စာဖတ်ခြင်း၏အကျိုးကျေးဇူး (နန်းခင်ဇေယျာ ဟောပြောသည်)

ပို့စ်တင်ချိန် - 1/27/2014 09:30:00 PM




လူ့လောကတွင် စာပေပေါ်သည်မှစ၍ လူတို့သည် စာဖတ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ စာကမကွဲပြားသော်လည်း စာဖတ်နည်းကွဲပြားလျှင် စာ၏အဓိပ္ပာယ်နှင့် သိနားလည်မှုလည်းကွဲပြားပါလိမ့်မယ်။ ထို့ကြောင့် စာဖတ်သည့်အခါ မိမိဖတ်သောစာ၏ အနက်အဓိပ္ပာယ်ကို သိနားလည်အောင် ဖတ်မှတ်ရန်လိုအပ်ပါသည်။
“အလိမ္မာစာမှာရှိ” ဆိုရိုးစကားရှိပါသည်။ စာပေကို ဖတ်ရာတွင် အလိမ္မာကိုသိအောင်
ဖတ်ရမှာဖြစ်သလို ၊ သိရုံသာမက ထိုအလိမ္မာသည် မိမိ၌လည်း ရှိရလေအောင် စာကိုဖတ်သင့်ပါသည်။
“စာမတတ်သူ၊ စာမဖတ်သူသည် မျက်စိကန်းနေသူဖြစ်သည်” ဟု ရှေးလူကြီးသူမတို့ဆုံးမစကားကြားဖူးပါသည်။
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ မြန်မာစကားပုံနှင့်အညီ မိမိတို့အား အရာရာကိုသွန်သင်ဆုံးမပေးနေသည့် အရာမှာ စာအုပ်ကောင်းများပင်ဖြစ်ပါသည်။
“ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့်” လို့ ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာလေးကြားဖူးကြမှာပါနော်။ ပညာမရှိသော ဇနီးသည် ၊ မလိမ္မာသော သားသမီးများပင်လျှင် စာပေစကားနေ့တိုင်းကြားဖန်များလာပါက ဗဟုသုတများပြည့်စုံလာကာ လိမ္မာရေးခြားရှိလာမည်ဖြစ်ပါသည်။ တစ်နေ့တစ်နေ့ အားလပ်ချိန်များကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ အသုံးချစေချင်ပါတယ်။

“လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် ဒီကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ဒီ့အတွက် ဘယ်လိုလုပ်မည်နည်း????” တစ်နည်းသာရှိသည် …. “စာဖတ်ပါ” ။ နေ့စဉ်စာဖတ်ပါ။

စာဖတ်သည်ဆိုရာ၌ ငြင်းခုန်ဝေဖန်ရန် ၊ တစ်ဖက်လူ မှားကြောင်း သက်သေ သက္ကာယပြရန်သက်သက် အတွက် မဖတ်ပါနဲ့။
ပြောသမျှ ယုံကြည်ရန် ၊ သူဆိုတိုင်း လက်ခံရန် ဖတ်ခြင်းမျိုးလည်း မဖြစ်ပါစေနဲ့။
ပြောစရာဆိုစရာ ရရုံအတွက်လည်း မဖတ်ပါနဲ့။
အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ၊ ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။

စာကိုရည်ရွယ်ချက်နဲ့ ဖတ်ပါ။ မိမိအတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ဖတ်တဲ့ အလေ့အထမျိုးမွေးမြူကြစေလိုပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အရည်အသွေး ၊ အရည်အချင်းဆိုသည်မှာ မွေးရာပါ သဘာဝအားအင်များထက် ဖြစ်ချင်စိတ်၊ လုပ်ချင်စိတ်များပေါ်တွင်သာ မူတည်ပါတယ်။ မိမိ က ခေတ်မီနိုင်ငံကြီးတွေမှာ ခေတ်ပညာမသင်ခဲ့ရလို့ ငါ့တိုင်းပြည်ကို ဘာမှ အကျိုးမပြုနိုင်ဘူးဆိုတဲ့ အတွေးအခေါ်မျိုး ၊ အင်္ဂလိပ်စာကောင်းကောင်းမတတ်လို့ လောကကို ဘာမှအကျိုးမပြုနိုင်ဘူး ဆိုတဲ့ အယူအဆမျိုး ကို လုံးဝမထားသင့် မယူဆသင့်ပါဘူး။ မြန်မာစာပေသည်လည်း ကမ္ဘာမှာ သေးသိမ် သိမ်နုတ်တဲ့ စာပေ မဟုတ်ဘူးဆိုတာကို ရဲရဲကြီး ယုံကြည်ထားစေချင်ပါတယ်။

