City Mart သို့ ပေးစာတစ်စောင် - ပေးစာ

ပို့စ်တင်ချိန် - 1/27/2014 02:25:00 PM



မင်္ဂလာပါ ..
ကျနော်က "နှလုံးသားထဲက မြန်မာပြည်" ပြိုင်ပွဲဝင်တစ်ယောက်ပါ။

ဒီပြိုင်ပွဲခေါင်းစဉ်က Myanmar In My Heart ဆိုတော့ "မြန်မာပြည် ချစ်တဲ့စိတ်နဲ့ ရေးသားကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆုရယူမယ်ဆိုတဲ့ စိတ်ဓါတ်ထက်

ရေးသားပြိုင်ပွဲထားတဲ့ ရင်ထဲက ခံစားမှုတွေ ဒီမှာ ဖော်ပြခွင့်ရလို့လည်း ကျေနပ်မိပါတယ်။

" ကမ္ဘာမှာ ပြိုင်စံရှား .. တို့တွေ ချစ်တဲ့ ပြည်မြန်မာ "
ရေမြေတောတောင်သဘာဝ .. ပကတိအလှတရားနဲ့ ဖော်ရွေပြုံးရွှင်တတ်တဲ့ တိုင်းရင်းသားတွေ ပေါင်းစည်းထားသော .. အရမ်းလှတဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်ခု .. ကမ္ဘာမှာ

ပြိုင်စံရှားပါ့။
ဒါ ” တို့ပြည် တို့မြေ .. တို့ပိုင်တဲ့ မြန်မာ့မြေ”

ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ဝင့်လို့ ဝင့်ကြွားတာ .. ဘာသာသာသနာ ရောင်ဝါလင်းလို့ .. မြန်မာ့စာပေယဉ်ကျေးမှုရယ် သမိုင်းအမွေအနှစ် ခိုင်မာမှုတွေနဲ့အတူ သဘာဝအတိုင်း

အထင်အရှားရှိတာ ဧရာဝတီ .. ချင်းတွင်း .. သံလွင် .. စစ်တောင်း မြစ်ကြီးလေးစင်းက သိမ်မွေ့စွာပေါ့ .. စီးဆင်းနေဆဲ။
ဒါ “တို့တွေ ချစ်တဲ့ ပြည်မြန်မာ”

ဒီပြိုင်ပွဲလေးကို ပေါ့ပေါ့ပါးပါး အပျော်သဘောနဲ့ ရင်ထဲက စာသားလေးရေးသားပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ခဲ့တာမို့ .. ဆုရွေးချယ်ရေးစနစ်တွေ အပေါ်မှာ

ဘာမှဝင်ရောက်စွက်ဖက်ပြောဆိုခြင်းတွေ မရှိခဲ့ပါ။ တွေ့မြင်နေရတဲ့ သူတစ်ခွန်း ငါတစ်ခွန်း အငြင်းပွားမှုတွေဆိုတာလည်း မြင်ရတာ စိတ်မချမ်းမြေ့စရာပါ။ ဆုရတဲ့သူတွေအတွက်

ထပ်တူဝမ်းသာမိသလို .. ဆုမရှိခဲ့ကြတဲ့သူတွေအတွက် .. ထပ်တူဝမ်းနည်းမိပါတယ်။ ကိုယ်တိုင် ဆုနဲ့ လွဲခဲ့ရသူပါ။

လိုအပ်ချက်တွေဆိုတာ .. ဒါ City Mart ရဲ့ ပထမဆုံးအကြိမ် အွန်လိုင်း Voting Game (ဖြစ်လိမ့်မယ်ထင်ပါတယ်) ဖြစ်တာမို့ Myanmar In My Heart မှာ လိုအပ်ချက်တွေ

များစွာရှိခဲ့တယ်ဆိုတာ Comment တွေမှာ ဖတ်ရှုရပြီး ဖြစ်တာမို့ အားလုံးကို ထပ်မပြောလိုတော့ပါ။ အဓိကကတော့ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေ ကြိုတင်မထုတ်ပြန်ခဲ့ခြင်းနှင့်

ဒိုင်များအနေနဲ့ သံသယရှိဖွယ် Vote များအကြောင်း (သိရှိခဲ့သည်ဆိုသော်ငြား) ပြိုင်ပွဲကာလတစ်လျှောက် သတိပေးထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိခဲ့ခြင်းပါ။

တကယ်ပြောရရင်တော့ Facebook ဆိုတာ အမေရိကန်နိုင်ငံမှ လွှင့်တင်ထားသည့် online social networking service တစ်ခုပါ။ သူငယ်ချင်းအချင်းချင်း ..

