အိန္ဒိယကုန်သည်နှစ်ဦး မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေမှုကြောင့် နယ်စပ်တံခါးပိတ်

ပို့စ်တင်ချိန် - 2/22/2014 01:39:00 AM


ဖေဖော်ဝါရီ ၁၁ ရက်က အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းဂိတ်မှ တစ်ဆင့်ဝင်ရောက်လာခဲ့သော အိန္ဒိယနိုင်ငံသားကုန်သည်နှစ်ဦး မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေသောကြောင့် မိုးရေးဒေသခံများက အိန္ဒိယဘက်မှ ဂိတ်တံခါးကို ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ပိတ်လိုက်သည်ဟု တမူးမြို့ခံများက ပြောသည်။

တမူးမြို့ခံတစ်ဦးဖြစ်သည့် တမူးလူငယ်ကွန်ရက်တာဝန်ခံ ကိုယဉ်ကိုဦးက “ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး နယ်စပ်ဂိတ်တံခါးကို အိန္ဒိယဘက်က ပိတ်လိုက်တာပါ” ဟု မဇ္ဈိမကိုပြောသည်။ ယင်းသို့ ပိတ်လိုက်ခြင်း ကြောင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နိုင်သည်ဟု တမူးမြို့နယ်စပ် ကုန်သည်ကြီးများအသင်း၊ အတွင်း ရေးမှူး ဦးခင်မောင်တင်က မဇ္ဈိမကို ပြောသည်။

“တံခါးကို ဘယ်သူ့ဘက်ကပဲပိတ်ပိတ် နှစ်ဖက်စလုံးဘက်မှာ ကုန်စည်စီးဆင်းမှုနဲ့ အရောင်းအ၀ယ်တွေ ထိခိုက်တာပါပဲ”ဟု ဦးခင်မောင်တင်က ပြောသည်။ အဆိုပါဂိတ်သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နယ်အတွင်းရှိ နန့်ဖာလုံဈေးနှင့် အိန္ဒိယအစိုးရ၏လက်အောက်ခံ မဏိပူရ်ပြည်နယ်၊ မိုးရေးဈေးတို့တွင် လာရောက် ရောင်းဝယ်ကြသူများ အားထားရသည့် ဂိတ်ဖြစ်သည်။

နန့်ဖာလုံဈေးမှဆိုင်ခန်းပိုင်ရှင် ဦးအောင်ဇော်လင်းက “ကြားလမ်း (တရားမ၀င်လမ်း)တွေကနေ သွားလို့ ရပေမယ့် ဂိတ်တံခါးမကြီးကိုပိတ်လိုက်တာနဲ့ ကုန်သည်ကြီးတွေ အခက်တွေ့မှာပါပဲ” ဟု မဇ္ဈိမကို ပြော သည်။ ယင်းနယ်စပ်တွင် အိန္ဒိယနိုင်ငံသားများအနေဖြင့် မြန်မာဘက်ဂိတ်မှ လူဝင်မှုကြီးကြပ်ရေးသို့ ရူပီး ၁၀(ကျပ်ငွေ ၁၅၀) ပေး၍ နိုင်ငံကူးလက်မှတ်အပ်ကာ နိုင်ငံခြားသားအဖြစ် တရားဝင် ၀င်ရောက်ခွင့် ရရှိနေသော်လည်း မြန်မာနိုင်ငံသားများမှာမူ အိန္ဒိယဘက်သို့ တရားဝင် ၀င်ခွင့်မရသည့်အပြင် အိန္ဒိယ နယ်မြေအတွင်း လူပျောက်မှုနှင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့လျှင်လည်း အိန္ဒိယဘက်မှ တာဝန်ယူဖြေရှင်း ပေးခြင်းမရှိဟု တမူးဒေသခံများက ပြောသည်။

အိန္ဒိယဘက်သည် မြန်မာဘက်မှ ၀င်ရောက်လာသူများထံမှ ၀င်ကြေးကောက်ခံခြင်းမရှိဟုလည်း တမူး ဒေသခံများက ပြောသည်။ ထိုသို့သော ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံသားများကို အိန္ဒိယနယ်မြေထဲသို့ တရားဝင်သွားရောက်ခွင့်ရရှိအောင် ပြုလုပ်ပေးရန် နယ်စပ်ကုန်သည်ကြီးများအသင်းနှင့် အစိုးရအဖွဲ့တို့၏ အစည်းအဝေးများတွင် ကုန်သည်များက မကြာခဏ တင်ပြလျက်ရှိသော်လည်း၊ ယင်းကိစ္စမှာ နှစ်နိုင်ငံ သဘောတူစာချုပ်MOU ထိုးပြီးမှသာလျှင် ဖြစ်နိုင်သည်ဟု အစိုးရဘက်က တုံ့ပြန်ပြောဆိုသည်ဟု ဦးခင် မောင်တင်က ပြောသည်။

Mizzima