သင့်မိသားစု ၊ သင့်ပတ်ဝန်းကျင်၊ သင့်လူ့အဖွဲ့အစည်း ၊ သင့်ရပ်ရွာ ၊ သင့်တိုင်းပြည်ကို ကောင်းကျိုးလည်းပြုချင်တယ် ၊ သင့်မှာ ပစ္စည်းဥစ္စာ ၊ အတတ်ပညာအနေနဲ့ ဘာမှ မယ်မယ်ရရ မရှိသေးဘူးဆိုရင်တောင် အားမလျှော့လိုက်ပါနဲ့…။ သင့်ဘေးမှာ စာအုပ်တွေရှိနေပါတယ်။ ယခုပင် စဖတ်လိုက်ပါ မိတ်ဆွေ ….။

စာအုပ်တစ်အုပ်ဖတ်နေခြင်းသည် အိမ်၏ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားခြင်းနှင့်တူပါသည်။ စာအုပ်များမှတစ်ဆင့် ထောင်သောင်းချီသော လူတို့၏ ဘဝကို တစ်ထိုင်တည်း သိရမည်။ မြန်မာ့သမိုင်း ၊ ကမ္ဘာ့သမိုင်းများကိုလည်းသိနိုင်မည်။ လူတို့၏ အသက်မွေးဝမ်းကျောင်းမှုပုံစံများ ပြောင်းလဲလာမှုကို သိနိုင်သည်။ ယဉ်ကျေးမှုကို သိနိုင်သည်။ သမိုင်းကျမ်းစာအုပ်များက စာဖတ်သူအား အမြင်ကျယ်စေ၏။