လုပ်ဖော်ကိုင်ဖက်အချင်းချင်း သူ့မိတ်ဆွေ ကိုယ့်သူငယ်ချင်းဆိုတာ နယ်စည်းမခြား တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ကြ ပေါင်းသင်းဆက်ဆံကြနဲ့ သတင်းတွေ ..

အတွေ့အကြုံတွေ ဖလှယ်ရင်း နီးခြင်းဝေးခြင်းတွေမရှိ ကူးလူးဆက်ဆံနေရတဲ့ .. နက်ဝပ်ဘ်ကွန်ယက်တစ်ခုဆိုတာ လူတိုင်း သိနားလည်ထားကြပါတယ်။

Facebook ရဲ့ App Vote စနစ်မှာ အများစု Vote မရခြင်းမှာ .. မိမိတို့၏ Profile ကို ဖွင့်လှစ်ပြသပြီးမှ Voting ပေးကြရတာမို့ .. Vote နည်းပါးရခြင်း ဖြစ်ပါတယ်။

အွန်လိုင်းပေါ်တွင် လူမမြင်ရဘဲ ခင်မင်ကြရတာမို့ .. တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု ကောင်းစွာတည်ဆောက်ထားနိုင်မှသာလျှင် သူတို့၏ Voting ကို ပေးကြမှာပါ။ ကျနောထံတွင်

နိုင်ငံတကာက မိတ်ဆွေသူငယ်ချင်းတွေ များစွာရှိပါ၏။ သူတို့၏ အင်္ဂလိပ်စာအရေးအသားတွေ .. သူတို့အတွေးအခေါ်တွေ .. သူတို့ရဲ့ ဖန်တီးမှုတွေ .. သူတို့ရဲ့ ရူမြင်မှုတွေနဲ့

နည်းပညာရပ်များလေ့လာခြင်းတွေ ရှိနေတာမို့ .. သူတို့နဲ့ Friendship တည်ဆောက်ထားခြင်း .. Group များထဲ ဝင်ရောက်ဆွေးနွေးခြင်းစသည်ဖြင့် Network ကို ချဲ့ထွင်ခဲ့ပါတယ်။

ဒါ့အပြင် ကျနော့မှာ ဝင်ရောက်လုပ်ကိုင်နေသော MLM (Multi Level Marketing) လုပ်ငန်းတစ်ခုရှိပါတယ်။ ဒီလုပ်ငန်းက နိုင်ငံပေါင်း (၉) နိုင်ငံ ချိတ်ဆက်ထားသော Network

Business လုပ်ငန်းဖြစ်ပါတယ်။ အခြားသော နည်းပညာဆိုင်ရာ လေ့လာမှုအရ Adobe ကုမ္ပဏီနှင့် ချိတ်ဆက်ကာ အသိမိတ်ဆွေပညာရှင်များ ရှိပါတယ်။ ပြည်တွင်းမှာဆိုရသော် ..

