Apple မှ မျက်နှာပြင်ပိုမိုကျယ်ဝန်းသော iPhone မျိုးဆက်သစ်များကို ထုတ်လုပ်ဖွယ်ရှိ

ပို့စ်တင်ချိန် - 1/27/2014 08:30:00 AM



Apple မှ မျက်နှာပြင်ပိုမိုကျယ်ဝန်းသော iPhone ဗားရှင်းအသစ်စမတ်ဖုန်း နှစ်မျိုးအား ထုတ်လုပ်ရန်စီစဉ်နေကြောင်း Wall Street သတင်းစာမှ ဆိုသည်။

Wall Street ၏ report အရ ရက်သတ္တပေါင်းများစွာ နည်းပညာနှင့်ဆက်နွယ်သော blog များစွာကိုလေ့လာသုံးသပ်ခဲ့ပြီး Apple အနေဖြင့် ၂၀၁၄ ဒုတိယနှစ်ဝက်တွင် iPhone အသစ်နှစ်မျိုးထုတ်လုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြထားသည်။

တစ်လုံးက မျက်နှာပြင်အကျယ် ၄.၅ လက်မ(၁၁.၄ စင်တီမီတာ) ထက်ပိုမိုပြီး လက်ရှိထုတ် iPhone များကမူ ၄လက်မသာရှိသည်။ဒုတိယတစ်လုံးကတော့ မျက်နှာပြင်အကျယ် ၅လက်မထက်ပိုပြီး မော်ဒယ်နှစ်ခုစလုံးသည် သတ္တုဖြင့်ပြုလုပ်ထားမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

သို့သော်လည်း Apple အနေဖြင့် တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီများဖြစ်သည့် Samsung နှင့် LG တို့ကဲ့သို့ ကွေးနေသော မျက်နှာပြင်များကိုထုတ်လုပ်လိမ့်မည်မဟုတ်ဟုဆိုသည်။

ယခုထပ်မံထုတ်လုပ်ဖွယ်ရှိသည့် စမတ်ဖုန်းများသည် ဖုန်းနှင့်တက်ဘလက်ကြား အောင်မြင်နေသည့် "phablets" များ၏နယ်ပယ်တွင် ထပ်မံဝင်ရောက်လာမည့် စမတ်ဖုန်းများလည်းဖြစ်လာလိမ့်မည်။အောင်မြင်နေသော phablets များ အနက် သာဓကတစ်ခုမှာ Samsung Galaxy Note စီးရီးစ်များဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၇ လက်မရှိသည်။

Juniper Research ၏ ခန့်မှန်းချက်များအရ ၂၀၁၈ ခုနှစ်တွင် phablets များ၏ စုစုပေါင်းတင်ပို့ရောင်းချမှုမှာ သန်း ၁၂၀ ခန့်ရှိလာလိမ့်မည်ဟု ဆိုသည်။Juniper ၏ စစ်တမ်းကောက်ယူချက်များအရပြီးခဲ့သည့်နှစ်တွင့် phablets များရောင်းချရမှုမှာ သန်း ၂၀ ဝန်းကျင်ရှိခဲ့သည်ဟု သိရှိရသည်။

===================================
Ref: www.indiatimes.com

Nyein Chan( TSJ Tech Team)