တရားဓမ္မ နှင့် ဘာသာရေးစာပေများကလူကိုယဉ်ကျေးလိမ္မာစေ၏။ ဘာသာရေးအဆုံးအမ စာပေများနှင့် တခြားစာကောင်းပေမွန်များမှ စိတ်နေသဘောထား၊ စိတ်ဓာတ်ကောင်းများ ခိုင်မာတိုးတက်စေ၏။
ကဗျာစာပေများက ကွန့်မြူးသောဥာဏ်ဖြင့်ထူးကဲရှုမြင်တတ်စေ၏။
သဘာဝသိပ္ပံစာပေများက ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေ၏။
ဒဿနစာပေများက စိတ်ကိုတည်ကြည်လေးနက်စေ၏။
ကျန်းမာရေးနှင့်သက်ဆိုင်သော စာပေများဖတ်ရှုခြင်းဖြင့် လူမှုဘဝတိုးတက်မြင့်မားခြင်း၊ ကျန်းမာရေးအသိအမြင် ဗဟုသုတများရရှိစေမည်။
စာမျိုးစုံ ရသစာပေ ၊ ဆောင်းပါး၊ ဝတ္ထု ၊ အတ္ထုပ္ပတ္တိ ၊ သမိုင်း ၊ လုပ်ငန်းခွင်ဆိုင်ရာစာအုပ်မျိုးစုံ၊ အတတ်ပညာဆိုင်ရာ စာအုပ်မျိုးစုံ ၊ ဘာသာရေးစာအုပ်မျိုးစုံ ၊ ဘာသာစကားစာအုပ်မျိုးစုံ စသဖြင့် အားလုံးကို အချိန်ရသရွေ့ အလျဉ်းသင့်သလို ဖတ်ရှုခြင်းဖြင့် ဗဟုသုတ အသိဥာဏ်ပညာ တိုးတက်ပြီး စိတ်ဓာတ်ကောင်းများ ဖွံ့ဖြိုးကာ ဘဝများ ကြီးပွားတိုးတက်မည်မှာ မလွဲပေ။
ဖတ်သောစာများက စာဖတ်သူ၏ စရိုက်လက္ခဏာများအဖြစ်သို့ အသွင်ကူးပြောင်းတတ်၏။ ထို့ကြောင့် ကောင်းကျိုးဖြစ်စေသော မည်သည့်စာပေအမျိုးအစားကိုမဆို ဖတ်သင့်ပါတယ်။ အကောင်းအဆိုး အမြဲဒွန်တွဲလျှက်ရှိတာကြောင့် စာဖတ်တဲ့အခါမှာ စာအုပ်ထဲကအကြောင်းအရာက မိမိရဲ့ အတွေးအခေါ်ကို အဆိပ်အတောက် မဖြစ်စေဖို့လည်းအရေးကြီးပါတယ်။ စာဖတ်သက်တမ်းကြာလာတဲ့အခါ ဘယ်လိုစာအုပ်မျိုးက ဖတ်သင့်တယ် ၊ ဘယ်လိုစာအုပ်မျိုးက မဖတ်သင့်ဘူးလဲဆိုတာ အလိုလိုသိမြင်လာပါတယ်။ စာဖတ်ခြင်းဖြင့် ဝေါဟာရများကြွယ်လာသလို ဘာသာစကားကိုလည်း ကျွမ်းကျင်လာမှာဖြစ်ပါတယ်။ စာကိုဖတ်ရုံတင်မဟုတ်ပဲ ဖတ်ပြီးပါက ပြန်လည်တွေးတောဆင်ခြင် သုံးသပ်တဲ့ အလေ့အထကိုလည်း ပြုလုပ်ခြင်းဖြင့် အရည်အသွေးတိုးတက်ကောင်းမွန်ခြင်း ၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်မြင့်မားလာခြင်း ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုမိုတိုးပွားလာစေပါတယ်။ မိမိဖတ်ပြီးသိတဲ့ အသိဥာဏ်ကိုလည်း တခြားသူတွေကို ပြန်လည်ဝေမျှခြင်းဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။

“ဗာဟုသစ္စဉ္စ သိပ္ပဉ္စ” ဗဟုသုတအကြားအမြင်များခြင်း ၊ အတတ်ပညာရှိခြင်း၊ တတ်မြောက်ခြင်းသည် မင်္ဂလာမည်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သလို စာအုပ်စာပေများစွာ ဖတ်ခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတက်သောကောင်းမွန်သောဘဝဖြစ်အောင် တည်ဆောက်နိုင်ခြင်းဖြင့် မင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံကြပါလိမ့်မယ်။

စာဖတ်ဝါသနာပါသူများ ရှေးမြန်မာမင်းများ လက်ထက်ကပင် ရှိခဲ့ပါတယ်။
ကုန်းဘောင်ဘုရင်များထဲတွင် “ဘိုးတော်ဘုရား” သည်အလွန်စာဖတ်သူဖြစ်သည်။ ဘိုးတော်ဘုရား၏ ပိဋကတ်တိုက်တွင် ရာဇဝင်ကျမ်းများ၊ ဆေးကျမ်းများ၊ ပျို့ကဗျာလင်္ကာများ၊ နန်းတွင်းဇာတ်တော်များ စသည်ဖြင့် အစုံအလင်ရှိခဲ့ပါတယ်။
ထို့အတူ မင်းတုန်းမင်း၊ ယောမင်းကြီးဦးဘိုးလှိုင် ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း စာအလွန်ဖတ်သူများဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းဆောင်ရွက်ရင်း အားလပ်ချိန်ရရင် ရသလို စာဖတ်လေ့ရှိတယ်လို့ သိရပါတယ်။

