ထိုင်းနိုင်ငံရေးကြောင့် မြန်မာနိုင်ငံသို့ လာမည့် ခရီးသွားများ အခက်အခဲ ဖြစ်နိုင်

ပို့စ်တင်ချိန် - 1/27/2014 11:13:00 AM




ရန်ကုန် ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးရနှင့် အတိုက်အခံ တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ဥရောပ ခရီးသည်များ အပါအဝင် တခြားသော နိုင်ငံများမှ ခရီးသွားများ လာရောက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များက သုံးသပ် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် လက်ရှိအချိန်တွင် ထိုင်းအစိုးရ အနေဖြင့် ဇန်နဝါရီ ၂၂ ရက်က အရေးပေါ် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည့် အတွက် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသည်များ အတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း ပြည်တွင်း ခရီးသွား လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ဆန္ဒပြပွဲများကြောင့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှုကို လက်ရှိအချိန်တွင် ထိခိုက်မှု မရှိသေးသော်လည်း ယခုအခြေအနေထက် ပိုမိုပြင်း ထန်လာပါက သက်ရောက်မှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောကြားခဲ့သည်။

''လက်ရှိ အချိန်ထိတော့ ခရီးသွား ဝင်ရောက်မှုကို ထိခိုက်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ နယ်စပ်ဂိတ်တွေကနေ ထိုင်းခရီးသွားတွေပါ ဝင်ထွက်မှု ရှိနေပါ သေးတယ်။ လျော့သွားလား၊ တိုးလာသလား ဆိုတာကတော့ အတိအကျ မသိရသေးဘူး။ ကြိုတင်ချိတ်ဆက် ထားတဲ့ ထိုင်းခရီးသွားတွေ အနေနဲ့ ခရီးစဉ်ဖျက်သိမ်း တယ်လို့လဲ လောလောဆယ်မှာ မရှိသေးပါဘူး။ အခြေအနေ ပိုဆိုးလာရင်တော့ ထိခိုက် လာနိုင်တယ်။ အထူးသဖြင့် လေဆိပ်ပေါ့နော်။ လေဆိပ် ပိတ်လိုက်ရင် ဒီဘက်ကိုလာမယ့် ခရီးသွားတွေ အခက်အခဲ ဖြစ်သွားနိုင်တယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော ဧည့်သည်များမှာ ထိုင်းလူမျိုးများသာ မကဘဲ ဥရောပ၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်စသည့် ဧည့်သည်များ အပါအဝင် ဖြစ်ရာ ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လာကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အတွင်း၌ ပဋိပက္ခများ ယခုထက် ပိုမိုပြင်းထန်လာပါက မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်သည့် ဧည့်သည်များ ဖြစ်သော ဥရောပဧည့် ဈေးကွက်ကို ထိခိုက် လာနိုင်ကြောင်း ၄င်းကထပ်မံ ပြောကြားခဲ့သည်။

ကံထူး
မြ၀တီ