ပါရမီကားနှစ်စီး အပြိုင်မောင်းရာမှ ဓာတ်တိုင်ဝင်တိုက် ကျိုးသွားသည့်ဓာတ်တိုင် နောက်မှပါရမီကားပေါ်လဲကျ

ပို့စ်တင်ချိန် - 1/27/2014 03:38:00 PM



မြင့်ဝေ(မြင်းခြံ)၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၆

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ရန်ကုန်-အင်းစိန် လမ်းမကြီး ဘုရားလမ်းမှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ၀န်းကျင်က ပါရမီ ခရီးသည်တင်ကားနှစ်စီး အပြိုင် မောင်းရာမှ ရှေ့ကားက ဓာတ်တိုင် ၀င်တိုက်မိပြီး မောင်းပြေးသွားရာ နောက်ကား ပေါ်သို့ ဓာတ်တိုင်လဲကျသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်-အင်းစိန် လမ်းမကြီး အတိုင်းမြောက်မှတောင်သို့ ပါရမီ (၁၇၄) ယာဉ်နှစ်စီးသည် အပြိုင်မောင်းနှင်ရာမှ (၁၇၄) ယာဉ်အမှတ် ၂ဂ/၄၅၈၃ သည် ဘုရားလမ်းမှတ်တိုင်အနီးတွင် လမ်းလယ်ကျွန်း ဓာတ်တိုင်အား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိပြီး ဓာတ်တိုင်လဲကျသော်လည်း
ဆက်လက်မောင်းနှင်သွားရာနောက်မှ ကပ်ပါလာသော (၁၇၄)ယာဉ်အမှတ် ၇ခ/၇၉၄၀ ပေါ်သို့ ဓာတ်တိုင်လဲပြိုကျခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများရောက်ရှိစစ်ဆေးကာ ဓာတ်တိုင်ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသော ယာဉ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