AIDS နှင့် မြန်မာ (၃)

ပို့စ်တင်ချိန် - 2/22/2014 11:03:00 PM


အဓိကတာဝန်ကတော့ ကျန်းမာရေး ပညာပေးလုပ်သူတွေ အပေါ်မှာ ရှိတယ်။ AIDS ရောဂါအတွက် ပြောရရင်တော့ ကျန်းမာရေး ပညာပေးမှုဟာလည်း တာဝန်သိသူ လူတိုင်းရဲ့ တာဝန်ပါ။ အချို့နေရာ အချိန်ကာလမှာ ဆိုရင် ဆရာဝန် စသည့် ကျန်းမာရေးဝန်ထမ်များ မသုံးပါ။ ရိုးရိုးလူတန်စားထဲက လူတွေကို သုံးတာ ကျန်းမာရေး အသိပေးမှုမှာ ပိုထိရောက်ပါတယ်။ ကာယခံရှင်များဖြစ်တဲ့ AIDS ရောဂါရှိသူ HIV ပိုး ရှိပြီးသူများနဲ့ မူးယစ်ဆေး စွဲသူများကို ချဉ်းကပ်ပြီး အသိပေးရာမှာ ဘဝတူ သာမနလူတို့ရဲ့ တင်ပြချက်များကို ပိုမိုလက်ခံတာကို စိတ်ဓာတ်စစ်ဆင်းရေးဆိုင်ရာ လေ့လာစူးစမ်းမှုတွေမှာ တွေ့ထားရတယ်။

ဒီပညာပေးမှုဟာလည်း လူ၊ ငွေ၊ အချိန် အလွန်တရာမှ လိုမည်ဖြစ်တော့ အဘက်ဘက်က ဝိုင်းပြီးလုပ်ကြရမှာသာ များများလုပ်လေ ကောင်းလေပဲ။ AIDS အကြောင်း သိကောင်းစရာတေါကိုလည်း နည်းမျိုးစုံသုံးပြီး များများနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမှာပဲ။ ကျန်းမာရေးဌာနမှ လုပ်ရမယ်ဆိုတဲ့ အယူဝါဒကို စွန့်ရလိမ့်မယ်။ ဒီတော့ အစိုးရပိုင်း ဆိုရာဌာနတွေကိုချည်း အားမကိုးဘဲ ပြင်ပ အဖွဲ့အစည်းများ၊ ပြင်ပ စေတနာ့ဝန်ထမ်း အသင်းအပင်းများရဲ့ ကူညီပံ့ပိုးမှုကို ရယူဖို့ သိပ်လိုပါတယ်။ ၁၉၉၃ မှာဆိုရင် မြန်မာမှာ AIDS ပြဿနာဟာ အလွန်တရာမှ ကြီးမားနေပါပြီ၊ ပေါ့သေးသေး မဟုတ်ပါ။ စုစည်း ဆွဲဆောင်လို့ရတဲ့ အင်အားစု အားလုံးကို သုံးရမယ့် အခြေအနေပါ။

မြန်မာမှာ AIDS ပြန့်ပွားမှုကတော့ အခုလောလောဆယ် “ပွင့်” ပြီး ဖွံ့ဖြိုးလာတဲ့ ကချင်ပြည်နယ်နဲ့ အခြားစီးပွားရေး မြို့များ (သပမာ မိုးကောင်း၊ မန္တလေး၊ မိုင်းရှူး) မှာ ပိုဆိးမှာ ဖြစ်တယ်။ ဒီနေရာတွေမှာ ပြည့်တန်ဆာဦးရေဟာ တိုးနေပါတယ်။ တိုးတာမှ ဒီရေလှိုင်းပမာလို့တောင် ဆိုရမှာ။ တည်းခိုခန်းတွေ ဝင်စီးလိုက်လို့ ပြည့်တန်ဆာ ဘယ်နှစ်ယောက်နဲ့ “ခေါင်း” ဘယ်နှစ်ယောက် ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေဟာ စိတ်ညစ်စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ခဏခဏ ပါနေပါတယ်။ ပြည်ပ အိမ်နီးချင်းနိုင်ငံ (ဥပမာ မလေးရှား) မှာဆိုလည်း ခိုးဝင်သူ မြန်မာ ပြည့်တန်ဆာ ဘယ်ရွေ့ဘယ်မျှတွေ့ပြီး၊ ဘယ်နှစ်ယောက် HIV ပိုး ရှိနေပြီဆိုတာ သူတို့ သတင်းစာတွေ ထဲမှာ ခေါင်းစဉ်စာလုံးမည်းကြီးတွေနဲ့ ပါနေပါပြီ။

