ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပန်းတိုင်

ပို့စ်တင်ချိန် - 1/27/2014 07:02:00 PM




တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာဒေသ လော် ခီးလာတွင်ပြုလုပ်သည့် ညီလာခံသည် ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်အထိ ငါးရက်ကြာ ဆွေးနွေးအပြီး ပြီး ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ညီလာခံရလဒ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်တို့၏ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အတည်ပြုနိုင်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုတို့၏ ပေါင်းစည်းမှုအင်အားတစ်ခုအဖြစ် ငြိမ်းချမ်းရေးအတွက် အခြေခံအကျ ဆုံးသော အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတက်လာသည့် ၂၀၁၁ ခုနှစ် မတ်လမှစတင်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းများကို ပြန်ကြည့်မည်ဆိုပါက ကချင်လွတ်မြောက်ရေးအဖွဲ့KIO နှင့် အစိုးရ တပ်တို့ တိုက်ခိုက်ခြင်းမပြုရန် သမ္မတကိုယ်တိုင် ညွှန်ကြားထားပါလျက် တိုက်ပွဲများဆက်လက် ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ်များကိုလည်း တွေ့မြင်နိုင်သည်။

သို့သော် တိုင်းရင်းသားများ၏ လော်ခီးလာတပ်စခန်း ညီလာခံမှ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲ ရေး သဘောတူညီမှုစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တို့ဘက်မှ အတည်ပြုနိုင်ခဲ့သည်အထိ တိုး တက်လာခဲ့သည်မှာ ၀မ်းမြောက်ဖွယ်ပင်ဖြစ်သည်။ ခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့် အခြေခံ အကျဆုံးအဆင့်ဖြစ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်-မြန်မာနယ်စပ်မှသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် အကြိမ်ကြိမ်အလီလီ ဆွေးနွေးမှုများအပြင် လော်ခီးလာတပ်စခန်းမှ ထွက်ပေါ်လာခဲ့သည့်ရလဒ်သည် အပေါင်းလက္ခဏာဆောင်သည့် ရလဒ်ဟုလည်း ရှုမြင်နိုင်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကြမ်းအားဖြင့် အဆင့်သုံးဆင့် သတ်မှတ်ထားရာ ပထမဆင့်သည် ပြည်နယ်အဆင့် ဆွေးနွေးပွဲများ ပြီး မြောက်ပြီးဖြစ်သည်ဟုလည်း ဆိုရမည်။ ထိုမှတစ်ဆင့် နေပြည်တော် တွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့်ခေါ် အမျိုးသားအဆင့် ဆွေးနွေးပွဲများ၊ တတိယအဆင့်နှင့် အရေး ကြီးဆုံးအဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျန်ရှိနေပါသေးသည်။

သမ္မတဦးသိန်းစိန် တက်လာအပြီး ၂၀၁၁ ဧပြီလမှစတင်ရေတွက်ပါက ပြည်နယ်အဆင့်ဆွေးနွေးပွဲများ သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအထိ နှစ်နှစ်နှင့် ရှစ်လကြာမြင့်သည်ကို တွေ့မြင်နိုင်သည်။ သို့ဆိုလျှင် နေပြည်တော်တွင် ပြုလုပ်မည့် ဒုတိယအဆင့်ဖြစ်သော ပြည်ထောင်စုအဆင့် ဆွေး နွေးပွဲများသည် မည်မျှ ကြာမြင့်မည်ကို ခန့်မှန်းရန်ခက်ခဲလှသည်။ မြန်မာ့ ငြိမ်းချမ်းရေးဂေဟာမှ အကြီးတန်းအရာရှိ တစ်ဦးကမူ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာ ချုပ်ကို လာမည့်မတ်လတွင် အပြီးသတ်ချုပ်ဆိုနိုင်မည်ဟု မှန်းဆပြောဆိုသည်။ သို့ဆိုလျှင် ငြိမ်းချမ်းရေး အတွက် ပထမဆုံးခြေလှမ်းသည် သုံးနှစ်အထိ ကြာမြင့်နိုင်သည်။

ထိုသို့ဖြစ်ခဲ့ပါမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံးအဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲများကို ယခု လက်ရှိအစိုးရ၏ သက်တမ်း ငါးနှစ်အတွင်း အပြီးအပြတ် ဆောင်ရွက်နိုင်မည့် အလားအလာသည် နည်းပါး သွားပေလိမ့်မည်။ သို့တစေ လက်ရှိထွက်ပေါ်လာသည့် ရလဒ်ကောင်းများကိုမူ အလေးအနက် ထိန်းသိမ်း ရန် လိုအပ်ပါလိမ့်မည်။

ငြိမ်းချမ်းရေးပန်းတိုင်သို့ အရောက်သွားသည့် ကြားကာလတွင်လည်း နှစ်ဦးနှစ်ဖက် သံသယကင်းရှင်း သည့် ဆွေးနွေးပွဲများ တွေ့ဆုံမှုများဖြစ် မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆွေးနွေးနေစဉ်အတွင်း နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခြင်းမှ ရှောင်ကျဉ်ရန်အပြင် သံသယဖြစ်ပွားမှုများ မှ ရှောင်လွှဲရန် ထိရောက်သည့် ထိတွေ့ဆက်ဆံမှုများလည်း လိုအပ်သည်။ ၂၀၁၀ မှ ပြန်လည်ဖြစ်ပွားခဲ့ သည့် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများကို သင်ခန်းစာယူကာ ထိုသို့သော ဖြစ်ရပ်များ ပြန်လည်မဖြစ်ပွားရန်အပြင် အပြန်အလှန် ယုံကြည်မှုကို ယုတ်လျော့စေသော၊ တွေ့ဆုံဆွေးနွေးမှုများကို အဟန့်အတားဖြစ်စေသော ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန်လည်း လိုအပ်ပါ သည်။

 by Mizzima News