ကျွန်တော်တို့က ဘာပြောရဲမှာလဲ- ၁၅

ပို့စ်တင်ချိန် - 1/27/2014 06:51:00 PM



တစ်ခါ က ပညာရှိ သုံးဦး တောထဲ ခရီး ထွက်ကြ၏။ သူတို့၏ ရည်ရွယ်ချက် မှာ သစ်ပင်ကောင်းကောင်း များတွေ့လျှင် ခုတ်ထွင်ရန် ဖြစ်သော် ငြား လက်ထဲပါ လာသော လေး၊ မြား များဖြင့် ကြုံသလိုပစ်ခတ်သွားကြ လေသည်။ တစ်ကြိမ်သော်..

”ရွှီး..ဒုတ်”

တစ်စုံတစ်ယောက်ပစ်လိုက် သောမြားက တစ်စုံတစ်ခုကို ထိမှန် သည်။ သွားကြည့်ကြတော့..

“ဟာ..”

မြားတန်းလန်းနှင့် ဆန့်ငင် ဆန့်ငင်ဖြစ်နေသော ဆိတ်တစ် ကောင်။ ဆိတ်ကိုမြင်တော့ အားလုံး အံ့အားသင့်ကုန်၏။

“ဟာ..ဆိတ်တစ်ကောင် တော့ မြားမှန်သွားပြီ”

ဆိတ်က ငြိမ်သက်သွားသည်။ သေသွားသည့်သဘော။

“ဟင်..ဆိတ်လေးသေသွား ပြီ”

ဆိတ်သေကိုကြည့်ပြီး ဘာလုပ် လို့လုပ်ရမှန်းမသိ။

“ဟာ..ဆိတ်က ရွာကဆိတ်ပဲ ကွ”

သူများဆိတ်ကို သတ်မိပြီဖြစ် ကြောင်း သိသွားသောအခါ လန့်ဖျပ် ကုန်ကြ၏။

“ဟာ..ရွာကဆိတ်ဆို တို့ ပြဿနာတက်တော့မှာပေါ့”

“ဟုတ်တယ်။ ရွာကဆိတ်ကို သတ်မိပြီဆိုတော့ ငါတို့ကို ရွာကလူ တွေက အပြစ်ပြောကြတော့မှာပေါ့”

”ဟာ..ဒါဆို တို့တွေဘယ်လို လုပ်ကြမှာလဲ”

ရုတ်တရက် ဘာလုပ်လို့ လုပ်ရ မှန်းမသိတော့။ အိမ်ကိုလည်း ပြန် မယူရဲကြ။ ပြန်ယူသွားတာ လူတွေ တွေ့လျှင်လည်း ပြဿနာ တက်မှာ စိုးရသည်ကိုး။ နောက်မှ စဉ်း စားမိပြီး

“အဓိကကတော့ ဒီဆိတ်သေ ကို လူတွေမမြင်ဖို့ပဲ အရေးကြီးတယ်”

“အေး၊ ဟုတ်တယ်။ ဒီဆိတ်သေ ကို လူတွေမမြင်ရင် ငါတို့ကို ဘယ်သူ ကမှ အပြစ်ပြောလို့ရတော့မှာ မဟုတ်ဘူး”

“ဟုတ်တယ်။ ဒါဆို ဒီဆိတ်သေ ကို ဘယ်လိုဖုံးကြမလဲ။ ပညာရှိဆန် ဆန်ပေါ့”

”မြေကြီးတော့မတူးနိုင်ဘူး။ ပင်ပန်းလို့။ ငါတို့ပညာရှိတွေ မြေ မတူးသင့်ဘူး”

အားလုံးခေါင်းချင်းဆိုင်ကုန်၏။ နောက်မှအဖြေရသွားသည်။

“လွယ်ပါတယ်။ ဆိတ်သေကို ဆိတ်သားရေနဲ့ ပြန်ဖုံးကြတာပေါ့”

”ဟုတ်တယ်။ အဲဒီအကြံမဆိုး ဘူး”