အထက်တစ်နေရာမှာ ဖော်ပြတဲ့အတိုင်း မြန်မာဟာ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံကို အမီလိုက်နေတယ်လို့ ဆိုရမှာပါ။ မီလည်း မီလုမီခင် ဖြစ်နေပါပြီ။ ဒါပေမယ့် ကာကွယ်ရေး ပညာပေးကိစ္စရပ်မှာတော့ “ထိုင်း” နဲ့ မယှဉ်လောက်အောင် နှေးကွေး အားနည်းနေပါတယ်။ ဒီအတိုင်းသာဆိုရင် နောက် ၅ နှစ်နဲ့ ၁၀ နှစ်လောက်မှာ မြန်မာမှာ AIDS ရောဂါရှင်တွေ ထင်ရှားပေါ်လွင်စွာ များပြားပြီး ကုသမှု ဆိုင်ရာမှာပင် အကြပ်တွေ့ရပါလိမ့်မယ်။ လူညွန့်တုံး မျိုးဆက်ကို ညှိုးနွမ်းစေတဲ့ အန္တရာယ်ကြီးမို့ ယခု လုပ်နေကြတဲ့ ကြိုးပမ်းမှုထက် အဆများစွာ လုပ်ဖို့ လိုပါမယ်။ လူတိုင်းလူတိုင်းရဲ့ ကူညီမှုကိ မရအရ ယူရမယ့် အခြေအနေပါ။ လက်ပိုက်ပြီး ကြည့်နေမယ်၊ ခပ်ပေါ့ပေါ့ အရှိန်နှေးနှေးနဲ့ လုပ်နေရင်တော့ ကြေကွဲဝမ်းနည်း ယူကြုံးမရ ဖြစ်ရမှာပါ။ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး အခြေအနေ ဘယ်လောက် တိုးတက်လာပေမယ့် ဒီတိုးတက်မှုတွေကို AIDS က အဟောသိကံဖြစ်အောင် လုပ်သွားမှာပါ။

အခုဘယ်လို လုပ်နေကြလဲ၊ ပထမဦးဆုံး ဘယ်သူ ဘယ်အုပ်စုဟာ ဒီလို ပညာပေးသတင်းတွေ အလိုဆုံးလဲ၊ တစ်နည်းဆိုရင် AIDS ရနိုင်ဖို့ရာ အကောင်းဆုံးသော အုပ်စုဟာ ဘယ်သူတွေလဲ။ ဒီသူတွေကို ဦးစားပေးပြီး လိုအပ်တဲ့ ပညာကို ပေးရမယ်။ (ဥပမာ အကာအကွယ် ကွန်ဒွန် သုံးရန်) နောက်တစ်ဆင့်က ဘယ်နေရာမှာ ဘယ်နည်းကိုသုံးပြီး ပညာပေးမလဲ။ လူပုံလယ်မှာ ဆွေးနွေးလို့တော့ မရပေမယ့် AIDS ကာကွယ်မှုအတွက်တော့ အရေကြီးတဲ့ ကိစ္စတွေကို ပြောပြရအောင်အတွက် အုတ်အော်သောင်းတင်း မဖြစ်စေဘဲ ပြောပြနိုင်တဲ့ အချိန်အခါနဲ့ နေရာကို ရွေးရမယ်။

ဒါကြောင့် AIDS ရောဂါ ပညာပေးမှုကို ဦးစားပေးပြီး လုပ်ရမယ့် အုပ်စုကတော့ “ကာလသားရောဂါ ဌာန” က လူနာများနဲ့ မူးယစ်ဆေးထိုးသူများလို့ သတ်မှတ်လိုက်တယ်။ ဒါကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီး ၂ မြို့မှာ စလုပ်တယ်။ ကွန်ဒွန် သံးဖို့ရာ နှိုးဆော်အားပေးမှုကိုတော့ ကာလသားရောဂါဌာန လာသူတွေနဲ့ မူယစ်ဆေးထိုးသူများရဲ့ ပြန်လည်ထူထောင်ရေး စခန်းများမှာ လုပ်နေကြတယ်။