City Mart ကိုယ်တိုင် အားဖြည့်ပံ့ပိုးထားသည့် သွေးလှူရှင် ထောင်ဂဏန်းနီးပါးရှိသည့် သွေးလှူအသင်းတစ်ခုနှင့် အခြားအုပ်စုဝင် သွေးလှူအသင်းများစွာလည်း ရှိနေခဲ့ပါတယ်။

Profile အစစ်ကို ပြသထားသူမို့ ကျနော့ကို မသိသူ တော်တော်နည်းပါးပါလိမ့်မယ်။

ကျနော် ဒီပြိုင်ပွဲလေး Myanmar In My Heart လေးမှာ ဝင်ရောက်ရေးသားပြိုင်ပြီး "ငါ့နိုင်ငံအတွက် ငါဂုဏ်ဆောင်နိုင်လေပြီ" ဆိုပြီး ဂုဏ်ယူစွာ နိုင်ငံခြားသား မိတ်ဆွေများကိုလည်း

Voting အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမတော့ မိခင်ဘာသာနဲ့ ရေးသားတင်သွင်း ယှဉ်ပြိုင်ခဲ့ပြီးမှ .. နိုင်ငံတကာမိတ်ဆွေများထံသို့ အင်္ဂလိပ်ဘာသာအဖြစ် ပြန်ဆိုကာ

ပေးပို့ပေးခဲ့၏။ သူတို့ထံ ပေးပို့ခဲ့သော စာသားများမှာ မြန်မာစာနှင့် တသွေမတိမ်း .. "ငါတို့ မြေမှာ သဘာဝအလှတရားတွေ ပေါကြွယ်ဝပုံ .. ပကတိရိုးသားဖြူစင်တဲ့အပြုံးတွေ

လူတိုင်းကိုယ်စီရှိကြပုံနဲ့ အရမ်းလှတဲ့နိုင်ငံတစ်နိုင်ဖြစ်ကြောင်း ပြောရင်း တို့ပြည် တို့မြေ .. တို့ပိုင်တဲ့ မြန်မာ့မြေလို့ ကြွားလုံးခဲ့ပါတယ်။ တကယ်ရှိနေတာကိုးဗျ။ နှစ်ပေါင်းထောင်ချီတဲ့

ဗုဒ္ဓသာသနာ့ရောင်ခြည်ထွန်းလင်းခဲ့သလို ဘာသာသာသနာအပြင် ကိုယ်ပိုင်ယဉ်ကျေးမှု ဘာသာစကားတွေဆိုတာလည်း သမိုင်းအထောက်အထား ခိုင်မာစွာရှိခဲ့ကြောင်း ..

မြန်မာကို မသိရင် ဧရာဝတီဆိုတာ အစချီလို့ မြစ်ကြီးလေးစင်း ယနေ့တိုင် မတိမ်မကော ဧရာဝတီ .. ချင်းတွင်း .. သံလွင် .. စစ်တောင်း မြစ်ကြီးလေးစင်းက သိမ်မွေ့စွာပေါ့ ..

စီးဆင်းနေဆဲဆိုတာ ဂုဏ်ဝင့်ပြနိုင်ခဲ့တာပါ။ အားလုံးရဲ့ နှစ်ထောင်းအားရစရာ အားပေးစကားသံတွေအပြင် .. လာလည်ဦးမယ်ကွာဆိုပြီး မသိကြဘဲ နိုင်ငံတကာက

ခင်မင်ရတဲ့မိတ်ဆွေတွေကို ဖိတ်ခေါ်ခွင့်ရခဲ့တာ .. City Mart နဲ့ HTC က ပေးမယ့်ဆုထက် သာလွန်လှတဲ့ ပီတိတွေက ဝမ်းသာပီတိ ဂွမ်းဆီထိဖြစ်ခဲ့ရပါတယ်။

ကျနော့ Votes တွေမှာ ပြည်တွင်းမှ သူငယ်ချင်းများအပြင် နိုင်ငံတကာက မိတ်ဆွေတွေရဲ့ ကောင်းချီးထောပနာ ပြုပေးကြတဲ့ Vote တွေ ပါကောင်း ပါလိမ့်မယ် .. ဒါပေမယ့်

ပြိုင်ပွဲဒိုင်များအနေဖြင့် ပုံမှန်မဟုတ်သော သံသယဖြစ်ဖွယ်ရာ Voteများ ဖြစ်သည်ဟု သတ်မှတ်သွတ်သွင်းခံရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။

