတယ်။ ဒီအခြေအေနမှာ ခဏတာ လှုပ်ရှားလို့မရတော့ဘဲ ကြွက်သားတွေ ခဏဆိုင်းသွား တဲ့ အခြေအနေမျိုးပါ။ ကံကောင်းတာက  တစ်မိနစ်၊ နှစ်မိနစ်ပဲ ကြာတတ်ပါတယ်။

မှတ်မိသော အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – အရက်သောက်ခြင်း၊ ကူးစက်ရောဂါပိုး ၀င်ခြင်း၊ ငှက်ဖျားကုသဆေး မှီဝဲခြင်း သို့မဟုတ် သွေးဆုံးခြင်း။

ညဥ့်နက်မှ အိပ်စက်တာကြောင့် အိပ်ရာမနိုးခင် မှတ်မိလွယ်တဲ့ အိပ်မက်တွေ မက်တတ်ပါတယ်။

“အရက်မူးအောင် သောက်ထားရင် ကိုယ့်ကိုကိုယ် အစွမ်းအစရှိတယ် ထင်ပြီး အိပ်ရာနိုးခါနီးမှာ သိသာထင်ရှားတဲ့ အိပ်မက်မျိုး မက်တတ်ပါတယ်။ အရက်ကြောင့် ဦးနှောက်ထဲက ဓါတ်တွေ သိသိသာသာ ပြောင်းလဲပြီး ထူးဆန်းတဲ့ အိပ်မက်တွေ မက်ရတာ  ဖြစ်ပါတယ်။” လို့ ပါမောက္ခဟွန်းက ရှင်းပြထားပါတယ်။

ငှက်ဖျားပိုး ကူးစက်ခံရချိန်မှာလည်း ကိုယ်ခံစွမ်းအား စနစ်က ပြန်လည်တွန်းလှန်နိုင်စွမ်း ရှိဖို့ လိုအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှု မရှိဘဲ အသိစိတ်ရှိနေတတ်ပါတယ်။

သွေးဆုံးချိန်မှာလည်း သိသာထင်ရှားတဲ့ အိပ်မက်တွေ မက်တတ်သလို ငှက်ဖျားကုသဆေး မက်ဖလိုကွင်းကို သောက်ထားတာကြောင့် ဦးနှောက်ထဲက အဆီတိုင်းကိုလင်းဓါတ် ပြောင်းလဲမှု ဖြစ်ကာ သိသာထင်ရှားတဲ့ အိပ်မက်မျိုးမက်တတ်ပါတယ်။

ပုံမှန်ထက် အိပ်မက် ပိုမက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – ညဘက်မှာ ပူလွန်းအေးလွန်းခြင်း၊ ဟော်မုန်းအတက်အကျ ဖြစ်ခြင်း၊ နာတာရှည် နာကျင်ခြင်း သို့မဟုတ် စိတ်ကျကု ဆေးဝါးဖြတ်လိုက်ခြင်း။

ညဘက်မှာ အလွန်အမင်း ပူတာ ဒါမှမဟုတ် ခိုက်ခိုက်တုန်အောင် ချမ်းတာ စတဲ့ အခြေအနေကြောင့် အိပ်မက်တွေ ပိုမက်နိုင်ပါတယ်။

“ပူလွန်း အေးလွန်းတာကြောင့် အိပ်ရေး ပိုပျက်တတ်ပြီး အိပ်မက်မက်ရင်း အိပ်နေချိန်မှာလည်း လန့်နိုးနိုင်ခြေများပါတယ်။ ဒါကြောင့် အိပ်မက်တွေကို ပိုမှတ်မိတတ်ပါတယ်” လို့ ပါမောက္ခဟွန်းက ရှင်းပြပါတယ်။

အိပ်ခန်းအပူချိန်ကို ၁၈ဒီဂရီ စင်တီဂရိတ်ထားဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာချိန် အတောအတွင်း  ဟော်မုန်း အတက်အကျ ဖြစ်တာကြောင့် အိပ်မက် ပိုမက်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ လေပွတာ၊ ဗိုက်အောင့်တာ စတဲ့ မသက်မသာ ဝေဒနာတွေ ခံစားရပြီး အိပ်ရင်း လန့်နိုးတတ်ပါတယ်။ အိပ်မပျော်တာနဲ့ နာကျင်တာကြောင့် ညဘက်မှာ မကြာခဏ လန့်နိုးတတ်ပြီး အိပ်မက်တွေကို ပိုမှတ်မိတတ်ပါတယ်။

အိပ်ချိန်နည်းလွန်းတဲ့အခါ အိပ်မက်မက်တဲ့ အိပ်စက်မှု ထိခိုက်ပြီး အိပ်ကြွေး တင်တတ်ပါတယ်။ အကြာကြီး ပြန်အိပ်တဲ့ညတွေမှာ အိပ်မက်မက်တဲ့ အိပ်စက်မှု (REM) အဆင့် ပြန်ရပြီး အိပ်မက်ကြာကြာ မက်တတ်ပါတယ်။ အထူးသဖြင့် စိတ်ကျ ကုသဆေး  ဖြတ်လိုက်တဲ့ သူတွေ မှာ အဖြစ်များတတ်ပါတယ်။

သင့်အိပ်မက်ကပြောသော သင့်ကျန်းမာရေး (၁)



ref: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)