စာအလွန်ဖတ်သော ဗိုလ်ချုပ်အောင်ဆန်း က ပညာနှင့်ပတ်သက်၍ သူ၏အမြင်ကို အောက်ပါအတိုင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။
“ပညာသည် စာအုပ်များထဲ၌သာရှိသည်မဟုတ်။ စာအုပ်များကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ထက်ကောင်းကင်ကြယ်တာရာများသို့ တက်နိုင်စွမ်းရမည်။”

“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော ဆောင်ပုဒ်အတိုင်း မောဟအမိုက်မှောင်ကို ဖြိုခွင်းရန်အတွက် အသိဥာဏ်ပညာ အလင်းရောင် ထွန်းလင်းဖို့ လိုအပ်ပါတယ်။ အသိဥာဏ်ပညာ အလင်းရောင်ကို စာဖတ်ခြင်းမှ ရရှိစေပါတယ်။ ဒါကြောင့် စာများများဖတ်ဖို့လိုအပ်ပါတယ်။

အထူးသဖြင့် လူငယ်များသည် မိမိတို့ အနာဂတ်ကို မိမိတို့ကိုယ်တိုင်ဖန်တီးကြရပါမယ်။ ဒါကြောင့် လူငယ်များ ပညာတတ်ဖို့ အရေးကြီးပါတယ်။ စာများများဖတ်ဖို့လိုပါသည်။ စာဖတ်ခြင်းသည် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေပါသည်။ ပညာတတ်မှသာ နိုင်ငံကို ဦးဆောင်နိုင်သူဖြစ်ပါလိမ့်မယ်။

“သင်သည် စာဖတ်ဝါသနာ မပါပဲနှင့် ဘယ်တော့မှ ပညာရှိဖြစ်မလာနိုင်” လို့ ဆင်မြူရယ်ဂျွန်ဆင် ကဆိုခဲ့ပါတယ်။
“စာဖတ်ခြင်းသည် ပြည့်ဝသောလူတစ်ယောက်ဖြစ်စေသည်။ ဆွေးနွေးညှိနှိုင်းခြင်းသည် အသင်ပြင်ထားသောလူတစ်ယောက် ဖြစ်စေ၏။ မှတ်သားခြင်းသည် တိကျသော လူတစ်ယောက်ဖြစ်စေ၏” ဟု ဖရန်စစ်ဘေကွန် က ဆိုခဲ့ပါတယ်။

စာဖတ်ခြင်းသည် ကောင်းကျိုးကိုဖြစ်ထွန်းစေသည်။ ဥပမာ - ဝန်ဇင်းရွာသား လယ်သမားလေး “ငညို” သည် စာဖတ်ဝါသနာကို အကြောင်းပြု၍ ဘုရင်၏မြှောက်စားခြင်းကို ခံရသော ပညာရှိအမတ်ကြီးဖြစ်သွားရသည်။
ဆင်းရဲသား ထင်းခုတ်သမား “အီဗရာဟင်လင်ကွန်း” သည် စာဖတ်ဝါသနာကြောင့်ပင် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်ခဲ့ရသည်။
ရပ်ဆယ်ကွန်းဝဲလ် က “စာဖတ်ပါ။ သင်၏ ကုတ်အင်္ကျီအိတ်ကို ခရီးဆောင်စာကြည့်တိုက်အဖြစ် အသုံးချပါ” လို့ ဆိုခဲ့ပါသည်။
ဆရာကြီး ပီမိုးနင်း က “လက်သမားကောင်း၏ အရင်းအနှီးမှာ စူးဆောက်ကောင်းများဖြစ်သကဲ့သို့ တိုးတက်ကြီးပွားလိုသူတို့၏ အရင်းအနှီးမှာ စာအုပ်ကောင်းများဖြစ်ပေသည်” ဟူ၍လည်းကောင်း ၊ “စိတ်နေသဘောထားတို့ ရင့်သန်ကြီးမြတ်ခြင်းကို ဖြစ်စေသည့် စာအုပ်ကောင်းများကို အမြဲဖတ်မှတ်ရမည်။ ကိုယ်၌အမြဲဆောင်ထားရမည်။ လောကုတ်လောကီ နှစ်ဖြာရေးရာစုံလင်သော ကျမ်းများကို ဖတ်မှတ်ရမည်” ဟူ၍လည်းကောင်း မိန့်ဆိုထားခဲ့ပါသည်။
ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က “ သင့်မှာ စာအုပ်တစ်အုပ်တည်းသာရှိနေလျှင် ထိုစာအုပ်ကိုသာ အထပ်ထပ်အခါခါ အပြန်ပြန်အလှန်လှန်ဖတ်ပါ။ ထို့နောက် စဉ်းစားဆင်ခြင်တွေးခေါ်ပါ” ဟုဆိုပါသည်။