”ဒါဆိုလည်း ဆိတ်သားရေခွာ ကြတာပေါ့”

ပညာရှင်များ ဆိတ်သားရေကို ခွာယူကြသည်။ ဆိတ်သားရေ ကို ခွာယူရသော အခါ ဆိတ်သေပေါ် ပြန်ဖုံးအုပ် လိုက်သည်။ ခြေထောက် နေရာခြေထောက်၊ အမြီးနေရာ အမြီး၊ ကျောနေရာကျော အသေ အချာပြန်ကပ်သည်။ ပြီးမှ ကျေနပ် စွာဖြင့်..

“ပြီးပြီ။ ဆိတ်သေကို ဆိတ် သားရေနဲ့ဖုံးလိုက်တော့ ဆိတ်သေ မမြင်ရတော့ဘူးပေါ့”

“ဟုတ်ပါ့။ ငါတို့လို ပညာရှိတွေ မှ ပိရိတာ”

“ပညာရှိလေ..ဒါမျိုးတွေတတ် လို့ ပညာရှိဖြစ်တာပေါ့။ ကဲ..သွားစို့”

ပညာရှင်များ သူတို့လုပ်ရပ်ကို သဘောကျစွာ ဆိတ်သေကို ဆိတ် သားရေနှင့်ဖုံးပြီး ပြန်သွားကြလေ သည်။

သိပ်မကြာပါ။ ရွာသား များ ဆိတ်သေကို တွေ့ကြသည်။

“ဟာ..ဆိတ်သေကြီးပဲ။ ဘယ်သူသတ်သွားတာလဲ”

“ကြည့်စမ်း.. ဆိတ် သေကို သားရေ တောင် ခွာထား ပြီး ယူမသွားကြ ဘူး”

“ဟုတ်ပါ့။ ဘာသဘောလဲတော့ မသိဘူး။ ဆိတ်သေကို ဆိတ်သားရေနဲ့ ပြန်ဖုံးသွားရတယ် လို့”

အားလုံး၏ ဝေဖန်သံများ ကို ပညာရှိကြီးများက ပြန် ကြားသည်။ ခေါင်းချင်း ဆိုင်ရင်း..

“အေး..တို့ တွေ ဆိတ်သေကို ဆိတ်သား ရေနဲ့ အသေအချာဖုံး ခဲ့တာတောင် လူတွေက ဘာလို့မြင် လဲ မသိဘူး”

“ဟုတ်ပါ့။ ခြေထောက်ကအစ အမြီးအဆုံး အသေအချာဖုံးတာ တောင် ဘာလို့ပေါ်ရတာလဲ”

“ဆိတ်သေကို မြင်စရာ အကြောင်းကိုမရှိဘူး။ ဆိတ်သားရေနဲ့ အသေ အချာဖုံးခဲ့တဲ့ဟာကို”

အဖြေရှာမရ။

ပြီးမှ အသေအချာစဉ်းစားပြီး

“ငါသိပြီ။ “

“ပညာရှိ သတိဖြစ်ခဲပေါ့ကွာ။ နောက်ဆို ဆင်ခြင်ရမှာပေါ့” ဟုဆို ကြလေသည်။

ဤသို့ပင်..

မြန်မာပြည်မှ ပညာရှိ အပေါင်း တို့၊ ဆိတ်သေကို ဆိတ်သားရေနှင့် လုံအောင် ဖုံးနေလည်း ပေါ်တက်ခဲ့ သေးရာ ပညာရှင်များ ထပ်မံစဉ်းစား သော မပေါ်နည်း အသစ် မှာတစ်နည်း သာရှိတော့သည်။ ယင်းနည်း မှာ ပညာ ရှိများ ဆိတ်သေကို ဆိတ်သားရေနှင့် ဖုံးထားသည်ကို အို..မြန်မာပြည်သူ ပြည်သား အပေါင်းတို့ မမြင်ချင်ယောင် သာဆောင်ပေးကြရန်ပင်…။

အကြည်တော်