ယာဉ်လုပ်သားများအား တိုင်ကြားမှုနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများကို တိုင်ကြားသူများထံ ပြန်လည် အကြောင်းကြားပေးလျက်ရှိဟုဆို

ပို့စ်တင်ချိန် - 2/22/2014 02:56:00 PM


ယာဉ်လုပ်သားများအား တိုင်ကြားမှုနှင့် ပတ်သက်၍ စစ်ဆေးအရေးယူမှုများကို တိုင်ကြားသူများထံ ပြန်လည် အကြောင်းကြား ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၌ မထသ (ဗဟို) သို့ ခရီးသွားပြည်သူများ၏ တိုင်ကြားမှုပေါင်း ၃၃၀ ပေးပို့တိုင်ကြားခြင်းအား လက်ခံရရှိခဲ့ကြောင်း၊ ဖြစ်စဉ်များအပေါ် လေ့လာစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူ ယာဉ်လုပ်သားများအား မိမိတို့ခွင့်ပြုထားသည့် ချမှတ်နိုင်ခွင့်ရှိသော ပြစ်ဒဏ်များနှင့်အညီ အရေးယူလျက်ရှိကြောင်း၊ စစ်ဆေးအရေးယူမှုအခြေအနေကိုလည်း တိုင်ကြားသူများထံ ပြန်လည် အကြောင်းကြားပေးလျက်ရှိကြောင်း၊ တိုင်ကြားမှု ဖုန်းလက်ခံစဉ် မှန်ကန်သော ဖုန်းနံပါတ်ရရှိအောင် မေးမြန်းရေးအတွက် တာဝန်ရှိသူများအား အသိပေး ပြောကြားထားပြီးဖြစ်ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်များရှိ စပယ်ယာများသည် ခရီးသည်များအား ဆက်ဆံရာ၌ မ.ထ.သ က ထုတ်ပြန်ထားသည့်အဓိဌာန် (၅) ချက်ကို ဆန့်ကျင်ပြီး မောက်မာရိုင်းပျစွာ ဆက်ဆံနေသည့်အတွက် မ.ထ.သ သို့ တိုင်ကြားသော်လည်း အဘယ်ကြောင့် ထိရောက်စွာ အရေးမယူပါသနည်း။ ထို့အပြင် အလားတူပင် ယာဉ်မောင်းများသည်လည်း အပြိုင်မောင်းခြင်း၊ မှတ်တိုင်၌မရပ်ဘဲ မီးပွိုင့်၌သာ ရပ်ပြီး အတင်အချ ပြုလုပ်ခြင်းရှိသည်ကိုလည်း မ.ထ.သ အနေဖြင့်
တိုင်ကြားသည့်အပေါ် အဘယ့်ကြောင့် ထိရောက်စွာ အရေးမယူသနည်းဟူသော မေးမြန်းချက်ကို ဖြေကြားရာတွင် အထက်ပါ အချက်များကို ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။ မ.ထ.သ ယာဉ်လုပ်သားများ စည်းကမ်းဖောက်ဖျက်မှုအပေါ် အသိပေးကာ ပူးပေါင်းကူညီပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်း မ.ထ.သ မှ ဖြေကြားသည်။

မ.ထ.သ အနေဖြင့် မော်တော်ယာဉ်လုပ်သားများ စည်းကမ်းလိုက်နာမှုရှိစေရေးအတွက် ဆောင်ရွက်ရာတွင် စစ်ဆေးအရေးယူကြပ်မတ်ခြင်း၊ တိုင်ကြားမှုအပေါ် လက်ခံဖြေရှင်းခြင်း၊ ပညာပေးသင်တန်းများ ဖွင့်လှစ် ပို့ချခြင်း၊ ရုပ်သံနှင့်စာနယ်ဇင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး၍ မ.ထ.သ ယာဉ်လိုင်းများနှင့် ပတ်သက်၍ အချက်အလက်များအား ဆွေးနွေးအသိပေးခြင်းများ စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

Internet Journal