လူ့ဘဝသည် ပညာတတ်ရုံ ၊ အောင်မြင်ကျော်ကြားရုံ၊ ငွေကြေးဓနပြည့်စုံရုံ၊ အခြွေအရံများပြားရုံမျှဖြင့် မပြီးပြည့်စုံနိုင်ပါ။ စိတ်ထားတတ်ဖို့၊ စိတ်ချမ်းသာဖို့လည်း လိုအပ်ပါသည်။ စိတ်ငြိမ်းချမ်းပျော်ရွှင်စေဖို့ စိတ်ထားတတ်ဖို့ စာပေများကလမ်းညွှန်ပေးနိုင်ပါလိမ့်မည်။ ဒါကြောင့် စာဖတ်ဖို့လိုပါသည်။ စာများများဖတ်ပါ။ စာအုပ်များက သင့်အတွေးအမြင် သင့်စိတ်ကူးအိပ်မက်များကို ချဲ့ထွင်ပေးပါလိမ့်မည်။ စာဖတ်ခြင်းဖြင့် မိမိသိလိုသော အကြောင်းအရာများ၊ ပညာရပ်အမျိုးမျိုးနှင့် အချက်အလက်များရရှိသိရှိစေပါသည်။ စာအုပ်စာပေများသည် သုတပေါင်းစုံ ၊ ရသအဖုံဖုံကို ပေးစွမ်းနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် ဘဝအမောများ ခေတ္တခဏပြေပျောက်ပြီးလျှင် ခွန်အားသစ်များ၊ စိတ်ကူးသစ်များ ၊ အကြံဥာဏ်သစ်များ တိုးပွားလာပါလိမ့်မည်။ လူတို့၏အသိဥာဏ်ကို ရင့်ကျက်စေခြင်း၊ အတွေးအခေါ်ကောင်းများ စိတ်ဓာတ်ကောင်းများ အရည်အသွေးကောင်းများကို ရရှိစေနိုင်ပါသည်။ ဘဝကို စိန်ရွှေရတနာတို့ဖြင့် အလှဆင်ခြင်းထက် စာဖတ်ခြင်းရရှိသော အသိဥာဏ်ပညာရတနာဖြင့် အလှဆင်က ပိုပြီးကောင်းမွန်လှပပါလိမ့်မည်။

စာဖတ်ရာတွင် အပျော်ဖတ် (Pleasure Reading) မှ တစ်ဆင့်တက်၍ အမြတ်ဖတ် (Profit Reading) သို့ရောက်အောင်လည်း အားထုတ်ကြရပါမည်။ အပျော်ဖတ် (အပျင်းပြေဖတ်) ကို ဖတ်နေလျှင် ပျော်နေရုံ (အပျင်းပြေနေရုံ) သာရှိ၍ အမြတ်ဖတ် (အနှစ်ဖတ်) ကိုဖတ်မှသာ လူ့ဘဝအတွက် အမြတ်စစ်စစ်ကို ရရှိနိုင်ပေလိမ့်မည်။ ပညာလိုလျှင် စာဖတ်ကြရမည်။ စာဖတ်ပျင်းလျှင်တော့ ပညာရဖို့ လွယ်ကူမည်မဟုတ်ပေ။

ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေသော မည်သည့်ပညာရပ်မဆို စာပေနှင့် ရေးသားမှတ်တမ်းတင်ထားပြီးဖြစ်ရာ အကြောင်းအရာအစုံအလင်ကို စာအုပ်စာပေများမှတစ်ဆင့် အလွယ်တကူသိရှိနိုင်သော အကျိုးကျေးဇူးကို စာဖတ်ခြင်းမှသာ ခံစားနိုင်ပါလိမ့်မည်။

စာဖတ်ခြင်းဖြင့် ကျွန်ုပ်တို့၏ ဘဝကို ကိုယ်နေသည့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်နိုင်သည်။ အသိဥာဏ်ဗဟုသုတများ တစ်နေ့တခြား တိုးပွားလာမည်။ မှန်ကန်သော ခေါင်းဆောင်မှုကို ကောင်းစွာပေးစွမ်းနိုင်လိမ့်မည်။ စာဖတ်ခြင်းဖြင့် အသိဥာဏ်တိုးပွားပြီး ဘဝကြီးပွားတိုးတက်အောင်စွမ်းဆောင်နိုင်ပါလိမ့်မည်။

အောင်မြင်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိများကို ဖတ်ရှုခြင်းဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် ထိုအိပ်မက်များကို အကောင်အထည်ပေါ်အောင် ကျားကုတ်ကျားခဲ အားထုတ်ခဲ့ရပုံများကို အားတက်ဖွယ် တွေ့ရှိရပေလိမ့်မည်။ စာဖတ်သူအတွက် ပိုမိုသင့်တော် မှန်ကန်သည့် အိပ်မက်သစ်များ မက်ရန်နှင့် ပိုမိုခိုင်မာသော ဘဝလမ်းကြောင်းများ ချမှတ်နိုင်ရန် အတွက် အသိအမြင် အတွေးအမြင်သစ်များ ရရှိစေပါလိမ့်မည်။

အောင်မြင်သော ဘဝတည်ဆောက်နိုင်ရန်အတွက် အသိပညာရှိမှုသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ သို့သော် သိနေရုံသက်သက်ဖြင့် မပြီးပါ။ ထိုအသိတရားကို လက်တွေ့ဘဝ၌ ထိရောက်စွာအသုံးချပြီး အကောင်အထည်ဖော်နိုင်ဖို့လိုပါသည်။ သို့မှသာ စာဖတ်ခြင်းဖြင့် အောင်မြင်သော ဘဝကိုတည်ဆောက်နိုင်ပါလိမ့်မည်။

စာဖတ်ခြင်းသည် စိတ်အစာ ၊ စိတ်အာဟာရဖြစ်စေပြီး စိတ်ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်သကဲ့သို့ ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း တစ်နည်းတစ်ဖုံ အထောက်အကူပြုပါသည်။ စာဖတ်ခြင်းဖြင့် စိတ်တည်ငြိမ်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်ပျော်ရွှင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ တစ်နည်းအားဖြင့် စာဖတ်ခြင်းသည် တရားအားထုတ်ခြင်းကဲ့သို့ သမာဓိကို ဖြစ်ပေါ်စေနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် သမာဓိ (စိတ်တည်ကြည်မှု) ကိုရရှိပြီး လောဘ ၊ ဒေါသ ၊ မောဟ နှင့် မနာလို ဝန်တိုခြင်းများကို ခေတ္တမျှ ပယ်ဖျောက်နိုင်ပါလိမ့်မည်။ “မိမိ တို့၏ သန္တာန်၌ မနာလိုခြင်းကို ပယ်သတ်နိုင်လျှင် သတ္တဝါတိုင်း ဘေးရန်မရှိမည်မှာ သေချာ၏။ ဒဏ်မရှိမည်မှာသေချာ၏။ စိတ်ချမ်းသာ ကိုယ်ကျန်းမာမည်မှာ သေချာ၏။” လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်ကို နာယူမှတ်သားဖူးပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြီး ကျန်းမာကြံ့ခိုင်ဖို့ နေ့တိုင်းပြုစုစောင့်ရှောက်သကဲ့သို့ စိတ်ကျန်းမာစေရန်လည်း စာကောင်းပေမွန်များကို နေ့တိုင်းဖတ်ရှုခြင်းဖြင့် စောင့်ရှောက်သင့်ပါတယ်။ လူကြီးလူငယ်အရွယ်မရွေး မည်သည့်အသက်အရွယ် အပိုင်းအခြားတွင်မှ စာဖတ်ခြင်းနှင့် မကင်းကွာသင့်ပါ။ အဘယ်ကြောင့်ဆိုသော် စာဖတ်ခြင်းသည် ကျန်းမာရေးအတွက် ဆေးကောင်းတစ်လက်ဖြစ်စေသောကြောင့်ဖြစ်ပါသည်။

