ငြိမ်းချမ်းရေးအတွက် နမိတ်ဆိုးလား

ပို့စ်တင်ချိန် - 1/27/2014 09:07:00 AM


Monday, January 27, 2014

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နမိတ်ဆိုးများဖြစ်လေမလားလို့ တွေးမိစရာ သတင်းတပုဒ်က ဝါရှင်တန်ပို့စ် မှာ ဖော်ပြလာပါတယ်။

ငြိမ်းချမ်းရေး ချိုးငှက်ကို အခြားငှက်က တိုက်ခိုက်နေစဉ်၊ ဓာတ်ပုံ- ဝါရှင်တန်ပို့စ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဘေး တဖက်စီမှာ ကလေး ၂ ဦးက ငြိမ်းချမ်းရေး ချိုးငှက် ၂ ကောင်ကို လွှတ်ပေး စဉ်မှာ အခြား ငှက်တွေက ငြိမ်းချမ်းရေး သင်္ကေတ ဂျိုးငှက် ၂ ကောင်ကို ထိုးသုတ် တိုက်ခိုက်ကြ တဲ့ သတင်းပါ။
မနေ့က ဗာတီကန်စီးတီးမှာ ပုပ်ရဟန်းမင်းကြီးရဲ့ Apostolic နန်းတော် ပြူတင်းတံခါး တခု ပွင့်လာပြီး ချိုးငှက်တွေကို လွှတ် ပေးစဉ် ဇင်ယော်ငှက်ကြီးတကောင်နဲ့ ကျီးမည်းကြီးတကောင်က ဝင်တိုက်ခိုက်တာကို စိန့်ပီတာရင်ပြင်ကနေ ရပ်ကြည့်နေ တဲ့ ထောင်နဲ့ ချီတဲ့ လူတွေ မြင်တွေ့လိုက်ကြတာပါ။

ဇင်ယော်ကြီးရဲ့ ထိုးသုပ်တိုက်ခိုက်တာ ခံလိုက်ရတဲ့ ချိုးငှက်ကတော့ အတောင်အမွှေးတွေ တော်တော် ကျွတ် ကျိုးကုန်ပြီး လွတ်မြောက်သွားတယ်တဲ့။ နောက်ထပ် ချိုးငှက်တကောင်ကတော့ ကျီးငှက်ကြီးက အဆက်မပြတ် ထိုးဆိတ်ခဲ့တယ်တဲ့။

အဲဒီ ချိုးငှက်တွေ ဘာဆက်ဖြစ်တယ်ဆိုတာတော့ သဲသဲကွဲကွဲ မသိရပါဘူး။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ပြူတင်း ပေါက်မှာ ချိုးငှက်တွေကို လွှတ်ပေးစဉ်မှာ ယူကရိန်းမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ သေဆုံးမှုတွေ ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးအတွက်ဆုတောင်းရင်း အဲဒီ ချိုးငှက်တွေကို လွှတ်ပေးခဲ့တာလို့ ဝါရှင်တန် ပို့စ်က ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေးအတွက် နမိတ်ဆိုးများ ဖြစ်လေမလားလို့ တွေးမိနိုင်ကြပါတယ်။

အိမ့်သံစဉ် ~

ဧရာဝတီ