ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကြီးဟောပြောပွဲ မီးပုံးပျံကွင်းတွင် ခွင့်မပြု၍ ၁၀ ဘီးယာဉ်ပေါ်တွင် ပြုလုပ်

ပို့စ်တင်ချိန် - 1/27/2014 01:49:00 PM




ရန်ကုန်၊ ဇန်နဝါရီ ၂၆

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကြီးမြို့တွင် ဇန်နဝါရီလ ၂၆ရက်နေ့က ပြုလုပ်သည့် လူထု ဟောပြောပွဲကို မီးပုံးပျံကွင်းတွင် ကျင်းပရန် စီစဉ် ထားသော်လည်း ခွင့်ပြုမိန့် မရရှိသဖြင့် ၁၀ ဘီးယာဉ်ပေါ်တွင် ပြုလုပ်ခဲ့ရကြောင်း တောင်ကြီးခရိုင် NLD ပါတီရုံးမှ စုံစမ်းသိရှိရသည်။

ဟောပြောပွဲကို မီးပုံးပျံပွဲများ နှစ်စဉ် ပြုလုပ်ရာ တောင်ကြီးမြို့၊ အဝေရာကွင်းတွင် မူလက လျာထားခဲ့သော်လည်း ရှမ်းပြည်နယ် အစိုးရက ခွင့်မပြုခဲ့သောကြောင့် ယင်းနှင့် ကပ်လျက်ရှိ တစ်ဧကကျယ်သည့် ပုဂ္ဂလိကပိုင် မြေကွက်လပ်တစ်ခု၌ ပိုင်ရှင်က ကွင်းအသုံးပြုရန် အခမဲ့ ကူညီခဲ့ကြောင်း၊ ယင်းအပြင် ၁၀ ဘီးကားပိုင်ရှင် တစ်ဦးကလည်း ၎င်း၏ယာဉ်ကို ဟောပြောပွဲ စင်မြင့်အဖြစ် အခမဲ့ အသုံးပြုရန် ကူညီပေးသဖြင့် ၁၀ ဘီးယာဉ်ကို ဟောပြောပွဲ စင်မြင့်အဖြစ် အသုံးပြုကာ ကျင်းပခဲ့ကြောင်း အဆိုပါခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုးက The Voice သို့ ပြောကြားသည်။

အဝေရာကွင်းတွင် ကျင်းပခွင့်ရရန် ရှမ်းပြည်နယ် အစိုးရထံသို့ သုံးကြိမ်တိုင် တင်ပြခဲ့သော်လည်း ယင်းကွင်းမှာ တပ်မတော် ပိုင်မြေဟုဆိုကာ ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ခွင့်မပြုဘူး ဆိုတာကို ပြည်နယ် ယာယီအုပ်ချုပ်ရေးမှူးက ၂၅ ရက်နေ့ ညနေ သုံးနာရီလောက်မှ အကြောင်းပြန်တယ်။ ဒါနဲ့ ကွင်းပိုင်ရှင်ကိုမေးတော့ အမေစု အတွက်ဆိုရင် ကူညီမယ်ဆိုပြီး ခွင့်ပြုပေးတာ၊ ဒါနဲ့ ညတွင်းချင်းပဲ အမြန်စီစဉ်လိုက်တာ” ဟု ဦးတင်မောင်တိုးက ပြောဆိုသည်။

ဟောပြောပွဲသို့ ပရိသတ် သုံးသောင်းဝန်းကျင် လာရောက်ခဲ့ရာ အများစုမှာ ကားလမ်းမပေါ်နှင့် မြေကွက်ဘေးရှိ တောင်ကုန်းများပေါ်တွင် နေရာယူခဲ့ရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လူထုဟောပြောပွဲများ ပြုလုပ်နေခြင်းဖြစ်ရာ အဆိုပါပွဲကို ခွင့်မပြုခြင်းသည် အခြေခံဥပဒေကို ပြင်ဆင်ရန် မလိုလားခြင်းကြောင့် ဖြစ်ကြောင်း အဆိုပါ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဟောပြောခဲ့သည်။

အဆိုပါ လူထုဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်ခဲ့ပြီး မည်သည့် အနှောင့်အယှက်မှ မရှိခဲ့ဘဲ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း ဦးတင်မောင်တိုးက ဆိုသည်။

The Voice Weekly