ဒီလို ကောင်းမွန်တဲ့ Facebook App တွေ အသုံးပြုပြီး ပြိုင်ပွဲလေးတွေလုပ်ကာ စီးပွားရေး ပြယုဂ်တွေ တည်ထောင် .. အကျိုးစီးပွားတွေ ဖြစ်ထွန်းအောင် အမျိုးမျိုးကြံဆောင်ကြတာ

မြင်တွေ့ရပါတယ်။ ကိုယ့်နဲ့ ခင်မင်ခြင်း သိကျွမ်းခြင်း မရှိပေမယ့် .. ဒါ ငါ့နိုင်ငံက တိုင်းရင်းသားခရီးသွားကုမ္ပဏီဆိုလည်း Like လုပ်တန် Like လုပ်။ Comment ရေးတန် ရေး ..

Share တန် Share ပြီး .. သူတို့လုပ်တဲ့ ပြိုင်ပွဲလေးတွေမှာ ဆုချိတ်ဖို့ မရည်ရွယ် .. နိုင်ငံတကာနယ်မှာ သူတို့အကျိုးသည်လည်း နိုင်ငံအကျိုးဖြစ်စေတော့ စိတ်နဲ့ Like Number

များများတက်အောင် Facebook User များက ကြံဆောင်ပေးကြလိမ့်မယ်လို့ .. ကိုယ်တိုင်ခံစားမှုနဲ့ သိနားလည်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လုပ်ငန်းရှင်တွေဘက်က ကိုယ့်ကုန်ပစ္စည်းနဲ့ ကိုယ့်ဝန်ဆောင်မှုတွေတော့ ကောင်းမွန်အောင် .. ဆက်ဆံရေးကောင်းမွန်အောင် ကြံဆောင်ပေးထားဖို့တော့ လိုအပ်ပါတယ်။

ဒီနေ့ခေတ်ကာလက နက်ဝပ်ဘ်ကွန်ယက်တွေနဲ့ အပြန်အလှန် အချိတ်အဆက်ရှိနေကြတာမို့ .. အကျိုးမလိုလားသူတွေကလည်း .. မဆိုစလောက်သော အပြစ်မဟုတ်သည့်

အကြောင်းတရားပေါ်မှာ အပြစ်ကြီးဟု ထင်မှတ်မှားအောင် လုပ်နိုင်စွမ်းကြပါတယ်။ ဒါကြောင့် လိမ္မာသော စီးပွားရေးလုပ်ငန်းရှင်များမှာ ကိုယ့်ဂုဏ်ကိုယ်ဆောင်ခြင်းဖြင့် Brand Name

များတည်ဆောက်နေကြပါတယ်။ (လက်ဝါးကြီး .. စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော်ငြား .. လူမှုရေးကွန်ယက်နဲ့ ချိတ်ဆက်ထားပြီး လူမှုရေးလုပ်ငန်းတွေ တိုင်းပြည်တိုးတက်ရေးတွေမှာ

တစ်တပ်တစ်အား ပူပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသားအကျိုးစီးပွားဆောင်ရွက်ကြောင်း သိသာထင်ရှားစေကြပါတယ်။)

ဒီ ပြိုင်ပွဲမှာဆို .. တစ်ဖက်တွင် ယှဉ်ပြိုင်ထားသော မြင်တွေ့နေသည့် ထင်ထင်ရှားရှား Vote များအပေါ် မဆုံးဖြတ်ဘဲ .. မိမိတို့ ဒိုင်အတွေ့အကြုံတွေနဲ့ (သံသယဖြစ်ဖွယ် Vote

များပယ်ပြီး .. ဆုံးဖြတ်သည်) ဆုံးဖြတ်ပေးခဲ့ကြပါတယ်။
အများဗိုလ်လူ ထင်ရှားစွာ လက်ခံနိုင်အောင် "မဟောသဓာ ဖြတ်ထုံးအတိုင်း" အများမြင်သာအောင် ပြန်လည်သုံးသပ်ပေးစေလိုပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။

City Mart တိုးတက်အောင်မြင်ပါစေ။

ခင်မင်စွာဖြင့်
ပက်ထရစ်မင်း