အင်းစိန် မီးရထားစက်ခေါင်းစက်ရုံပိုင် မြေပေါ်မှ ကျူးကျော်များ ထပ်မံဖယ်ရှား

ပို့စ်တင်ချိန် - 2/22/2014 08:07:00 PM



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အင်းစိန်မြို့နယ် ဈေးကုန်း အရှေ့ရပ်ကွက် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံနှင့် အင်းစိန်မီးရထား စက်ခေါင်း စက်ရုံဝင်းကြားရှိ ကျူးကျော် နေအိမ်များကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီခန့်က မီးရထား စက်ခေါင်းစက်ရုံ ဝန်ထမ်း ၁၀၀ ကျော်ဖြင့် ငါးကြိမ်မြောက် ထပ်မံဖယ်ရှားခဲ့ကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ဖျက်သိမ်းခြင်းဖြစ်ပြီး ကလေးများ စာမေးပွဲ ဖြေဆိုပြီးချိန်အထိ စောင့်ရန် ခွင့်တောင်းသော်လည်း မရကြောင်း ဒေါ်သီသီက ပြောဆိုသည်။
“နေစရာမရှိလို့ နေတာပါ။ အစိုးရ မြေဆိုတာ သိပြီးသား။ တစ်ချိန်ဖယ် ပေးရမယ်ဆိုတာ သိပါတယ်” ဟု ကြုံရာကျပန်း လုပ်ကိုင်သူ ၎င်းကဆိုသည်။

ဟင်္သာတတွင် စီးပွားရေး မကောင်းသဖြင့် ရန်ကုန်သို့ ပြောင်းလာပြီး ယင်းနေရာတွင် နေထိုင်ခြင်း ဖြစ်ကြောင်း အသက် ၅၃ နှစ်အရွယ် ဦးမြဟန်က ပြောကြားသည်။

အင်းစိန်မီးရထား စက်ခေါင်းစက်ရုံပိုင် မြေပေါ်မှ ကျူးကျော်အိမ်အားလုံး ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဈေးကုန်း အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောဆိုသည်။

The Voice Weekly