AIDS ကာကွယ်ရေး အတွက်တော့ မြန်မာမှာလည်း အခြားနိင်ငံများနည်းတူ AIDS အတွက် စီမံကိန်းတွေရေးဆွဲပြီး လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာရှိ AIDS စီမံချက်တွေ အားလုံးရဲ့ ဦးတည်ချက်တွေကတော့ AIDS ရောဂါအကြောင်း သိသင့်စရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ကိုယ်ကိုယ်တိုင် ဘယ်လိုကာကွယ်ဆောင်ရွက်နိုင်တယ် ဆိုတာတွေနဲ့ အခြားသူများကို AIDS ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေကို ထပ်ဆင့် ပညာပွားပေးဖို့ပဲ ဖြစ်တယ်။ အပြည်ပြည်ရှိ ဒီ AIDS စီမံချက်အားလုံးဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ “ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါစီမံချက်” (Golbal Programme on AIDS) နဲ့ ဆက်သွယ်ပြီး လုပ်ကြတယ်။

ဒီကမ္ဘာ့အဖွဲ့ကြီးကလည်း AIDS တိုက်ဖျက်ရေး စနစ်များ၊ နည်းပရိယာယ်များနဲ့ လမ်းညွှန်မှုများ ပေးပြီး တစ်ကမ္ဘာလုံးရှိ AIDS ကာကွယ်ရေး ကြိုပမ်းမှုများ ပြေလည် ချောမွေ့စေရန်အတွက် ညှိနှိုင်းမှုများ လုပ်ပေးတယ်။ ဒီလိုလုပ်ရတာကလည်း AIDS ဟာ ကမ္ဘာကြီး တစ်ခုလုံးရဲ့ ပြဿနာဖြစ်နေတာကြောင့်ပဲ။ AIDS ပပျောက်ဖို့ အတွက်က တိုင်းပြည်တစ်ပြည်ထဲမှာ ပျောက်သွားလို့ ပြီးတာမှ မဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးမှာ ပျောက်မှသာ ဖြစ်မှာ။

မြန်မာမှာ ၁၉၈၉ ဖေဖော်ဝါရီလထဲမှာ AIDS အတွက် စီမံချက် စတင်ချမှတ်ပြီး နောက်တစ်ဆင့် ၁၉၉၀ ခုနှစ်မှာ “တာလတ်” စီမံချက် ဆွဲခဲ့တယ်။ ဇောက်ချပြီးလုပ်တဲ့ လုပ်ဆာင်ချက်တွေကတော့ ရောဂါအကြောင်း ပညာပေးရေးပဲ။ ဒါကိုလည်း အထူးအန္တရာယ်ရှိတဲ့ အုပ်စုဖြစ်တဲ့ မူးယစ်ဆေးထိုးသူများနဲ့ ကာလသားရောဂါသည်များကို အထူးအသားပေးပြီး လုပ်ကြမယ်။ ရောဂါထိန်းထားရေးအတွက် လိုအပ်တဲ့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုများကိုလည်း စန်စ်တကျလုပ်ဖို့ စီစဉ်ထားတယ်။ ဆေးထိုးအပ်နဲ့ အခြားခွဲစိတ်ကိရိယာများ ပိုးစင်မှုကို အလေးပေးပြီး ဆောင်ရွက်ပြီး မလိုဘဲနဲ့ ဆေးထိုးမှု မလုပ်ရန် လှုံ့ဆော်ခြင်းများကိုလည်း လုပ်ကြမယ်။ ဒီလုပ်ငန်းတွေကို ထိရောက်စွာ လုပ်နိုင်ဖို့အတွက် ကျန်းမာရေးလုပ်သားနဲ့ အခြားသူတွေကို လေ့ကျင့်ပေးမှုကို ပြည်တွင်းပြည်ပမှာ လုပ်ဖို့ရာ အစီအစဉ်များ ရှိပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIM