အလုပ်ရှင် အာမခံချက်ပေးမှသာ ပြည်ပသို့ လုပ်သားပို့ခွင့်ပြု

ပို့စ်တင်ချိန် - 1/27/2014 02:19:00 PM



ရန်ကုန်၊ ဇန်နဝါရီ ၂၆

အလုပ်ရှင်က တာဝန်ယူကြောင်း အာမခံချက်ပေးမှသာ မြန်မာ လုပ်သားများကို ပြည်ပနိုင်ငံများသို့ ပို့ခွင့်ပြုနေပြီ ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

လုပ်သားများ အခွင့်အရေးကို အကာအကွယ်ပေးရန် ယင်းစနစ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းတွင် စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်ပြီး အလုပ်ရှင်၊ လုပ်သား၊ ဝန်ဆောင်မှု ပေးသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ သုံးခုလုံး၏ အာမခံချက် ပေးရသည့် စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ခွင့် ပြုနေကြောင်း ၎င်းကဆိုသည်။
“ဟိုတုန်းက အလုပ်ရှင် တာဝန်ယူတဲ့စနစ်ကို မကျင့်သုံးခဲ့တဲ့အတွက် ပြဿနာ ဖြစ်လာရင် အလုပ်ရှင်က တာဝန်ရှိသလို မရှိသလို လုပ်တယ်” ဟု ဦးမျိုးအောင်က ထပ်မံပြောဆိုသည်။

ပြည်ပနိုင်ငံတွင် သွားရောက် လုပ်ကိုင်မည့် လုပ်သားအပြင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ နှစ်ဦးနှစ်ဖက်လုံးအတွက် နစ်နာမှု မရှိစေရန် သုံးဦးသုံးဖလှယ် ချုပ်ဆိုသည့် စာချုပ်စနစ်ကို ပြောင်းလဲရန် လုပ်ဆောင်နေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှာ အလုပ်မှုဆောင် ဦးကိုလေးက ပြောကြားသည်။

ယင်းစာချုပ် စနစ်သစ်တွင် အလုပ်ရှင်နှင့် မြန်မာ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ကြိမ်၊ အလုပ်ရှင်နှင့် လုပ်သားနှင့် တစ်ကြိမ်၊ လုပ်သားနှင့် မြန်မာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ကြိမ် သုံးမျိုးချုပ်ဆိုသည့် စနစ်ကို ကျင့်သုံးရန် မူကြမ်း ရေးဆွဲနေပြီး မကြာမီ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနကို တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘယ်သူကမှ ဘယ်သူ့ကို နိုင့်ထက်စီးနင်း လုပ်လို့မရဘူး။ အေဂျင်စီကလည်း အလုပ်သမားကို နိုင့်ထက်စီးနင်း လုပ်လို့ မရသလို့ အလုပ်ရှင်ကလည်း လုပ်လို့မရဘူး။ အာမခံမှု သေချာသွားမယ်” ဟု ဦးကိုလေးက ထပ်မံပြောဆိုသည်။

မြန်မာလုပ်သားများကို ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၏ တာဝန်ယူမှုဖြင့် ပြည်ပနိုင်ငံများကို တရားဝင် ပို့ခွင့်ပြုထားသည်။

The Voice Weekly