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နိဂုံးချုပ်ရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိ ပြည်သူများ၏ စာပေဖတ်ရှုလေ့လာမှု နှင့် သက်ဆိုင်နေသည်ဟု ပညာရှင်များက မိန့်ဆိုထားကြပါသည်။ စာဖတ်ခြင်းသည် ကိုယ်ကျန်းမာ စိတ်ချမ်းသာစေရုံမျှမက အသိဥာဏ်ပညာ ဗဟုသုတရရှိစေပြီး ပြည်သူတို့၏ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်စေပါသည်။ ကျန်းမာ၍ အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်သော ပြည်သူများနေထိုင်သည့် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်။ ဒါကြောင့် စာအုပ်စာပေကို ချစ်မြတ်နိုးကြပါ။ လက်လှမ်းမီသလောက် စာများများဖတ်ကြပါ။ စာဖတ်ခြင်းဖြင့် အသိဥာဏ်ပညာကြွယ်ဝသော တိုင်းပြည်ကအားထားရသည့် အဖိုးတန်လူများဖြစ်ကြပါစေလို့ ဆုတောင်းရင်း …………….. နိဂုံးချုပ်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
ကျေးဇူးအများကြီးတင်ပါတယ်ရှင် …။

နန်းခင်ဇေယျာ
၂၇.၁.၂၀၁၄

(၂၇.၁.၂၀၁၄) နေ့လည် ၁ နာရီတွင် စာအုပ်ဈေးပွဲတော်မှာ “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သူနန်းခင် ဇေယျာ၏ မှတ်သားထားသည့်စာပေဗဟုသုတများကို ပြန်လည်ဝေမျှဟောပြောခဲ့မှုအား Nang Khin Zay Yar ဖေ့ဘုတ်မှပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။ “နန်းခင်က စာပေပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ စာပေကိုချစ်မြတ်နိုးလို့ နန်းခင် ဖတ်မှတ်ခဲ့ရသော စာအုပ်များမှ စာရေးဆရာကြီးများ၏ ရေးသားချက်များကို မှတ်သားပြီး နန်းခင် ရဲ့ စိတ်ဓာတ်ခွန်အားကို မြင့်မားစေခဲ့တဲ့ အတွက် နန်းခင် ရဲ့ မောင်ညီမလေးများကိုလည်း စာဖတ်ခြင်းဖြင့် အသိဥာဏ်ပညာကြွယ်ဝပြီး ထူးချွန်ထက်မြက်စေလိုတဲ့ စေတနာနဲ့ ဒီအစီအစဉ်လေးမှာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ နန်းခင် သိပ်သိ သိပ်တတ်နေလို့ မဟုတ်ရပါဘူးရှင်။ နန်းခင် လည်း ခုမှ ကြိုးစားနေရဆဲ၊ လေ့လာဖတ်မှတ်နေရဆဲ၊ သင်ယူမှတ်သားနေရဆဲပါ။ နန်းခင် ရဲ့ မှတ်သားထားတဲ့ ဗဟုသုတလေးတွေကို ဝေမျှခြင်းသာ ဖြစ်ပါတယ်။ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်လျှက် …….. အစဉ်ကြိုးစားသွားမယ့် နန်းခင်ဇေယျာ။ ”

credit-Nang Khin Zay Yar
Popular Journal